backup og meta

ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

    ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ အကြောင်း သိပြီးပြီလား မေမေတို့ရေ ….. ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို ကိုယ်ခံအား ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အပြည့်အဝ ရရှိအောင် ကျွေးမွေးစောင့်ရှောက်ဖို့က လိုအပ်ပါတယ်။ ကလေးတွေမှာလည်း အစားအသောက်ရွေးတဲ့ ကလေးတွေ ရှိသလို သရေစာကိုမှ ကြိုက်နှစ်သက်တဲ့ ကလေးတွေလည်း ရှိကြပါတယ်။ ကလေးတွေ စားသုံးတဲ့ အစားအသောက်တွေထဲမှာ အာဟာရဓါတ်တွေပြည့်စုံပြီး ပမာဏ လုံလုံလောက်လောက် ပါဝင်မှသာ ကလေးရဲ့ ဦးနှောက်ကိုရော ခန္ဓါကိုယ်ကိုပါ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။

    ကလေးကို ကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ အဆီနည်းတဲ့ ပရိုတင်းဓါတ်တွေ၊ အစေ့အဆန်တွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ အနည်းငယ် ပါဝင်နေတဲ့ အာဟာရမျှတတဲ့ အစားအသောက်ဖြစ်ဖို့က အရေးကြီးပါတယ်။ ညီညွတ်မျှတတဲ့ အစားအသောက်တွေက ကလေးမှာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။

    ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

    ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ ကတော့ –

    • ပရိုတင်း

    ကြွက်သားတွေနဲ့ ကလေးတွေရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ဦး အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၃အောင်စ ကနေ ၈အောင်စအထိစားသုံးပေးဖို့ လိုအပ်ပါတယ်။ ၁၀ နှစ် ကနေ ၁၄ နှစ်အရွယ်ကလေးတွေ အနေနဲ့ကတော့ တစ်နေ့ကို ပရိုတင်းပမာဏ ၁၀အောင်စ ကနေ ၁၄အောင်စ အထိစားသုံးဖို့လိုအပ်ပါတယ်။

    ငါးတွေ၊ ကြက်သား၊ ကြက်ဆင်သား၊ အဆီမပါတဲ့ အသား၊ အခွံမာသီးတွေ၊ ဥအမျိုးမျိုး၊နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ နဲ့ မြေပဲထောပတ်တွေကနေ ပရိုတင်းဓါတ်ကို ရရှိနိုင်ပါတယ်။

    • သံဓါတ်

    သံဓါတ်က ခန္ဓါကိုယ်တွင်းမှာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့ သွေးနီဥတွေ ဖြစ်ပေါ်အောင် အထောက်အကူ ပြုပါတယ်။ ကလေးငတွေ ကြီးထွားဖွံ့ဖြိုးအောင်လည်း အထောက်အကူ ပြုပါတယ်။ သံဓါတ် မရရှိဘူး ဆိုရင်သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ သံဓါတ်ချို့တဲ့မှုနဲ့ သွေးအားနည်းခြင်းက ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားစနစ်ကို ချိနဲ့စေနိုင်တဲ့အတွက် ကိုယ်ခံအား ကောင်းနေဖို့ သံဓါတ်လိုအပ်ပါတယ်။

    အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ် ကလေးတစ်ဦး အနေနနဲ့ တစ်နေ့ကို သံဓါတ်ပမာဏ ၁၀ မီလီဂရမ်ဝန်းကျင် ရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ၈ နှစ်အထက် ကလးငယ်တွေအနေနဲ့ကတော့ တစ်နေ့ကို သံဓါတ်ပမာဏ ၈ မီလီဂရမ်လောက် ရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။ တူနာငါး၊ဥအမျိုးမျိုး၊ သံဓါတ်ပါဝင်တဲ့ကွေကာအုပ်လိုမျိုး အစားအစာတွေကနေ သံဓါတ်ကိုရရှိနိုင်ပါတယ်။

    • ဗီတာမင် ဒီ

    ကလေးတွေရဲ့ အရိုးတွေနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ကလေးငယ်တွေအနေနဲ့ ဗီတာမင် ဒီကိုနေ့စဉ်ရရှိဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူရာမှာ အထောက်အကူပြုပေးပြီး အရိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

    ဗီတာမင် ဒီက အစားအသောက်တွေထဲမှာ ပါဝင်တာ နည်းပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေနဲ့ ကွေကာအုတ်တွေမှာတော့ ပါလေ့ရှိပါတယ်။ ကလေးတွေ အနေနဲ့ နေရောင်ခြည်ကနေ ဗီတာမင် ဒီ ကိုရရှိနိုင်တယ် ဆိုပေမယ့် နေရောင်ခြည်နဲ့ အချိန်အများကြီး ထိတွေ့တာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

    • ကယ်လ်ဆီယမ်

    အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

    အသက် ၄နှစ်ကနေ ၈ နှစ်အရွယ် ကလေးတွေအနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁,၀၀၀ မီလီဂရမ်လောက်လိုအပ်ပါတယ်။ အသက် ၉နှစ်ကနေ ၁၃ နှစ်အရွယ် ကလေးတွေအနေနဲ့ကတော့ တစ်နေ့ကို ကယ်လ်ဆီယမ် ပမာဏ ၁,၃၀၀ မီလီဂရမ်လောက်ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

    နို့နဲ့နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ပဲနို့၊ ပဲပြား၊ ကွေကာအုတ်တို့မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးတွေကို တစ်နေ့ကို နို့ ၂ ခွက်လောက်တိုက်ပေးသင့်ပါတယ်။ဖော့စဖောရတ်အက်စစ် ပါဝင်နေတဲ့ ဆိုဒါလိုအရာမျိုးတွေကိုတော့ ကလေးတွေကို မတိုက်ပါနဲ့။ အဆိုပါသောက်စရာတွေက ကလေးတွေရဲ့ အရိုးတွေက ကယ်လ်ဆီယမ်စုပ်ယူမှုကို ခက်ခဲစေနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်နှစ်မျိုးစလုံးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများ

    အဆီတိုင်းက ခန္ဓါကိုယ်အတွက် ကောင်းကျိုး မပြုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေက ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ အာဟာရဓါတ် တစ်မျိုးပါ။ အထူးသဖြင့် ကလေးတွေနဲ့ လမ်းလျှောက်တတ်စ ကလေးတွေရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရဓါတ် တစ်မျိုးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက ကျန်းမာတဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို အထောက်အကူပြုပေးသလိုသွေးမခဲအောင်လည်းလုပ်ဆောင်ပေးတဲ့အပြင် ခန္ဓါကိုယ်က ဗီတာမင်တွေကို စုပ်ယူနိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ ဒီလိုဗီတာမင်တွေ စုပ်ယူနိုင်မှသာ ကိုယ်ခံအားကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ကလေးတွေ စားသုံးမယ့် အစားအသောက်တွေထဲမှာ ၃၀ ရာခိုင်နှုန်းလောက်က အဆီဖြစ်ဖို့လိုအပ်ပါတယ်။

    မွေးကင်းစ ကလေးတွေအတွက် အဆီရရှိစေနိုင်မယ့် အကောင်းဆုံးသောအစားအစာက မိခင်နို့ပါ။ အသက် ၂ နှစ်အတွက် ကလေးငယ်တွေကိုတော့ သံလွင်ဆီ၊ပြောင်းဆီ၊ ပဲပိစပ်ဆီလိုမျိုး ဟင်းသီးဟင်းရွက်အဆီတွေ၊ ငါးတွေ၊ ကြက်သားတွေမှာပါတဲ့ ပရိုတင်းတွေကနေ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့ဆီ၊ သစ်ကြားသီးတွေကနေ ရရှိတဲ့ fatty acidတွေက ကလေးတွေကိုကျန်းမာစေနိုင်ပါတယ်။

    • ဗီတာမင် စီ

    ဗီတာမင် စီက ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်တွေကို တည်ဆောက်ရာမှာ အထောက်အကူပြုပေးပါတယ်။ အနာကျက်မြန်စေသလို ခန္ဓါကိုယ်က သံဓါတ်ကို စုပ်ယူနိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတွေအနေနဲ့ တစ်နေ့ကို ဗီတာမင် စီပမာဏ ၂၅ မီလီဂရမ်ရရှိဖို့လိုအပ်ပါတယ်။ လိမ္မော်သီးတွေ၊စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ကီဝီသီး၊ဂေါ်ဖီထုပ် နဲ့ ငရုတ်ပွ တို့လိုမျိုး လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကနေ ဗီတာမင် စီကိုရရှိနိုင်စေပါတယ်။

    • ဗီတာမင် အေ

    မျက်စိအမြင်အာရုံကို ကောင်းမွန်စေဖို့အတွက် အဓိကျတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကူးစက်ရောဂါတွေ တိုက်ထုတ်နိုင်စွမ်းကိုလည်းမြှင့်တင်ပေးပါတယ်။

    ကလေးစားသုံးမယ့် အစားအသောက်တွေထဲမှာ မုန်လာဥနီ နဲ့ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေ ထည့်သွင်းကျွေးမွေးပေးသင့်ပါတယ်။ နွားနို့တိုက်ပေးဖို့လည်းလိုအပ်ပါတယ်။

    • ဇင့်

    ဇင့်က ကလေးတွေရဲ့ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်တွေနဲ့ အခြားရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပြုပေးပြီး ကလေးကို မဖျားနာအောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးမှု အတွက်လည်း ဇင့်ကို လိုအပ်ပါတယ်။ ကြက်သား၊ ပဲအမျိုးမျိုးနဲ့ကွေကာအုတ်တွေမှာ ဇင့်ဓါတ်ပါဝင်ပါတယ်။

    • ကိုလင်း

    ကိုလင်းက ဗီတာမင် တစ်ရပ်မဟုတ်ပေမယ့်လို့ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါပါတယ်။ ဆဲလ်တွေပုံစံကို ထိန်းသိမ်းနိုင်ဖို့ ကိုလင်းကို လိုအပ်သလို ခန္ဓါကိုယ်တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဦးနှောက်ထံကို သတင်းပေးပို့နိုင်စေဖို့ အတွက်လည်း အာရုံကြောစနစ်က ကိုလင်းကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ကိုလင်းကို မထုတ်လုပ်နိုင်တာကြောင့် ဥအမျိုးမျိုး၊ ငါး၊ အမဲသား၊ကြက်သား နဲ့ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အစားအသောက်တွေကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် ကလေးတွေကို လိုအပ်တဲ့ ကိုလင်းဓါတ်ကိုရရှိအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

    # မေမေတို့ သိထားသင့်တဲ့ ကာကွယ်ဆေး ထိုးနှံရမယ့် ကာလလေးတွေကို သိရှိနိုင်စေဖို့

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement