brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကိုပြုစုရတာ လွယ်ကူတယ်တော့မဟုတ်လှပါဘူး။ ဒီလိုပြုစုမှုတွေထဲမှာ မသိလိုက်ဘဲ အမှားလုပ်မိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနေနိုင်တဲ့ အမှားတွေအကြောင်းပြောပြပေးချင်ပါတယ်။

ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကို Diaper (သေးခံ) လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ သတိမထားမိလိုက်ဘဲ ဒီလိုအမှားတွေလုပ်မိနေနိုင်ပါတယ်။

အဆင်သင့်မပြင်ထားမိတာ

ဘေဘီလေးအတွက်သေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကို အဆင်သင့်မပြင်ထားမိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကိုခြင်းတစ်ခုတည်းမှာ စုစည်းထည့်ထားပါ။ပြီးရင် လိုအပ်မယ့်ပစ္စည်းတွေကို လက်လှမ်းမီတဲ့နားထိယူပြီးမှ ကလေးကိုသေးခံလဲပေးပါ။ ဒီလိုအသင့်ပြင်ထားမှုက ကလေးကို မတော်တဆလိမ့်ကျတာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။

သေးခံကိုသေချာမဝတ်ပေးမိတာ

ဒါက အသစ်စက်စက်မိဘတွေမှာဖြစ်တတ်ပါတယ်။ ကလေးကိုနေရတာ သက်သောင့်သက်သာမဖြစ်မှာစိုးပြီး ခပ်လျော့လျော့လေးဝတ်ပေးမိတာ၊ ဒါမှမဟုတ်လျော့ကျနေမှာစိုးပြီး ခပ်တင်းတင်းဝတ်ပေးမိတာမျိုးပေါ့။သေးခံကို ခပ်တင်းတင်းဝတ်ပေးမိတာက ကလေးရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီးသေးခံကြောင့် အရေပြားပွန်းနိုင်ခြေများစေနိုင်ပါတယ်။

ဘေဘီလေးကို သန့်ရှင်းပေးတဲ့နည်းလမ်းမမှန်တာ

သေးခံလဲပေးဖို့အတွက် ဘေဘီလေးကို သန့်ရှင်းပေးတဲ့အခါ ရေစွတ်ထားတဲ့ ဂွမ်းစ ဒါမှမဟုတ် wet tissues ကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံမျိုးနဲ့သန့်စင်ပေးပါ။ ဒီလိုလုပ်ဆောင်ပေတာက မလိုအပ်ဘဲ ပိုးဝင်ကူးစက်တာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

အချိန်အကြာကြီးထားမိတာ

ဘေဘီလေးက သေးပေါက်လိုက်ပြီဆိုတာနဲ့ သေးခံကို ချက်ချင်းလဲပေးဖို့လိုပါမယ်။ သေးခံက စုပ်ယူမှုအားကောင်းတယ်ဆိုပေမယ့် သေးခံကို မလဲပေးမိဘဲ အချိန်အတော်ကြာတဲ့ အထိထားလိုက်တာကဘေဘီလေးကို သေးခံလောင်တာအပါအဝင် အခြားပြဿနာတွေပါခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကို မကြာခဏသေးခံလဲပေးဖို့ မမေ့ပါနဲ့။

အဝတ်အစားမလဲပေးမိတာ

ဘေဘီလေးကို သေးခံလဲပေးတဲ့အခါ အဝတ်အစားကိုပါ စမ်းကြည့်ပါ။ စိုနေရင် တစ်ခါတည်း လဲပေးပါ။ သေးခံမှာပဲစိုတာပါ။ ဘောင်းဘီတော့မလဲဘူးဆိုပြီး မထားလိုက်စေချင်ပါဘူး။ ဘက်တီးရီးယားတွေပေါက်ဖွားဖြစ်ပေါ်မှုကင်းစေဖို့အတွက် ဘေဘီလေးကိုသေးခံလဲပေးတိုင်း အဝတ်အစားပါတစ်ခါတည်းလဲပေးပါ။

Nappy Creamတွေအများကြီးလူးပေးတာ

ဘေဘီလေးကိုသေးခံလောင်မှာ စိုးတာကြောင့် နူးညံ့တဲ့အသားအရေလေး မထိခိုက်အောင်ဆိုပြီး အစိုဓာတ်ထိန်းတဲ့အနေနဲ့ ခရင်မ်တွေကို အများကြီးလူးပေးနေမိပြီလား။ ဒီလိုလူးပေးတာက အသင့်အတင့်ဆို အဆင်ပြေပေမယ့် အများကြီးလူးပေးတာက ဘေဘီလေးအတွက် အဆင်မပြေပါဘူး။ ဒီလိုလုပ်တာက ဘေဘီလေးကို သက်သောင့်သက်သာမဖြစ်အောင် လုပ်ရာကျနေပါတယ်။

ပေါင်ဒါမှုန့်သုံးတာ

သေးခံလဲပေးတိုင်းပေါင်ဒါသုံးပေးတာမျိုးရှိနိုင်ပါတယ်။ တကယ်ကတော့ ဘေဘီလေးကို ခြောက်သွေ့အောင် သုတ်ပေးသန့်စင်ပေးတာနဲ့တင် လုံလောက်နေပါပြီ။ ပေါင်ဒါရယ်လို့ သီးသန့်မလိုအပ်ပါဘူး။ အကြောင်းကတော့ ဘေဘီလေးတွေအတွက် ပေါင်ဒါက အရမ်းအဆင်မပြေနိုင်တာကြောင့်ပါ။ တကယ်လို့ ဘေဘီလေးမှာ သေးခံလောင်မှာစိုးရင် Baby Oil ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။