backup og meta

ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

    သင်ဟာ သားသမီးကို ရိုက်နှက်ဆုံးမတတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။

    မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးဆုံးမသင့်သလောက်သာဆုံးမမယ်ဆိုရင်အကောင်းဆုံးပါ။

    ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

    မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကို ရိုက်ပြီးမှ သနားပြီး ပြန်ငိုတဲ့ တချို့မိဘတွေ ရှိပါတယ်။နောက်တစ်ချက်က အခုလို ရိုက်ခံရအောင် ကလေးက သူ့ဘာသာ ဖန်တီးခဲ့တာလို့ တွေးထားတာ ဖြစ်ပါတယ်။ အရိုက်ခံရအောင် လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာ မဟုတ်ဘူးလို့ တွေးကြတာပါ။

    ရိုက်ဆုံးမလိုက်ရင် ကလေးရဲ့ အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား

    ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊နားလည်မှတ်သားနိုင်စွမ်းနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ ကလေးကို ဆုံးမတဲ့အခါ ရိုက်တဲ့နည်းပဲ ကျင့်သုံးခဲ့ရင် ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးကျိုးသက်ရောက်မှုတွေရှိလာစေနိုင်ပါတယ်။

    ဘိုးဘွားမိဘတွေလုပ်ခဲ့တဲ့နည်းအတိုင်းမလုပ်ပါနဲ့

    ကိုယ့်မိဘတွေရဲ့ ယုံကြည်ချက်၊ အယူအဆ၊ ထုံးတမ်းစဉ်လာတွေကို လက်ခံနာယူတာကောင်းပေမယ့် သူတို့မှန်တယ်ထင်ခဲ့တဲ့အရာတိုင်း ကိုလိုက်နာလက်ခံရတော့မှာမဟုတ်ပါဘူး။ ကလေးကို ထိန်းကျောင်းမွေးမြူတဲ့နေရာမှာ အစွန်းမရောက် မှန်ကန်လောက်တဲ့ နည်းလမ်းသစ်တွေကို လိုက်လုပ်ကြည့်ပါ။ ကလေးကိုရိုက်ခြင်းကြောင့်နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေထဲက တချို့ကိုဖော်ပြလိုက်ပါတယ်။

    ကြီးနိုင်ငယ်ညှင်းလုပ်ရပ်က မှန်တယ်လို့ ထင်သွားနိုင်ပါတယ်

    မိဘတွေက ကလေးတွေထက် လူကောင်ပိုကြီး၊ အားပိုကြီးကြပါတယ်။ ကလေးတွေထက် ပိုသိတယ်၊ ဦးနှောက်ဉာဏ်ရည် ပိုသာသလို ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းလည်းပိုကောင်းပါတယ်။ ဒီလိုမိဘတွေက ကလေးတွေကိုအလွယ်တကူရိုက်မယ်ဆိုရင် အားနည်းသူကို ရိုက်တာက မှန်တယ်၊အနိုင်ရနိုင်တယ်လို့ မှတ်ယူသွားစေနိုင်ပါတယ်။ ဒီလိုကြီးပြင်းလာတဲ့ကလေးတွေကကျောင်းမှာ ကိုယ့်ထက်ငယ်တဲ့တခြားကလေးတွေကို ရိုက်တဲ့လူတွေဖြစ်လာရင် ဒါမှမဟုတ် အရွယ်ရောက်လာလို့အိမ်ထောင်ကျတဲ့အခါ မိန်းမကိုရိုက်နှက်တတ်တဲ့သူဖြစ်လာရင် အံ့သြစရာတော့မရှိတော့ပါဘူး။

    ကလေးတွေကိုရိုက်တဲ့အားက တစ်ခါတလေ ကြမ်းသွားတတ်တယ်

    ကိုယ့်ကလေးကို ရိုက်ဆုံးမဖို့ ကိုယ့်စိတ်ကိုယ်ခွင့်ပြုထားတယ်ဆိုရင် အင်အားသုံး အနိုင်ယူတတ်သူ ဖြစ်မှန်းမသိ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လူကြီးတွေကအပြင်မှာ စိတ်ဖိစီးလာ၊ပင်ပန်းလာ၊စိတ်တိုလာပြီးအိမ်ပြန်လာတဲ့အခါ ကလေးက လာနှောင့်ယှက်တာ၊ စိတ်ရှုပ်စေတာတွေလုပ်လာရင် တစ်ချက်ထရိုက်လိုက်တာနဲ့ ကိုယ်စိတ်ပေါ့သလို ခံစားလာရတတ်ပါတယ်။ ဒီလိုမသိစိတ်က ခံစားချက်ကြောင့်ပဲ အစလုပ်မိရင်နောက်ပိုင်းမှာ ပိုပိုပြီးရိုက်မိလာပြီး ပိုကြမ်းလာနိုင်ပါတယ်။ စိတ်လိုက်မာန်ပါဆိုတာ ဘယ်အရာမှမကောင်းပါဘူး။

    ကြီးသူက ငယ်တဲ့သူအပေါ် ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့အတွေး

    အသက်ပိုကြီးတဲ့၊ လူကောင်ပိုကြီးတဲ့သူတွေက ငယ်တဲ့သူတွေ၊သေးတဲ့သူတွေကို ရိုက်လို့ရတယ်၊အနိုင်ယူလို့ရတယ်ဆိုတဲ့အတွေး ကလေးတွေမှာရသွားစေမှာပါ။ ကလေးကို တခြားတစ်ယောက်ယောက်အပေါ် ရိုက်နှက်ဖို့ ကိုယ်ကသင်ပေးသလိုဖြစ်စေနိုင်ပါတယ်။ပြီးတော့ ကိုယ့်သားသမီးက မိဘထက်လူကောင်ပိုကြီးလာတဲ့အရွယ်ရောက်ချိန်ကျရင် ဘယ်လိုတွေဖြစ်မယ်ထင်ပါသလဲ။ မိဘကို ပြန်အနိုင်မကျင့်လာဘူးလို့ ပြောနိုင်ပါသလား။

    အကြမ်းနည်းသုံးရင် ပြဿနာဖြေရှင်းနိုင်တယ်

    အရိုက်ခံရတဲ့ကလေးတွေက အကြမ်းနည်းသုံးရင် ဘဝရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ထင်လာတတ်ပါတယ်။ ငါမကြိုက်တာမလုပ်နဲ့၊ လုပ်ရင်ရိုက်မယ် ဆိုတဲ့ပုံစံက ကလေးကိုယ်တိုင်က အနိုင်ကျင့်ဗိုလ်ကျတဲ့စိတ်အတွေးကို ဆက်ခံရယူသွားနိုင်ပါတယ်။

    ကလေးရဲ့စိတ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်ယွင်းနိုင်တယ်

    ကိုယ့်ကို ကာကွယ်ပေးမယ်လို့ ထင်ထားတဲ့သူတွေက ရိုက်တာခံရတဲ့ ကလေးတွေဟာ “ငါဘာများ ဖြစ်နေပြီလဲ၊အချစ်မခံရတော့ဘူးလား” စတဲ့အတွေးတွေနဲ့ ယုံကြည်မှု ပျောက်လာနိုင်ပါတယ်။

    စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်မယ်

    သုတေသန အသစ်တစ်ခုအရ အရွယ်ရောက်ပြီးသူတွေမှာတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ငယ်ဘဝက စည်းကမ်းသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကို ရိုက်မိတဲ့အချိန်မှာတော့ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေဖြစ်စေဖို့တော့ မိဘတွေကရည်ရွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် သတိထားသင့်တဲ့အချက်ပါ။

    မိဘနဲ့သားသမီး ဆက်ဆံရေးနဲ့ ယုံကြည်မှု ထိခိုက်စေမယ်

    ကိုယ်ငယ်ငယ်ကအရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူး လို့တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

    ကြောက်နေတဲ့အချိန်မှာ ဘယ်သူမှ မမှတ်သားနိုင်ပါဘူး

    ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့ကမဖြစ်နိုင်ပါဘူးလို့ သုတေသနတွေကထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင်ကြောက်စိတ်တိုးလာဖို့ထက်ကြောက်စိတ်လျော့အောင်အရင်လုပ်ပါ။

    ရိုက်တတ်တဲ့မိဘရှေ့မှာ ကလေးတွေက လိမ်ပြောတတ်၊ရှောင်ပြေးတတ်လာတယ်

    ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ်အမေ မရှိတဲ့အခါ ကလေးကိုတားမရ၊ပြောစကားနားမထောင်တာဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာသိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ရှောင်တတ်လာပါတယ်။

    ကလေးချင်းရန်လိုလာတယ်

    ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာစံနမူနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့်ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့American Academy of Pediatrics ကပြောပါတယ်။

    ဉာဏ်ရည်ဖွံ့ဖြိုးမှုထိခိုက်စေ

    ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ရိုက်ခံရရင် ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက်အရေးပါတဲ့grey matter အပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။

    စိတ်ခံစားချက်ပိုင်းဖွံ့ဖြိုးမှု

    ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေကျဆင်းတာ။ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

