backup og meta

ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက် နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက် နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်

    မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရ အနစ်နာခံရတာတွေကတော်တော်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ ကာလအတွင်းမှာရောပေါ့။ နို့တိုက် မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။

    ဖျားမှ ခေါင်းကိုက်မှ မဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီး ချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကိုပြောပြပေးပါရစေနော်။

    နို့တိုက် မေမေ ဘာဆေးမှသောက်လို့မရဘူးလား………..

    နို့တိုက်မေမေတစ်ယောက် ဖြစ်နေတာကြောင့် ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက် ဘေးကင်းစိတ်ချရပါတယ်။ အကြောင်းကတော့ သောက်လိုက်တဲ့ဆေးတွေက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။

    သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့် ဘေဘီလေးဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် ပြောချင်တာက နို့တိုက်မေမေက ဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီး ဆေးမသောက်ဘဲ အတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။

    နာကျင်ကိုက်ခဲတဲ့အခါ …..

    နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ ပါရာစီတမောလောက်ကိုတော့ စိတ်ချလက်ချ သောက်လို့ရပါတယ်။ စွဲသောက်ဖို့တော့ မသင့်ပါဘူး။ တခြားဆေး သောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    သန်ထနေတယ်ဆိုရင်……..

    နို့တိုက်မေမေတစ်ယောက် သန်ထနေတယ်ဆိုရင် သန်ချဆေးသောက်လို့ရပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ သန်ချဆေးဖြစ်ဖို့အတွက်ကတော့ ဆရာဝန်နဲ့သေချာလေးတိုင်ပင်ဖို့လိုပါမယ်။

    ဖျားနာတဲ့အခါ……..

    နို့တိုက်မေမေတွေလည်း အအေးမိဖျားနာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဖျားတာကို ဆေးမသောက်ဘဲမနေသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးအဖျားသက်သာစေဖို့ ဆေးသောက်ပေးလို့ရပါတယ်။

    နှာစေး၊ နှာပိတ်ဖြစ်တဲ့အခါ……

    ရေနွေးငွေ့ ရှူရှိုက်ပေးလို့ရပါတယ်။ နှာခေါင်းထဲကို ဆားရည်အစက်ချပေးလို့ရပါတယ်။ Nasal spray သုံးပေးလို့ရပါတယ်။ Pseudoephedrine ပါဝင်နေတဲ့ဆေးတွေက မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့် မသုံးသင့်ပါဘူး။

    ချောင်းဆိုးတဲ့အခါ………

    ချောင်းဆိုးတာက ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတာမျိုးရှိနိုင်ပါတယ်။ တကယ်လို့ ကုသမှုခံယူမှဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ချောင်းဆိုးသက်သာစေအောင် ဆေးသောက်လို့ရပါတယ်။ Pseudoephedrine ပါဝင်နေတဲ့ဆေးတွေကိုတော့ မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်သလို ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရပါမယ်။

    လည်ချောင်းနာတဲ့အခါ……..

    လည်ချောင်းနာတဲ့အခါ amylmetacresol၊ dichlorobenzyl alcohol နဲ့ cetylpyridinium တို့ကို အသုံးပြုပေးလို့ရပါတယ်။ အိုင်အိုဒင်းပါတဲ့ဆေးတွေကိုတော့ မသုံးသင့်ပါဘူး။

    နို့တိုက်မေမေ မသောက်သင့်တဲ့ဆေးဝါးတွေကဘာတွေများလဲ……..

    နို့တိုက်မေမေတစ်ယောက်က အခြားသူတွေလိုမျိုးဆေးတိုင်းနဲ့တော့ မတည့်နိုင်ပါဘူး။ နို့တိုက်မေမေအနေနဲ့ရှောင်သင့်တဲ့ဆေးတွေက

    • ကင်ဆာရောဂါအတွက် သောက်သုံးရတဲ့ဆေးတွေ
    • နှလုံးရောဂါအတွက် သောက်သုံးရတဲ့ဆေးတွေ
    • စိတ်ကျရောဂါအတွက် သောက်ရတဲ့ဆေးတွေ
    • MRI Scan အတွက် ထိုးရတဲ့ဆေးတွေ
    • ဝက်ခြံနဲ့အရေပြားပြဿနာအတွက် သောက်သုံးရတဲ့ဆေးတွေ
    • ဆေးဖက်ဝင်တယ်ဆိုတဲ့ဆေးမြစ်တွေ၊ အရွက်တွေက နို့တိုက်မေမေတွေနဲ့လုံးဝမသင့်တော်ပါဘူး။

    မဖြစ်မနေလိုအပ်တဲ့ အခြေအနေမျိုးမှာတော့ ကလေးကို မိခင်နို့ အစား တခြားတစ်ခုခုတိုက်ဖို့ စီစဉ်ရမှာပါ။

    ဒါကြောင့်ပြောချင်တာက နို့တိုက်မေမေတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်ဆိုပေမယ့် မတော်တဆဆိုတဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့် ဖျားနာတာမျိုး၊ နာမကျန်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ ဆေးဝါးတွေသောက်သုံးပြီး ဆေးကုသမှုခံယူဖို့ပြောပါရစေ။ မေမေကျန်းမာမှ ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့နော်……………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement