backup og meta

အတွေ့ရများတဲ့ ကလေးဝမ်းချုပ်မှုပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

အတွေ့ရများတဲ့ ကလေးဝမ်းချုပ်မှုပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

ဝမ်းချုပ်တဲ့ ပြဿနာက ကလေးတွေမှာ အတွေ့ရများတဲ့ ပြဿနာ တစ်ခုပါ။ ကံကောင်းတာက ခဏပဲ ဖြစ်ပြီး ကြီးလာရင် အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ ဝမ်းမချုပ်အောင် အစားအသောက်တွေ သတိထားပြီး ကျွေးတာ၊ ရေများများ သောက်ခိုင်းတာ၊ ဆရာဝန်နဲ့ ညွှန်ကြားချက်နဲ့ ဝမ်းပျော့ဆေး ပေးတာတွေ လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေ ဝမ်းချုပ်ရင် နာကျင်ပြီး ငိုကြွေးကြတဲ့အခါ မိဘတွေလည်း စိတ်ညစ်တာပဲ မို့လို့ ကလေးတွေ ဘာကြောင့် ဝမ်းချုပ်ကြတာလဲ။ ဝမ်းမချုပ်အောင် ဘာတွေ လုပ်ပေးလို့ရလဲ စတဲ့ နည်းလမ်းတွေကို ပြောပြပေးမှာပါ။

ကလေးတွေ ဘာကြောင့် ဝမ်းချုပ်တာလဲ။

• ဝမ်းအောင့်ထားတာ

ကလေးတွေရဲ့ သဘာဝက တစ်ခုခုကို စိတ်ဝင်စားနေရင် ကျန်တာတွေ မေ့သွားတတ်ပါတယ်။ ဥပမာ သူတို့ဆော့နေရင် အဆော့ပျက်မှာစိုးလို့ ဝမ်းကို အောင့်ထားတတ်ပါတယ်။ တချို့ကလေးတွေကျတော့ အိမ်သာကို ကြောက်လို့ မသွားတာပါ။ တချို့ကျတော့လည်း အိမ်ကလွဲပြီး တခြားနေရာမှာ မသွားတတ်လို့ အောင့်ထားတာမျိုး ရှိပါတယ်။ နောက်ပြီး စမြင်းခံနေလို့ ဝမ်းသွားရတာ နာရင်လည်း ကလေးက ကြောက်ပြီး ဝမ်းမသွားတော့ပါဘူး။

• အိမ်သာတက်တတ်အောင် သင်ပေးတာ

ကလေးကို ကောင်းကောင်း အရွယ်မရောက်သေးဘဲနဲ့ အိမ်သာတက်တတ်အောင် အတင်းအကြပ် သင်ပေးမယ်ဆိုရင်လည်း ကလေးအနေနဲ့ စိတ်ဖိစီးမှုများပြီး ဝမ်းချုပ်တတ်ပါတယ်။

• အစားအသောက်ပြောင်းတာ

ကလေးကို ကျွေးတဲ့ထဲမှာ အမျှင်ဓာတ်များတဲ့ အသီးတွေ၊ အရွက်တွေ မပါဘူးဆိုရင် ဝမ်းချုပ်မှာပါ။ နောက်ပြီး အရည်တွေပဲ သောက်နေတဲ့ကလေးတစ်ယောက်ကို အစာမာတွေ စပြီး ပြောင်းကျွေးရင်လည်း ဝမ်းချုပ်တတ်ပါတယ်။

• နေ့စဉ်အကျင့်တွေ ပြောင်းကုန်တာ

ခရီးသွားလို့ပဲ ဖြစ်ဖြစ်၊ ရာသီဥတု ပူလို့ပဲ ဖြစ်ဖြစ်၊ စိတ်ဖိစီးလို့ပဲ ဖြစ်ဖြစ် ဝမ်းချုပ်တတ်ပါတယ်။ သိသာတာကတော့ ပထမဆုံးအကြိမ် အိမ်နဲ့ ခွဲပြီး မူကြိုစတက်တဲ့ အရွယ်မှာ နေသားမကျလို့ အိမ်သာ မသွားရာက ဝမ်းချုပ်သွားတာမျိုး တွေ့ရတတ်ပါတယ်။

• တခြားအကြောင်းရင်းများ

ကလေး သောက်နေတဲ့ တချို့သော ဆေးတွေကလည်း ဝမ်းချုပ်စေပါတယ်။ မိသားစုထဲမှာ ဝမ်းချုပ်တဲ့ ရာဇဝင်ရှိတဲ့ ကလေးတွေက ဝမ်းပိုချုပ်နိုင်ပါတယ်။ ဒါ့ပြင် နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေကလည်း ဝမ်းချုပ်တာများပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုရှိနေရင်လည်း ဝမ်းချုပ်တတ်တာကို သတိထားရပါမယ်။

ဘယ်လိုကလေးတွေက ဝမ်းပိုချုပ်တတ်သလဲ။

• လှုပ်လှုပ်ရှားရှား မနေတဲ့ ကလေးတွေ (ဖုန်းဆော့၊ တီဗွီအကြည့်များပြီး အထိုင်များတဲ့ ကလေးတွေ)

ရေသောက်နည်းတဲ့ ကလေးတွေ

• အမျှင်ဓာတ်အစားနည်းတဲ့ ကလေးတွေ (အသီးအရွက် ကြေးများတဲ့ ကလေးတွေ) မှာ ပိုတွေ့ရပါတယ်။