    နည်းမှန်လမ်းမှန် ဆုံးမပါ

    ကဲ ရိုက်ဆုံးမတာမကောင်းဘူးဆိုတော့ ဘယ်လိုဆုံးမကြမလဲ-

    (၁) စိတ်ကိုတည်ငြိမ်အောင်ထားပါ

    ကလေးကပြောမရလို့ အစပိုင်းမှာ ဒေါသထွက်ပြိး ကလေးကိုရိုက်မိတော့မယ်ဆိုရင် အဲဒီအနေအထားကနေ ခဏလောက်ခွာထွက်လိုက်ပါ။ ခဏလောက်စိတ်ငြိမ်အောင်ထားပြီးမှ ပြောဆိုဆုံးမလို့ရမယ့် တခြားနည်းလမ်းကိုစဉ်းစားပါ။

    (၂) ပျော့ပျောင်းပါ၊ ဒါပေမယ့်ခပ်တည်တည်နေပါ

    ကလေးကပြောစကားနားမထောင်တာ၊ပြောတဲ့အတိုင်းမလုပ်တာဆိုရင် မိဘကရိုက်ရတော့မယ့်အနေအထားဖြစ်နေပါတယ်။နောက်ဆုံးတော့ အပြုအမူမှန်ကန်အောင်လို့ ရိုက်လိုက်ရပါတယ်။နောက်တစ်နည်းကတော့ ကလေးကို မျက်နှာချင်းဆိုင်သေချာကြည့်ပြီး ကြင်ကြင်နာနာ စကားပြောပါ။ ကိုယ်ဖြစ်စေတဲ့အရာကို သူ့ကို ခပ်ရှင်းရှင်းနဲ့ တည်တည်တံ့တံ့ပြောပါ။ အဲဒီအချိန်မှာ ရင်းနှီးပြီးသားအမူအရာနဲ့အရောမဝင်လိုက်ပါနဲ့။ ဥပမာ- သား..မင်းခဏတိတ်တိတ်နေရင်ကောင်းမယ်ကွာ လို့ ခပ်ဆတ်ဆတ်အသံနဲ့ သတိပေးလိုက်တာမျိုး။

    (၃) ရွေးချယ်ခွင့်ပေးပါ

    ကလေးကိုရွေးချယ်စရာတွေပေးလိုက်တာက ရိုက်နှက်ဆုံးမခြင်းအစား သုံးလို့ရမယ့်နည်းလမ်းပါ။ ကလေးက ထမင်းစားပွဲမှာ မစားဘဲ စားစရာတွေနဲ့ကစားနေတယ်ဆိုရင် “စားစရာတွေကိုဆော့နေတာရပ်မလား ဒါမှမဟုတ် စားပွဲကဖယ်မလား”လို့မေးလိုက်ပါ။ ကလေးက ဆက်ဆော့ဖို့ကိုရွေးတယ်ဆိုရင် စားပွဲကနေဖယ်ပြီး အာရုံပြောင်းပြီးပဲဖြစ်ဖြစ် ညင်ညင်သာသာပြောပြသွန်သင်ပါ။ မဆော့တော့ဘဲ တကယ်ထမင်းစားမယ်ဆိုရင်တော့ စားပွဲကိုပြန်လာစားလို့ရတယ်လို့ပြောလိုက်ပါ။

    (၄) ဒေါသအရမ်းမထွက်မိခင် စိတ်ကိုထိန်းပါ

    ကလေးက ခံပြောနေရင် မိဘကရိုက်နှက်ရတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ ကိုယ့်သားသမီးအတွက် ချက်ချင်းရှောင်လိုက်တာအကောင်းဆုံးပါပဲ။ဒေါသနဲ့တော့ မထားခဲ့ပါနဲ့။ပြောသင့်တာကိုပုံမှန်လောက်ပြောပြီးထွက်ခဲ့ပါ။နောက်တစ်ကြိမ် သူ့ဘက်က လေးလေးစားစားနဲ့ဆက်ဆံတဲ့အချိန်မှ စကားပြန်ပြောပါ။

    ဒေါသစိတ်ဟာ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုဖြစ်လာစေတဲ့ အကြောင်းရင်းခံဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ ဖြစ်လာသမျှပြဿနာတွေကိုအားမသုံးဘဲ၊ အကြမ်းနည်းမသုံးဘဲ ဘယ်လိုအတူပူးပေါင်း၊ဖြေရှင်းကြမလဲဆိုတာကို သိမှ မိသားစုမည်ပါတယ်။ တစ်ခါတစ်ရံမှာ အလွန်အကျွံမဟုတ်ဘဲ အတန်အသင့် ရိုက်ဆုံးမမှဖြစ်တဲ့ အချိန်မျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းတွေအများကြီးရှိသေးတာကြောင့် ကလေးတွေကို အလားအလာကောင်းစေဖို့ ပျိုးထောင်ရင်း မိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement