သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတစ်ယောက် ဘဝထဲရောက်လာရင် သူကျန်းမာပျော်ရွှင်နေစေဖို့အတွက်က အရေးကြီးဆုံးကိစ္စဖြစ်လာပါပြီ။ ကိုယ်တိုင်ဆုံးဖြတ်တာထက် သူများပြောသမျှတွေကိုလည်းကောင်းနိုးနိုးလုပ်ဆောင်ပေးမိတယ်လေ။ ဖိုးဖိုးဖွားဖွားတွေ၊ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေပြောသမျှကို ကလေးအတွက်ကောင်းမယ်ဆိုရင်လိုက်လုပ်မိတတ်ကြပါတယ်။ အတွေ့အကြုံမရှိတော့ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုယူရတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုအတွေ့အကြုံတွေထဲမှာ အကြံဉာဏ်ပေးသူကိုယ်တိုင်က အသိမှားထားတာလေးတွေရှိနေတတ်ပါတယ်။

ကလေးအာဟာရနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးအချို့

အလွဲ (၁) – ကလေးက မိခင်နို့နဲ့ဓါတ်မတည့်ဖြစ်နိုင်တယ်

ကလေးတွေက မိခင်နို့နဲ့ဓါတ်မတည့်ဘူးဆိုတာမရှိပါဘူး။ ကလေးက အစားပုတ်လေးဆိုရင်တော့မေမေ့ဆီကနို့တွေကို အငမ်းမရစို့တာကြောင့် နို့ပြန်အန်တာမျိုး၊ အရမ်းဆာနေတာကြောင့် နို့တွေကိုအများကြီးသောက်မိရာကနေ အန်တာမျိုးဖြစ်နိုင်ပါတယ်။ မိခင်နို့နဲ့ ဓါတ်မတည့်တာကြောင့် အန်တာမျိုးတော့မဟုတ်ပါဘူး။

အလွဲ (၂) – နို့စို့ကလေးတွေရေသောက်ဖို့လိုတယ်

ကလေးတွေအတွက် မိခင်နို့တိုက်ရုံနဲ့ လိုအပ်တဲ့ရေဓါတ်ရော အာဟာရဓါတ်တွေပါပြည့်စုံနေပါပြီ။ ကလေးကိုရေသီးသန့်ထပ်တိုက်ပေးဖို့ မလိုပါဘူး။ ကလေးငယ်တွေဟာမွေးစကနေ အသက် ၆ လအထိ မိခင်နို့မှာပါတဲ့ အရည်ဓါတ်နဲ့ပြည့်စုံလုံလောက်နေပါပြီ။ တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို နို့အပြင် အခြားသောက်စရာတွေကို စတိုက်ရမှာပါ။

အလွဲ (၃) – ကလေးကို အဆီပါတဲ့နို့တိုက်ရမယ်

ကလေးက အရွယ်လေးရလာလို့ နွားနို့တိုက်မယ်ဆိုရင် အဆီထုတ်ထားတဲ့ နို့တွေနဲ့ အဆီပါဝင်မှုနည်းတဲ့နို့တွေမတိုက်ဘဲ အဆီပါတဲ့ နို့ကို တိုက်မှ ကလေးကကြီးထွားဖွံ့ဖြိုးမယ်လို့ ယူဆထားကြတာရှိပါတယ်။ တကယ်တော့ ကလေးကအာဟာရပြည့်ဝစွာရရှိဖို့လိုတာမှန်ပေမယ့် ကလေးရဲ့ မျိုးရိုးက အဝလွန်တာ၊ နှလု့ံးရောဂါရှိတာ၊သွေးတွင်းကိုလက်စထရောများတာမျိုးတွေရှိမယ်ဆိုရင်တော့ ကလေးကို အဆီထုတ်နို့ ဒါမှမဟုတ်အဆီမပါတဲ့ နို့တိုက်ဖို့လိုပါမယ်။

အလွဲ (၄) – ကလေးကို အစာစကျွေးချိန်မှာ Cereal ပဲကျွေးသင့်တယ်

ကလေးကို ဘာစကျွေးရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ ကလေးကအစားစစားချိန်မှာ သူခံတွင်းတွေ့တာလေးတွေကိုကျွေးပေးလို့ရပါတယ်။ Cereal ပဲကျွေးရမယ်၊လို့ တသမတ်တည်း သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဒိန်ချဉ်၊နွားနို့၊ ထမင်း၊ အသား၊ အသီးအရွက်၊ သစ်သီးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးစားလို့ အဆင်ပြေအောင်ပြင်ဆင်ကျွေးမွေးလို့ရပါတယ်။

အလွဲ (၅) – ကလေးတစ်နှစ်ပြည့်မှ ဒိန်ချဉ်ကျွေးရမယ်

ဒီနေရာမှာနည်းနည်းတော့ပြောစရာရှိနေပါတယ်။ ကလေးက နွားနို့နဲ့ဓါတ်မတည့်ဘူးဆိုရင် ကလေးကို ဒိန်ချဉ်မကျွေးသင့်တာအမှန်ပါပဲ။ ဒါပေမယ့် ကလေးက နွားနို့နဲ့ ဓါတ်မတည့်တာမျိုးမရှိဘူးဆိုရင်တော့ ကလေးက အစားစစားနိုင်ချိန်ကစပြီး ကလေးကို ဒိန်ချဉ်တိုက်လို့ရပါတယ်။ ဒိန်ချဉ်က ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ပရိုတင်း နဲ့ ဗီတာမင်တို့ကိုထောက်ပံ့ပေးနိုင်မှာပါ။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေမှာပါ။

အလွဲ (၆) – ကလေးကို အစားစစားနိုင်ချိန်မှာ သစ်သီးကျွေးပေးရင် ငယ်သွားမြန်မြန်ထွက်တယ်

ကလေးတွေက သူ့အရွယ်နဲ့သူဖွံ့ဖြိုးမှုတွေဖြစ်လာတာပါ။ ဒါကြောင့် သစ်သီးစကျွေးတာနဲ့ ငယ်သွားကမြန်မြန်ထွက်လာမှာတော့ မဟုတ်ပါဘူး။ ကလေးကို အရသာအစုံစားတတ်စေချင်တာကြောင့် သစ်သီးကျွေးတာမျိုးက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကလေးကို လိုအပ်တဲ့အာဟာရတွေပြည့်စုံဖို့ကို ပဲအဓိကထားကျွးစေချင်ပါတယ်။ ကလေးက အစားစစားတတ်ပြီဆိုတာနဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစုံလင်အောင်ကျွေးပေးပါ။

အလွဲ (၇) – ကလေးကို ဓါတ်မတည့်မှုမဖြစ်အောင်မြေပဲမကျွေးသင့်ဘူး

မြေပဲကတော်တော်များများမှာ ဓါတ်မတည့်မှုဖြစ်စေတဲ့ အစားအစာတစ်မျိုးပေါ့။ ကလေးကိုလည်း ဓါတ်မတည့်မှုဖြစ်မှာစိုးတာကြောင့်မြေပဲကို နည်းနည်းကြီးလာမှကျွေးတာကောင်းတယ်၊လို့ပြောတာကြားဖူးမယ်ထင်ပါတယ်။ ဒါပေမယ့်တော်ရန်တိုဆေးရုံကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ကလေးကို ငယ်စဉ်ကတည်းကမြေပဲကျွေးတာက ကလေးမှာမြေပဲဓါတ်မတည့်မှုဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကလေးကို အစားစစားတတ်ချိန်မှာမြေပဲ နဲ့မြေပဲထောပတ်တို့ကိုကျွေးပေးလို့ရပါတယ်။

ဒါလေးဖတ်ပြီး အလွဲလေးတွေကိုပြင်လိုက်ပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။