ကလေး တစ်ယောက်ဝမ်းချုပ်နေတယ်ဆိုရင်

• တစ်ပတ်ကို ဝမ်းသွားတာ ၃ခါထက်နည်းပါတယ်။

• ဝမ်းမာမာတွေ သွားပါတယ်။

• ဝမ်းသွားတဲ့အခါ နာပါတယ်။

• ဗိုက်လည်း အောင့်ပါတယ်။

• ကလေးရဲ့ ဘောင်းဘီ၊ အတွင်းခံမှာ ဝမ်းတွေ စွန်းတတ်ပါတယ်။ (မစင်အိမ်မှာ ဝမ်းတွေ စုနေပြီဆိုတဲ့ သဘောပါ။)

• တစ်ခါတစ်လေ ဝမ်းမာမာပေါ်မှာ သွေးစလေးတွေ တွေ့ရတတ်ပါတယ်။

ကလေးက ဝမ်းသွားတိုင်း နာနေတယ်ဆိုရင် ဝမ်းသွားဖို့ ကြောက်နေပြီး ဝမ်းကို အောင့်ထားမှာပါ။ ဝမ်းသွားချင်တာတောင် နာမှာစိုးလို့ ခြေထောက်တွေ လိမ်၊ ဖင်ကိုလိမ်၊ တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးပြီး နေမထိထိုင်မသာ ဖြစ်နေတာကို တွေ့ရမှာပါ။

ကလေးတွေ ဝမ်းမချုပ်အောင် ဘယ်လို ကူညီပေးမလဲ။

  • အစားအစာကို သေချာ ပြင်ကျွေးမယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ ဖြစ်တဲ့အတွက် အစားအစာကို ကျွေးတာကို သေချာ ပြုပြင်ပေးဖို့ လိုပါတယ်။

  • အမျှင်ဓာတ်ပါအောင် ကျွေးပါ။

အမျှင်ဓာတ်က ကလေးရဲ့ ဝမ်းကို ပျော့စေပြီး သက်တောင့်သက်သာ ဝမ်းသွားနိုင်အောင် ကူညီပေးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကတော့ ပေါင်မုန့်တွေ၊ အုတ်ဂျုံတွေ၊ ပဲတွေ၊ အစေ့အဆန်တွေ၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊ မုန်လာဥ၊ ပန်းဂေါ်ဖီလိုမျိုး အသီးအရွက်တွေက အမျှင်ဓာတ်ကြွယ်ဝစွာ ပါလို့ ကလေးကို ကျွေးဖြစ်အောင် ကျွေးပါ။

ကလေးရဲ့ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်က ၂၀ ဂရမ်ပါ။ ကလေးက အမျှင်ဓာတ်ကို စားနေကြမဟုတ်ဘူးဆိုရင် နည်းနည်းစီ စကျွေးပါ။ အမျှင်ဓာတ် သိပ်များလွန်းရင်လည်း ကလေး လေပွတတ်ပါတယ်။

  • အကျိုးပြု ဘက်တီးရီးယားအစာ (prebiotics) ပါပါစေ။

ခုနောက်ပိုင်းမှာ probioticsတို့ prebioticsတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါပြီ။ သူတို့တွေက ဝမ်းချုပ်တာ၊ လေပွတာက စလို့ ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းလေး ကျန်းမာအောင် လုပ်ပေးနိုင်ပါတယ်။ lcFOS လို့ ခေါ်တဲ့ prebioticsလေးတွေက ကညွန့်၊ အုတ်ဂျုံ၊ ငှက်ပျောသီး စတဲ့ အစားအစာတွေမှာ ပါသလို ကလေးတွေအတွက် အထူးသီးသန့် ထုတ်ထားတဲ့ ဖြည့်စွက်အာဟာရမှုန့်တွေမှာလည်း ပါတဲ့ အတွက် နေ့စဉ်ပါအောင်ကျွေးစေချင်ပါတယ်။

ကလေးကို အနည်းဆုံး ရေ ၃-၄ဖန်ခွက်လောက် ဝင်အောင်တိုက်ပါ။ ဒါမှ ဝမ်းကောင်းကောင်းသွားနိုင်မှာပါ။

  • တခြား နည်းလမ်းများ

ကလေး ဝမ်းမချုပ်အောင် ကူညီပေးမယ့် အခြားနည်းလမ်းတွေကတော့

-ကလေးကို ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းပါ။ လှုပ်ရှား ပြေးလွှားနေမှ ဝမ်းဗိုက်က ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်နိုင်မှာပါ။

-ကလေးကို ဝမ်းသွားဖို့ အကျင့်လုပ်ပေးပါ။

-ကလေးကို ဝမ်းသွားချင်ရင် အောင့်မထားဖို့ သေချာ နားလည်အောင် ရှင်းပြပါ။

-ကလေးသောက်နေတဲ့ ဆေးတွေကို စစ်ဆေးပြီး လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကလေးက ဝမ်းချုပ်တတ်တာ သဘာဝပါ။ ဝမ်းချုပ်တိုင်း ဝမ်းပျော့ဆေးတွေ တိုက်တာက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ကလေးကို မိဘတွေက ဝိုင်းပြီး ကူညီမှ ရေရှည်မှာ အဆင်ပြေမှာပါ။ အထူးသဖြင့်တော့ ကလေးရဲ့ စားသောက်မှုပုံစံကို ဂရုစိုက်ပေးဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/constipation-in-children/symptoms-causes/syc-20354242

https://www.webmd.com/children/child-constipated#1

https://www.nhs.uk/conditions/pregnancy-and-baby/constipation-and-soiling/

ယခုပုံစံ

21/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးဝမ်းချုပ်ခြင်း ကုသမှုလမ်းညွှန်

ကလေးများတွင် ဝမ်းချုပ်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement