backup og meta

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး

ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုးဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။

ပွေး (Baby face Ringworm) ဆိုတာကဘာလဲ

ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ပွေး ဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။

ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တွေနဲ့ မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။

ဒါက နို့ပွေးနဲ့ မတူပါဘူး။ နို့ပွေးက အရေပြားရောဂါပါ။ ဒါကတော့ မှိုပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ဘယ်လိုကူးစက်နိုင်လဲ

ထိတွေ့မှုတွေကနေတဆင့် အဆိုပါမှိုပိုးက ကူးစက်တာဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အခင်းပြားတွေ၊ ခေါင်းဖြီးတဲ့ ဘရှပ်စ်တွေ၊ အဝတ်အစားတွေနဲ့ ဦးထုပ်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့်လည်း ကူးစက်နိုင်သလို မှိုပိုးတွေရှိနေတဲ့ မြေကြီးနဲ့ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဥယျာဉ်ထဲမှာပေးဆော့တာ၊ ပန်းခြံထဲမှာပေးဆော့တာမျိုးတွေမလုပ်ပါနဲ့။ အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေကနေတဆင့်လည်း ကလေးတွေကို မှိုပိုးကူးစက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။

လက္ခဏာများ

ပွေးက တစ်ခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တာမျိုးရှိသလို တစ်ခါတလေ အကွက်တွေအများကြီးထွက်တာမျိုးလည်းရှိပါတယ်။ တကယ်လို့များ ပွေးက ဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် အရင်ဆုံးစဉ်စားရမှာက ကလေးကဗောက်ထတာလား ဒါမှမဟုတ် (cradle cap) ကလေးဦးရေပြားမှာအဆီများတာကြောင့် အရေခွံကွာတာလားဆိုတာပဲဖြစ်ပါတယ်။ ပွေးက ဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် ဆံပင်ကျွတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ပွေးက မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ ပွေးက ၁ လက်မကနေ ၂ လက်မလောက်ရှိတဲ့ အဝိုင်းလေးဖြစ်ပါတယ်။ အနားသတ်နေရာလေးမှာ အနီရောင်အဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီ အလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။ ကလေးတွေမှာ အနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊ မေးစေ့တွေ၊ မျက်လုံးတဝိုက်၊ နဖူးနဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။

ပွေးဖြစ်ရသည့် အကြောင်းရင်းခံများ

ကလေးငယ်လေးတွေက တစ်နေရာကနေတစ်နေရာ မရွှေ့ပြောင်းနိုင်ကြပါဘူး။ သူတို့က အရာဝတ္ထုတွေကို ထိတွေ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူးစက်ရတာလဲဆိုတဲ့ အကြောင်းအရင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

  • အရေပြားချင်းထိတွေ့မှု
  • အရေပြားထိခိုက်မှု
  • အသုံးအဆောင်တွေကို အတူတူသုံးစွဲတာ
  • အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့် ကူးစက်တာ
  • ရာသီဥတု ပူနွေးတာ
  • အာဟာရမပြည့်ဝတာ
  • ကိုယ်ခံအားနည်းတာ
  • ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့
  • ပူနွေးစိုစွတ်တဲ့ရာသီဥတုအနေအထားကြောင့် ချွေးအလွန်အမင်းထွက်တာကလည်း ကလေးငယ်မှာ ပွေးဖြစ်စေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ဘယ်လိုကုသမလဲ

ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်းလိုက်နာလုပ်ဆောင်ပေးပါ။

ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲ ရောဂါအခြေအနေဆိုးလာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကို ဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာ အုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oilလေးလူးပေးလို့ရပါတယ်နော်။

ဦးရေပြားပေါ်မှာ ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိအချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေးခေါင်းလျှော်ရည် (သို့) ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။

ကလေးမှာ နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကို ရောဂါပိုးတွေ မပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပေးဖို့လိုပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ပွေးနောက်မဖြစ်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်က တစ်ကိုယ်ရေသန့်ရှင်းမှုပဲ ဖြစ်ပါတယ်။
  • ကလေးအရေပြားမှာ ကုတ်ရာ၊ ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့လက်သည်းတွေကို အတိုညှပ်ပါ။
  • ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေညှပ်ပေးပါ။
  • ကလေးငယ်က သူ့ဘာသာကုတ်ခြစ်မိရာကနေလည်း ဘက်တီးရီးယားတွေကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ်လက်အိတ်လေးစွတ်ထားပေးပါ။
  • ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။
  • ကလေးကို မထိတွေ့ခင် လက်ကိုသန့်ရှင်းစင်ကြယ်အောင်အရင်လုပ်ပါ။ ခရင်မ်တွေ ခေါင်းလျှော်ရည်တွေနဲ့ ထိတွေ့ပြီးရင်လည်း လက်ကိုသေသေချာချာဆေးကြောပေးပါ။ မိသားစုဝင်အားလုံးလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။
  • အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားတယ်ဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးပါ။ သူတို့လေးတွေရဲ့ ခန္ဓါကိုယ်မှာ ယားယံနေတာ၊အမွှေးတွေကွက်နေတာမျိုးတွေဖြစ်နေလားဆိုတာကို ကြည့်ရှု့ပေးပါ။
  • ကလေးရဲ့ အရုပ်တွေအပါအဝင် အသုံးအဆောင်တွေကို မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးအသုံးအဆောင်တွေကိုအခြားသူတွေကိုပေးမသုံးပါနဲ့။
  • ကလေးကို ချည်သားအဝတ်အစားလေးတွေ လုံလုံခြုံခြုံဝတ်ပေးပါ။ လက်လေးတွေခြေထောက်လေးတွေပါ လုံခြုံနေအောင်ထားပေးပါ။ မလိုအပ်ဘဲချွေးထွက်တာမျိုးမဖြစ်အောင် ကလေးကိုမလိုအပ်ဘဲ အင်္ကျီအထူတွေမဝတ်ပေးပါနဲ့။
  • ကလေးကလမ်းလျှောက်တတ်စအရွယ်ရောက်နေပြီ ဆိုပါက ကလေးကို ဖိနပ်စီးပေးဖို့မေမေ့ပါနဲ့။

ကဲ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ကို ကာကွယ်ပေးလို့ရတဲ့နည်းတွေကိုသုံးပြီး ကာကွယ်ပေးပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တာကိုး။ဖြစ်လာပြီဆိုရင်လဲ သေချာလေးဂရုစိုက်ပေးပါနော်။ အရေပြားပြဿနာကင်းပြီး ကလေးငယ်လေးတွေနေ့တိုင်းပျော်ရွှင်နိုင်ကြပါစေကြောင်း………

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement