မေမေတို့ အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့ အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့ အသားဝါတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့ အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။ အဲဒီမေးခွန်းရဲ့ အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။
ဆေးပညာမှာခေါ်တဲ့ Jaundice ဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာ bilirubin တွေများနေတာကြောင့်ပဲဖြစ်ပါတယ်။
ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့ အလိုလို ပေါက်ကွဲပျက်စီးပါတယ်။ Bilirubin ဆိုတာ အဲဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲရာက ထွက်လာတဲ့ အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို ထွက်လာတဲ့ Bilirubin တွေကို အသည်းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့် အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။
မွေးကင်းစကလေးတွေရဲ့ အသည်းက လူကြီးတွေလို ကောင်းကောင်းအလုပ်မလုပ်သေးနိုင်တာကြောင့် သွေးတွင်းမှာ Bilirubin တွေစုပုံလာပြီး ကလေးတွေ အသားဝါရတာဖြစ်ပါတယ်။ ရက်ကြာလာတဲ့အမျှ ကလေးရဲ့ အသည်းက ပုံမှန်လည်ပတ်နိုင်လာတာကြောင့် အသားဝါတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆေးကုသမှု ခံယူဖို့လိုအပ်တဲ့ တစ်ချို့ အသားဝါတဲ့ ပြဿနာတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကလေး အသားဝါပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆသင့်ပါဘူး။
Jaundice မှာ physiological ( ပုံမှန်ဖြစ်နေကျ) နဲ့ pathological ( ရောဂါအခံတစ်ခုခုကြော့င်) jaundice ဆိုပြီး နှစ်မျိုးရှိပါတယ်။
Jaundice ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အသားတွေက ဝါနေပါလိမ့်မယ်။ စစချင်းမှာ မျက်နှာကစပြီး ရင်ဘတ်၊ ဗိုက်နဲ့ ခြေထောက်ဆီကို တဖြည်းဖြည်း အဝါပြန့်သွားပါလိမ့်မယ်။ ကလေးရဲ့ မျက်လုံးအဖြူသားနေရာမှာလည်း ဝါနေတတ်ပါတယ်။ သွေးတွင်းမှာ bilirubin အများကြီးရှိပြီး ဝါထိန်နေတဲ့ကလေးတစ်ယောက်ဟာ တစ်ချိန်လုံး အိပ်ချင်နေတတ်ပြီး၊ နုန်းနေမယ်၊ ကိုယ်လုံးကလည်း ပျော့ဖတ်နေတတ်ပြီး အစားကျွေးရလည်း ခက်နေပါလိမ့်မယ်။ အသားမဲတဲ့ကလေးတွေမှာလို ဒီလို အသားဝါတာဟာ မသိသာဘဲဖြစ်နေတတ်ပါတယ်။ ဒါေ့ကြာင့် သေချာချင်ရင် အသားမဲတဲ့ကလေးတွေရဲ့ နဖူးနဲ့ နှာခေါင်းလေးကို လက်လေးနဲ့အသာလေးဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ ဖိထားတဲ့ နေရာမှာ ဝါကျန်ခဲ့နေရင် သင့်ကလေးမှာ Jaundice ဖြစ်နေပါပြီ ။
ကုသတဲ့နည်းတွေကတော့ အသားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း၊ သွေးတွင်း bilirubin ပမာဏနဲ့ ကလေးအသက်ပေါ်မူတည်ပြီးကွဲပြားလေ့ရှိပါတယ်။
ပုံမှန်ဖြစ်တတ်တဲ့ အသားဝါတဲ့ ပြဿနာကတော့ ကလေးအသက် ၂ ပတ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတဲ့အတွက် ထူးထူးခြားခြား ဆေးကုသမှုတွေ မလိုပါဘူး။ ကလေးကို မိခင်နို့များများတိုက်သင့်ပြီး မိခင်နို့မထွက်တဲ့ကိစ္စတွေမှာဆို ဆရာဝန်တွေက အခြားဖြည့်စွက် အာဟာရ နို့မှုန့်တွေ တိုက်ဖို့ ညွန်ကြားပါလိမ့်မယ်။
ပြင်းထန်တဲ့ အသားဝါတဲ့ ပြဿနာတွေမှာတော့ ကုသမှုကို တတ်နိုင်သမျှ စောစာခံယူဖို့ လိုအပ်ပါတယ်။
ဒ့ါကြောင့် ကိုယ့်ကလေးက မွေးပြီး သိပ်မကြာခင် အသားဝါလာပြီ၊ ၂ပတ်ကျော်တဲ့ အထိလည်း မပျောက်ဘူး ဆိုရင်တော့ ကလေးရဲ့ သည်းခြေလမ်းကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာနဲ့ အခြား ပြဿနာတွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။