ကလေး က အရွယ်လေး နည်းနည်းရောက်လာလို့ သင့်ကို လိမ်ပြောနေပြီဆိုရင် စိတ်မညစ်ပါနဲ့။ ဒါဟာ သဘာဝပါပဲ။ ထမင်းမကုန်သေးဘဲ ရုပ်ရှင်ကြည့်ချင်လို့ ထမင်းတွေ သွန်လိုက်ပြီး ကုန်ပြီလို့ လိမ်တာမျိုး၊ အိမ်စာမပြီးသေးရင် ဂိမ်းမဆော့ရဘူးဆိုလို့ အိမ်စာမပါဘူးလို့ လိမ်တာမျိုးဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ကလေးသဘာဝပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကို ငါအသုံးမကျလို့ ကလေးက လိမ်တတ်တာလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကလေးကိုလည်း ရိုက်နှက်မနေပါနဲ့။ ဒါဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ အဓိကက ကလေးဘာကြောင့် လိမ်တာလဲဆိုတာ အဖြေရှာရမှာပါ။
ကလေးတွေ လိမ်ရတဲ့ အကြောင်းရင်း
- ဇာတ်လမ်းထွင်ပြောတာ
ကလေးငယ်လေးတွေ၊ ကျောင်းတက်စ အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ ကလေးတွေက စိတ်ကူးစိတ်သန်းကောင်းတဲ့အတွက် သူတို့စိတ်ထဲမှာ ရှိတာတွေကို ဇာတ်လမ်းထွင်ပြောတတ်ပါတယ်။ အပြင်က သူနဲ့သိတဲ့သူတွေကို ဇာတ်ကောင်လုပ်ပြီးတော့ပေါ့။ တစ်ခါတစ်လေ သူဖြစ်ချင်တာတွေကို ဇာတ်လမ်းလုပ်ပြီး ပြောလေ့ရှိပါတယ်။ ဥပမာ မရှိသေးတဲ့ သူငယ်ချင်း အသစ်က သူ့ကို နှိပ်စက်တယ်ပေါ့။ သူ့စာအုပ်မှာ လျှောက်ခြစ်ထားပါတယ်ပေါ့။ သူက နှိပ်စက်ခံရတဲ့ စင်ဒရဲလားလေးပါပေါ့။ ဒါမျိုးလေးတွေ ပြောတတ်ပါတယ်။
ဒါပေမယ့် ကလေးက သူ့ကိုသူ လိမ်ပြောနေတယ်လို့ မထင်ပါဘူး။ သူဟာ ပုံပြင်ပြောနေတယ်လို့ပဲ ခံစားနေရတာပါ။ အမေကသာ ဒါကို လိမ်ပြောနေတယ်လို့ ထသိတာပါ။ ဒါက ကလေးကြီးလာလို့ အကျိုးအကြောင်းနားလည်လာရင် ပြီးသွားပါတယ်။ ဒီ့မတိုင်ခင်တော့ ကလေးက ဆိုးဆိုးဝါးဝါးတွေ မဖြစ်သေးရင် လွှတ်ထားလိုက်ပါ။ သူပြောတာကို အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်ပါ။ ဒါဟာ သူ့စိတ်ထဲမှာ ခံစားနေရတာတွေကို သိနိုင်တဲ့ အခွင့်အရေး တစ်ခုပါပဲ။
- အပြစ်ဒဏ်မခံချင်တာ
အရိုက်မခံချင်တာပေါ့။ တစ်ခါတစ်လေ အမေက အပြင်ထွက်မဆော့ဖို့ ပြောလိုက်ပေမယ့် ကိုယ်က ဆော့မိသွားပြီ။ အမေရိုက်တာလည်း မခံချင်ဘူးဆိုရင် မဆော့ဘူးလို့ပဲ လိမ်လိုက်တာပေါ့။ အမေသာ မသိရင် ဘာပြဿနာမရှိဘူး။ ငါလည်း အရိုက်မခံရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။
- မျက်နှာလိုချင်လို့
ငါ့သမီးလေးက တော်လိုက်တာ၊ ငါ့သားလေးက လိမ္မာလိုက်တာလို့ အမြဲတမ်း ချီးကျူးခံနေရတော့ ဒီကိစ္စနဲ့ မျက်နှာမပျက်ချင်ဘူး။ အမေ့ကို စိတ်မပျက်စေချင်ဘူး။ အထူးသဖြင့် အမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေ ရှေ့မှာပေါ့။ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ လေ့လာချက်တွေအရ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ကလေးတွေ၊ မိဘအချစ်လျော့မှာ ကြောက်တဲ့ကလေးတွေမှာ ဒါမျိုး အဖြစ်များပါတယ်။
- သူတို့မပြောချင်တဲ့ အကြောင်းအရာတွေ ဖြစ်နေတာ
သင်နဲ့ ဆွေးနွေးရမယ့် အကြောင်းအရာတွေက သူ့ကို စိတ်ဖိစီးစေတယ်၊ စိတ်မသက်မသာ ဖြစ်စေတယ်ဆိုရင် သူတို့က ပွင့်ပွင့်လင်းလင်း ပြောမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူတို့က သင့်ကို လိမ်လည်လှည့်ဖြားဖို့ စဉ်းစားတော့မှာပါ။ သူတို့ လိမ်နေတာကို အပြစ်တင်မယ့်အစား ဘာအကြောင်းအရာကို လိမ်နေတာလဲ။ သူဘာကို ဖုံးကွယ်ထားချင်တာလဲဆိုတာ သိအောင်ကြိုးစားပါ။
- ထကြွလွယ်တာ
ADHD ရောဂါစုနဲ့ လိမ်လည်တာ ဆက်စပ်တဲ့အကြောင်းတွေကို လေ့လာထားတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးက ADHD ရှိနေတာ သေချာရင် ဒါမှမဟုတ် ကလေးက တစ်ခုခုကို ဂျီကျလွယ်၊ သောင်းကျန်းလွယ်တဲ့ အကျင့်ရှိတယ်ဆိုရင် လိမ်ဖို့များပါတယ်တဲ့။ အကြောင်းက သူတို့ရဲ့ ဒီအမူအကျင့်ကြောင့် တချို့ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တာ ရှိပါတယ်။ ဥပမာ သင်္ချာပုစ္ဆာကို မတွက်နိုင်ဘဲနဲ့ တွက်ပြီးပြီလို့ ပြောတာမျိုး။ သူတို့လေးတွေသည် သူတို့ရဲ့ အခြေအနေကြောင့် အမှားလုပ်မိတာ များတယ်။ ဒီအမှားတွေကို ဖုံးကွယ်ဖို့ ဒါမှမဟုတ် အပြစ်ပေးခံရမှာကြောက်လို့ လိမ်ပြောတာမျိုး လုပ်တတ်ပါတယ်။
ဒါကတော့ ကလေးတွေ လိမ်ရတဲ့ အဓိက အကြောင်းရင်း ၅ခုပေါ့။ အကြောင်းရင်းတွေကို သိပြီဆိုရင် ကိုယ့်ကလေးဘာကြောင့် လိမ်ရတာတာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဖြေမည်းနိုင်မယ့်နည်းလမ်းကိုလည်း ရှာဖွေကြည့်ပါ။ ဒါပေမယ့် ကလေးတွေကို ဆူတာ၊ ရိုက်တာကတော့ ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ အကြံပေးချင်ပါတယ်။
[embed-health-tool-vaccination-tool]