backup og meta

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ

အသားအရေခြောက်တဲ့ ပြဿနာက မွေးကင်းစကလေးတွေရော ကလေးငယ်တော်တော်များများမှာပါ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြားခြောက်တာက အရွယ်သုံးပါးစလုံးရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဆိုပေမယ့် ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ ကတော့ ပိုဆိုးနိုင်ပါတယ်။ ပိုပြီး ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။

အသားအရေခြောက်တယ် ဆိုတာ

အရေပြားမှာ အသားအရေကို စိုစွတ်ချောမွေ့နေစေအောင် ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓာတ်တွေ ရှိနေပါတယ်။ ကောင်းကောင်းမဖွံ့ဖြိုးတဲ့ ကလေးငယ်ရဲ့ အရေပြားက အဆီကို လုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။ ဒီလိုမျိုး ကလေးအရေပြားက အဆီမထုတ်လုပ်တော့တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ ဓာတ်မတည့်တာနဲ့ ယားယံခြောက်သွေ့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာကို သေချာမကုဘူးဆိုရင် အရေပြားမှာ ကွဲအက်တာတွေ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တော်တော်များများက မွေးကင်းစကတည်းက အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေ လန်နေတာမျိုး ရှိတတ်ပါတယ်။ ဒါက ပုံမှန်အနေအထားပါပဲ။ အချိန်ကြာလာတဲ့အမျှ သက်သာလာပါတယ်။

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ အကြောင်းရင်းခံတွေ

  • ရေအလွန်အကျွံချိုးခြင်းနဲ့ ဆပ်ပြာအသုံးပြုခြင်း

ရေကို အလွန်အကျွံချိုးတာနဲ့ ဆပ်ပြာတွေ အသုံးပြုတာက ကလေးရဲ့ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ အရင်ကတည်းက အသားအရေခြောက်သွေ့နေမယ်ဆိုရင်တော့ ပိုပြီး ဆိုးစေမှာသေချာပါပဲ။ ဆပ်ပြာက အရေပြားပေါ်က အဆီဓာတ်တွေကို ဖယ်ရှားလိုက်သလို အစိုဓာတ်ထိန်းသိမ်းမှုကိုလည်း ခက်ခဲစေနိုင်ပါတယ်။ တချို့မိဘတွေက ကလေးငယ်တွေကို ရေမကြာခဏချိုးပေးတတ်ပါတယ်။ ဒီအတွက် အရေပြားခြောက်သွေ့တာတွေ ပိုဆိုးလာပါတယ်။

  • ရာသီဥတုအနေအထား

ရာသီဥတုအနေအထားကလည်း ကလေးငယ်ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ရာသီဥတု (သို့မဟုတ်) အေးမြတဲ့ရာသီဥတုအခြေအနေတွေက အရေပြားပေါ်က အစိုဓာတ်ကို နည်းပါးစေပြီး အရေပြားခြောက်သွေ့စေနိုင်ပါတယ်။

  • မျိုးရိုးလိုက်တဲ့ဝေဒနာ

နှင်းခူ (eczema) လိုမျိုး မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း ကလေးက အသားခြောက်နိုင်ပါတယ်။

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ လက္ခဏာရပ်တွေ

ကလေးတွေမှာ အသားအရေခြောက်တဲ့အခါ ခြောက်ရုံတင်မကဘဲ ယားယံပြီး အဖတ်လေးတွေ လန်တာမျိုး ဖြစ်နေတတ်ပါတယ်။ ကလေးအရေပြားပေါ်မှာ ခပ်ကြမ်းကြမ်းအကွက်လေးတွေ ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး ယားယံမှုတွေဖြစ်တဲ့အခါ ကလေးကအရေပြားကို ကုတ်တာ၊ ပွတ်တာမျိုးတွေလုပ်တာကြောင့် အရေပြားမှာ ထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ကလေးအသားအရေက အရမ်းခြောက်နေမယ်ဆိုရင် အရေပြားကွဲအက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်တာက ကလေးကိုနာကျင်စေနိုင်သလို သွေးထွက်တာမျိုး၊ ပိုးဝင်တာမျိုးတွေအထိလည်း ဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီမြန်းနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ အရေပြားခြောက်သွေ့တာက နေရာမရွေး၊ အချိန်ကာလမရွေး ဖြစ်နိုင်ပါတယ်။ ကလေးအများစုက မျက်နှာ၊ လက်မောင်းနဲ့ ခြေလက်တွေ အထူးသဖြင့်တော့ တံတောင်ဆစ်တို့မှာ ဖြစ်ကြတာ များပါတယ်။

တကယ်လို့ အရေပြားခြောက်တဲ့နေရာက အရမ်းယားနေမယ်။ ခြောက်သွေ့နီရဲနေမယ်။ ဒါ့အပြင် အရေပြားခြောက်တာက တံတောင်ဆစ်အတွင်းပိုင်းနဲ့ ဒူးအနောက်ပိုင်းတွေမှာ ဖြစ်နေမယ်ဆိုရင်တော့ နှင်းခူဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့တဲ့အခါ အခုလိုမျိုးလက္ခဏာတွေလည်းတွေ့နိုင်ပါသေးတယ်။

  • အရေပြား ကြမ်းတမ်းမယ်
  • အရေပြား အဖတ်လန်မယ်
  • အရေပြားမှာ ကျိန်းစပ်စပ်ဖြစ်နေမယ်
  • အရေပြားကို အကိုင်မခံနိုင်တာမျိုးဖြစ်မယ်
  • အရေပြား ကွဲအက်မယ်
  • အပေါ်ယံအရေပြားလွှာ ကွာကျမယ်

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ ကို ပိုဆိုးစေနိုင်တဲ့အချက်များ

ကလေးအရေပြားခြောက်တာကို ပိုဆိုးစေနိုင်တဲ့အရာတွေ ရှိပါတယ်။ ဘယ်လိုအရာတွေက ပိုဆိုးနိုင်စေလဲဆိုတော့

  • အေးမြခြောက်သွေ့တဲ့ အနေအထား
  • ကလေးငယ်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံ
  • ဆေးဝါးတွေ
  • ဟော်မုန်းမတည်ငြိမ်တာ
  • ဖျားနာတာ
  • ရေချိုးများတာ
  • ဆပ်ပြာရည်တွေနဲ့ အလွန်အကျွံထိတွေ့တာ
  • ကလေးကို သေးခံအစိုကြီးနဲ့ အချိန်အကြာကြီးထားတာ
  • ကလေးအတွက် အသုံးပြုနေတဲ့ပစ္စည်းတွေက ဓာတ်မတည့်မှုဖြစ်စေတာ
  • အပြင်းစားဆပ်ပြာတွေနဲ့ antibacterial ပိုးသတ်ဆပ်ပြာတွေကြောင့်လည်း ကလေးအသားအရေခြောက်သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။

ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ မဖြစ်စေဖို့

  • အရေပြားပေါ်က သဘာဝအဆီဓာတ်ကို ထိန်းသိမ်းပေးပါ။
  • မွေးစကလေးတွေမှာ ပါလာတတ်တဲ့ အဖြူဖတ်တွေ vernix caseosaတွေကို မခွာပစ်ပါနဲ့။
  • ရေကို အချိန်အကြာကြီးချိုးပေးတာမျိုး မလုပ်ပါနဲ့။
  • ရေခဏခဏ မချိုးပေးပါနဲ့။ မွေးစကလေးကို နေ့စဉ်ရေချိုးပေးဖို့ မလိုပါ။ တစ်ပတ်ကို ၂-၃ကြိမ်ဆို လုံလောက်ပါပြီ။
  • ရေမချိုးပေးဘဲလည်း မနေပါနဲ့။
  • ရေချိုးပေးတဲ့အခါ ကြက်သီးနွေး ရေနွေးနဲ့ ခဏလောက်ပဲချိုးပေးပါ။ ရေပူမသုံးပါနဲ့။
  • အနံ့ပြင်းပြီး အရောင်ပါတဲ့ ဆပ်ပြာရည်တွေမသုံးပါနဲ့။
  • Antibacterial ပိုးသတ်ဆပ်ပြာတွေကို မသုံးပါနဲ့။ အရေပြားခြောက်စေနိုင်တဲ့ ဆပ်ပြာတွေမသုံးပါနဲ့။ ကလေးဆပ်ပြာအပျော့စားနဲ့ပဲ ချိုးပေးပါ။
  • ကလေးအခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေး ထားပေးပါ။
  • ကလေးကို moisturizer လူးပေးပါ။

အသားအရေက လူတိုင်းအတွက် အရေးကြီးတာကြောင့် ကလေးတွေကို ငယ်စဉ်ကစပြီး အသားအရေတွေကို သေချာထိန်းသိမ်းပေးဖို့လိုပါတယ်။ အခုအပေါ်မှာပြောခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ဘေဘီလေးတွေကို အသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ကြပါစေကြောင်း။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://raisingchildren.net.au/articles/dry_skin.html

http://www.aboutkidshealth.ca/En/HealthAZ/ConditionsandDiseases/Dermatology/Pages/Dry-Skin.aspx

https://www.medicinenet.com/dry_skin/article.htm

ယခုပုံစံ

01/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 01/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement