brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ရေခဲ က နာကျင်မှု တော်တော်လေး သက်သာစေနိုင်တဲ့ အရာပါ။ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို သွားနာတာနဲ့ သွားဖုံးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက သွားပေါက်ချိန်မှာ သွားဖုံး နာတာကို သက်သာစေဖို့ ရေခဲ ပေးကိုက်ထားတာက နည်းလမ်းကောင်း တစ်ရပ်လို့ ထင်စရာ ရှိပါတယ်။

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ဒီ ယူဆချက်က တကယ်ပဲ မှန်လား။ ဘေဘီလေးက ရေခဲ စားလို့ရလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဘေဘီလေးက ရေခဲ စားလို့ရလား…….

ရေခဲက နာကျင်မှုတွေကို သက်သာစေပေမယ့် ဘေဘီလေး သွားပေါက်ခါနီး သွားဖုံး နာတာကို သက်သာစေဖို့ အတွက်တော့ ရေခဲ ပေးကိုက်တာက နည်းလမ်းကောင်း မဟုတ်သလို ပူပြင်းတဲ့နေ့တွေမှာ ဘေဘီလေးကို အပူ သက်သာအောင် ဆိုပြီး ရေခဲ ကျွေးတာကလည်း နည်းလမ်းကောင်း မဟုတ်ပါဘူး။

ဘေဘီလေးကို ရေခဲမကျွေးပါနဲ့လို့ ဆိုရတာက

ဘေဘီလေးကို ရေခဲ ကျွေးတာက မတူညီတဲ့ ခံစားချက်ကို ရစေသလို အာရုံသိမှုတွေကို ပိုမို သိရှိစေနိုင်တယ် ဆိုပေမယ့် အခုလို ဆိုးကျိုးလေးတွေ ရှိနေတာကြောင့်ပါ။

  • ရေခဲက သွားဖုံးတွေကို ရှစေနိုင်တယ်
  • သွားဖုံးတွေကို ပျက်စီးစေနိုင်တယ်
  • သွားကြွေလွှာတွေ ပျက်စီးစေနိုင်တယ်
  • ရေခဲက ကိုင်တွယ်တဲ့အခါ ချော်ထွက်တတ်သလို ဘေဘီလေးရဲ့ လည်ချောင်းထဲမှာ တစ်ဆို့တာမျိုး ဖြစ်စေနိုင်တယ်
  • ရေခဲမှာ အစွန်းလေးတွေ ပါနေတာက ဘေဘီလေးရဲ့ နှုတ်ခမ်း နဲ့ ပါးစောင်တွေကို ရှတာမျိုးတွေ ဖြစ်စေနိုင်တယ်
  • ရေခဲတဲ့ ရေမသန့်ရင် ဝမ်းလျှောနိုင်တယ်
  • ရေခဲ နင်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်တယ်။

ဘေဘီလေးကို ဘယ်အရွယ်မှာ ရေခဲ စကျွေးလို့ ရမလဲ…….

ဘေဘီလေးကို အသက် ၄ နှစ် မပြည့်မချင်း ရေခဲ မကျွေးသင့်ပါဘူး။ ဘေဘီလေးကို ရေခဲကို သေချာ ဝါးစားနိုင်ပြီ ဆိုတဲ့ အရွယ်ရောက်မှသာ ရေခဲကျွေးသင့်ပါတယ်။

ဒါမှ ဘေဘီလေး မတော်တဆ ရေခဲ နင်ပြီး အသက်အန္တရာယ် ဖြစ်တာမျိုး မရှိမှာပါ။ ရေခဲ စားနိုင်ပြီဆိုတဲ့ အချိန်မှာလည်း ဘေဘီလေးကို ရေခဲ ခဏခဏ မကျွေးသင့်ပါဘူး။ ရေခဲ ဝါးစားတာက သွားတွေကို ပျက်စီး စေနိုင်တာကြောင့်ပါ။ နုနယ်သေးတဲ့ ဘေဘီလေးရဲ့ သွားတွေကိုဆိုရင် ကြွေလွှာ ပျက်စီးတာအပြင် သွားကြံ့ခိုင်ရေးကိုပါ ကျဆင်းစေနိုင်ပါတယ်။

ဘေဘီလေးကို ရေခဲ ကျွေးတဲ့အခါ

ဘေဘီလေးက အသက် ၄ နှစ် ပြည့်ပြီးလို့ ရေခဲ ကျွေးမယ် ဆိုရင်လည်း ရေခဲကို အရွယ်အစား သေးသေးလေးတွေ ဖြစ်အောင် ထုခွဲပေးပြီး ပိုက်ပါတဲ့ ဗူးလေးထဲ ထည့်လို့ သစ်သီးဖျော်ရည်လေးတွေနဲ့ တွဲပြီး တိုက်တာက အကောင်းဆုံးပါ။ ရေခဲတုံးကို အတုံးလိုက် ပေးဝါးတာက ရေခဲ နင်တာကို ဖြစ်စေနိုင်ပြီး ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

ကဲ……. ဘေဘီလေးကို ဘာကြောင့် ရေခဲ မကျွေးသင့်တာလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။