backup og meta

ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

    လူရယ်လို့ ဖြစ်လာရင် အညစ်အကြေးတွေ၊ ပေကျံစေတဲ့ အရာတွေ၊ ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့် ရောဂါမဖြစ်စေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့ နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင် မေးစရာ ရှိလာတာက ပက်လက်ကလေးပဲ နေနေရတဲ့ ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ ဘေဘီလေးကို လက်ဆေး ပေးဖို့ လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ဘေဘီပိစိ လက်ဆေးဖို့လိုမလား …….

    ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား ဆိုတော့ နုနယ်တဲ့ အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက် လာမှာပါ။ ဘေဘီလေးတွေက သူတို့ရဲ့ လက်ကလေးတွေနဲ့ ဘာမှ မကိုင်ဘူး ဆိုပေမယ့် ပြင်ပလေထုထဲက မမြင်ရတဲ့ ရောဂါပိုးတွေကတော့ ဘေဘီလေးရဲ့ လက်မှာ ကပ်ငြိနိုင်ပါတယ်။ ဒါ့ပြင်  လေးဖက်ထောက်ပြီး လျှောက်သွားတတ်တဲ့ အရွယ်ဆိုရင်လည်း လက်မှာ ဖုန်တွေ၊ ပိုးတွေ ကပ်ပါလာနိုင်ပါတယ်။

    ဒါကြောင့် ဘေဘီပိစိလေးကိုလည်း လက်ဆေးပေးဖို့ လိုပါမယ်။ အရမ်းငယ်သေးတဲ့ ဘေဘီလေးကိုတော့ ဂွမ်းစ၊ ဒါမှမဟုတ် အဝတ်စ သန့်သန့်လေးမှာ ရေနွေးနွေးလေး စွတ်ပြီး လက်ချောင်းလေး တစ်ချောင်းချင်းစီ၊ လက်ဖဝါး နဲ့ လက်ခုံတွေကို သေချာလေး သန့်စင်ပေးဖို့ လိုပါမယ်။ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Wet tissue ကို အသုံးပြုပေးလို့လည်း ရပါတယ်။

    လက်ဆေးတာက ကျန်းမာရေးအတွက် တကယ်ပဲ အထောက်အကူပြုတာလား…….

    လက်ဆေးတာက ရောဂါပိုးမွှားတွေ ပြန့်ပွားကူးစက်မှုကို အထိရောက်ဆုံး တားဆီးပေးနိုင်တဲ့ လွယ်ကူရိုးစင်းတဲ့ နည်းလမ်းပါ။ ဘေဘီလေးတွေမှာ အဖျားဝင်တာ၊ ဝမ်းကိုက်ပိုးဝင်တာ အပါအဝင် အခြားသော ရောဂါပိုးတွေ ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက်ရော တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပါ ထိရောက်ရိုးစင်းတဲ့ နည်းလမ်းပါ။

    နောက်တစ်ချက်က မေမေဖေဖေတို့က ကိုယ်တိုင်လည်း လက်ဆေးမယ်။ ဘေဘီလေးကိုလည်း ငယ်ငယ်ကတည်းက လက်ဆေးတဲ့အကျင့်ကိုသင်ထားပေးမှ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်စေမှာပါ။ဘေဘီလေးကို ငယ်စဉ်ကတည်းက အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကိုကိုယ်တွယ်ပြီးတိုင်းမှာ လက်ဆေးတဲ့အကျင့်ကို မွေးမြူပေးထားပါ။

    ဘေဘီလေးကို လက်ဆေးပေးတော့မယ်ဆိုရင်

    ဘေဘီလေးကို လက်ဆေးပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို အဆင့်လိုက် လုပ်ဆောင်ပေးဖို့ လိုပါမယ်။

  • အရင်ဆုံး ရေကိုဖွင့်ပါ။
  • လက်ဖမိုးနဲ့ ရေအပူချိန်ကို စမ်းကြည့်ပါ။
  • လက်နှစ်ဖက်စလုံးကို ဖွင့်ထားတဲ့ ရေပိုက်အောက်မှာ ထားပါ။
  • လက်ကို ရေစိုအောင် လုပ်ပြီးတဲ့အခါ လက်ဖဝါးထဲကို ဆပ်ပြာထည့်ပါ။
  • ပြီးရင် လက်ကို အသာအယာလေး ပွတ်ပေးပါ။
  • လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြားလေးတွေကိုပါမကျန် သေချာ ပွတ်တိုက်ပေးပါ။ စက္ကန့် ၂၀လောက် ကြာအောင် သေချာပွတ်တိုက်ပေးပါ။ ဒါမှရောဂါပိုးတွေစင်မှာပါ။
  • ပြီးရင်တော့ လက်ကို ရေလောင်းချလို့ သေချာလေး ဆေးကြောပေးပါ။
  • နောက်ဆုံး အဆင့်ကတော့ အစီအစဉ်တကျ ဆေးကြောထားတဲ့ လက်ကလေးတွေကို အဝတ်စသန့်သန့်လေးနဲ့ ခြောက်သွေ့အောင် သုတ်ပေးဖို့ပါ။
  • ဘေဘီလေးကို ငယ်ငယ်ကတည်းက လက်သေချာ ဆေးကြောတတ်တဲ့ အကျင့်ကို မွေးမြူပေးပါ။ ဒါမှ ကလေးက တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလိုက်နာတတ်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ် ရောက်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement