ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ်ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။ ဒီလို ပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး က ဆက်စပ်မှု ရှိပါတယ်။
ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေဖြစ်စေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး
ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေတာအပြင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းပါသေးတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ်လုပ်ဆောင်ပေးတယ်။
ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲက ဓာတ်တိုးပစ္စည်းတွေကို လျှော့ချပေးပါတယ်။ ဘေဘီလေးရဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါ။
- အရိုးတွေ သန်မာစေတယ်။
ဗီတာမင် C ရဲ့နောက်ထပ် စွမ်းရည်တစ်ခုက ကြီးထွားဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ အရိုးနဲ့ သွားတွေကို သန်မာစေတာပါ။ ဘေဘီလေးကို အရိုးနဲ့သွားတွေ ကြံ့ခိုင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ဗီတာမင် C ပြည့်ဝအောင် ဂရုစိုက်ပေးပါ။
- အရေပြား ကျန်းမာစေတယ်။
ဗီတာမင် C က ကော်လာဂျင် ထွက်ရှိအောင် လှုံဆော်ပေးတာကြောင့် အသားအရေ ကျန်းမာစေပါတယ်။ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးတာကြောင့် အနာကျက်မြန်စေပြီး အရေပြား ပြဿနာလည်း ကင်းစေပါတယ်။
- သံဓာတ် စုပ်ယူနိုင်စွမ်း ကောင်းစေတယ်
ဗီတာမင် C က ကလေးတွေကို သွေးအားနည်းရောဂါ ကင်းစေပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ သံဓာတ်စုပ်ယူမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်။
ဗီတာမင် C က ကိုယ်ခံအား ကောင်းစေတယ်ဆိုတာကတော့ လူတိုင်း လိုလို သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က အအေးမိ၊ နှာစေးတာတွေတင် မဟုတ်ဘဲ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးပြီး ရောဂါမျိုးစုံ အန္တရာယ်ကနေ ကာကွယ်ပေးတာပါ။
- အာရုံကြော ကျန်းမာစေတယ်
အာရုံကြောစနစ်က ဘေဘီလေး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အာရုံကြောစနစ် ကျန်းမာမှ ဘေဘီလေးက လမ်းလျှောက်တာ၊ စကားပြောတာ၊ သင်ယူတာ၊ မျိုချစတဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။
ဒါကြောင့် ဘေဘီလေးကို ကျန်းမာတဲ့ အာရုံကြောစနစ် ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် ငယ်စဉ်ကတည်း ဗီတာမင် C ပြည့်ဝအောင် ကျွေးပေးပါ။
ဘေဘီလေးတစ်ယောက် လိုအပ်မယ့် ဗီတာမင် C ပမာဏ
ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ခန္ဓာကိုယ်က ဗီတာမင် C ကို ကိုယ်တိုင် မထုတ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေက ဘေဘီလေးကို ဗီတာမင် C ပြည့်ဝအောင်ကျွေးမွေးဖို့လိုပါမယ်။
အသက်အလိုက် လိုအပ်တဲ့ ဗီတာမင် C ပမာဏကတော့
- မွေးစကနေ ၆ လအထိ ၄၀ မီလီဂရမ် (mg)
- ၇ လကနေ ၁ ၂ လအထိ ၅၀ မီလီဂရမ် (mg)
- ၁ နှစ်ကနေ ၃ နှစ်အထိ ၁၅ မီလီဂရမ် (mg)
- ၄ နှစ် ကနေ ၈ နှစ်အထိ ၂၅ မီလီဂရမ် (mg)
- ၉ နှစ် ကနေ ၁၃ နှစ် အထိ ၄၅ မီလီဂရမ် (mg)
- ၁၄ နှစ် ကနေ ၁၈ သားသားလေးဆိုရင် ၇၅ မီလီဂရမ် (mg)
- ၁၄ နှစ် ကနေ ၁၈ နှစ် မီးမီးလေးဆိုရင် ၆၅ မီလီဂရမ် (mg) လိုအပ်မှာဖြစ်ပါတယ်။
ဗီတာမင် C ပြည့်ဝအောင် ဘေဘီလေးကို ဘာတွေကျွေးမလဲ။
မွေးစကနေ ၆ အထိမှာ မေမေ့နို့ကနေ တဆင့် လိုအပ်တဲ့ ဗီတာမင် C ကို ရယူမှာဖြစ်တာကြောင့် နို့တိုက်မေမေ အနေနဲ့ ဗီတာမင် C ကို ပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီလိုကနေ ဖြည့်စွက်စာ စားတဲ့ အရွယ်ရောက်လာပြီဆိုရင်တော့ ဘေဘီလေးကို
- စတော်ဘယ်ရီ
- သင်္ဘောသီး
- အာလူး
- ပန်းဂေါ်ဖီစိမ်း
- လိမ္မော်သီး
- ပန်းသီး
- ကီဝီသီး
- ခရမ်းချဉ်သီး စတာတွေ ပြင်ဆင်ပေးလို့ရပါတယ်။
ကလေးအားဆေးတွေမှာလည်း ဗီတာမင် Cပါတတ်ပါတယ်။ သဘာဝအစားအစာတွေက ပိုကောင်းတာကြောင့် အားဆေးတိုက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။
[embed-health-tool-vaccination-tool]