backup og meta

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

    ပါးစပ်ထဲက လျှာက အစားအစာကို အရသာခံတာထက် ပိုပါတယ်။ ဒါဆို စကားပြောဖို့ အသုံးဝင်တာလားလို့ မပြောနဲ့နော်။ လျှာက စကားပြောဖို့၊ အရသာသိဖို့အပြင် ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနိုင်ပါတယ်။  လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေက အမျိုးမျိုးပါ။ ဒီတော့ ကိုယ်တိုင် လျှာလေးကို စစ်ဆေးကြည့်လိုက်နော်။

    လူတစ်ယောက်ဟာ ကျန်းမာနေတယ်ဆိုရင် သူ့ရဲ့ လျှာက ပန်းရောင်သွေးသန်းပြီး အပေါ်မှာ အဖြူရောင် ခပ်ပါးပါးလေး ရှိနိုင်ပါတယ်။ ပန်းရောင်က ရင့်တာ ရှိသလို ခပ်ဖျော့ဖျော့လည်း ဖြစ်နိုင်ပါတယ်။

    နောက်တစ်ချက်က လျှာပေါ်မှာ အဖုလေးတွေရှိနေတာပါ။ အဖုအပိမ့်မဟုတ်ဘဲ လျှာပေါ်ကအရသာခံစားနိုင်တဲ့ အဖုသေးသေးလေးတွေ မြင်သာနေတဲ့ အနေအထားပါ။

    လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ

    လျှာအရောင်ကို​ကြည့်ပြီး ဘယ်လို ကျန်းမာရေးအခြေအနေတွေ ခံစားနေရတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။

    အနက်ရောင် လျှာ

    လျှာပေါ်မှာ keratin ဖြစ်နေတဲ့အခါ လျှာက မည်းနေနိုင်ပါတယ်။ Keratin ဆိုတာက အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေမှာ ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ Keratin ဖြစ်ပေါ်မှုက လျှာကို အနက်ရောင်ဖြစ်စေတာ အမွှေးတွေ ထူစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒါ့ပြင် ဒီအချက်တွေကြောင့် လျှာက အနက်ရောင်ဖြစ်ရတာပါ။

    အဖြူရောင် လျှာ

    လျှာမှာ အဖေးတွေ ဖြစ်တာက လျှာဖြူတာ၊ လျှာမျာ အဖြူရောင် အကွက်တွေ ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ခံတွင်း မှက္ခရုလိုမျိုး မှိုပိုးဝင် ကူးစက်တာကြောင့်လည်း လျှာဖြူနိုင်ပါတယ်။

    ခံတွင်း မှက္ခရုဖြစ်တာဆိုရင် လျှာက ထူထူကြီး နဲ့ နာနေနိုင်ပါတယ်။ လျှာမှာ အဖြူရောင် ဒါမှမဟုတ် အနီရောင် အကွက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ မျိုချရခက်တာ၊ အစားစားရခက်တာမျိုး ဖြစ်နိုင်ပါတယ်။

    နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက လျှာဖြူတာဟာ ဆေးလိပ်သောက်သုံးလို့ပါ။ ဓာတ်မတည့်မှု တစ်ခုခုဖြစ်တဲ့အခါမျိုးမှာလည်း လျှာဖြူတာမျိုး ရှိနိုင်ပါတယ်။

    ခရမ်းရောင် လျှာ

    လျှာက ပုံမှန်အရောင် မဟုတ်ဘဲ ခရမ်းရောင်ဖြစ်နေရတာက နှလုံးရောဂါ အခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်သလို သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက လျှာ ခရမ်းရောင်ဖြစ်နေရတာက ရှာပါး ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တဲ့ သွေးကြောတွေ ရောင်ရမ်းတဲ့ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အနီရောင် လျှာ

    လျှာက အနီရောင်ဖြစ်နေတာဟာ ဗီတာမင် B ချို့တဲ့နေမှု လက္ခဏာ တစ်ရပ်ပါ။ ဆေးဝါးတွေ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း လျှာက အနီရောင်ဖြစ်စေနိုင်ပါတယ်။

    လျှာရောင်နေတဲ့အခါမျိုးမှာလည်း လျှာက အနီရောင်ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုက သွေးကြောတွေ ရောင်ရမ်းနေတာကြောင့်လည်း လျှာက နီနေနိုင်ပါတယ်။

    မီးခိုရောင် လျှာ

    လျှာက မီးခိုးရောင်ဖြစ်နေတာ၊ မီးခိုးရောင် နဲ့ အဖြူရောင်အစက်တွေ လျှာမှာ ပေါ်နေတာက လျှာမှာ အဖြူရောင်အစင်းတွေနဲ့ မီးခိုးရောင်အစက်တွေ ဖြစ်နေတာမျိုးတွေ့ရနိုင်ပါတယ်။

    ဒီလို ဖြစ်နေတာက နှင်းခူ ရောဂါ ခံစားနေရတာပါ။ နှင်းခူဖြစ်နေတဲ့အခါ လျှာက အရောင်ပြောင်းသွားပြီး မီးခိုးရောင် ဒါမှမဟုတ် အရာင် ခပ်ဖျော့ဖျော့ ဖြစ်တာမျိုး ရှိနိုင်ပါတယ်။

    အဝါရောင် လျှာ

    လျှာက ပုံမှန်အရောင် မဟုတ်ဘဲ အဝါရောင် ပြောင်းနေတာက လျှာမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေတယ်ဆိုတဲ့ လက္ခဏာပါ။ ခံတွင်း သန့်ရှင်းမှု အားနည်းတာ၊ ခံတွင်းခြောက်တာတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်ပေါ်စေပြီး လျှာကို အဝါရောင် ပြောင်းစေနိုင်ပါတယ်။

    လေ့လာမှုတွေအရကတော့ ဆီးချို၊ အသားဝါရောဂါ ခံစားနေရသူတွေမှာလည်း လျှာ ဝါနိုင်တယ်ဆိုတာပါ။

    လိမ္မော်ရောင် လျှာ

    လျှာ လိမ္မော်ရောင်ဖြစ်တာက လျှာဝါတာနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ခပ်ဆင်ဆင်ပါ။ ခံတွင်းသန့်ရှင်းမှု အားနည်းတာနဲ့ ခံတွင်းခြောက်တာတို့ကြောင့် ဘက်တီးရီးယား ပေါက်ဖွားမှု များလို့ပါ။

    အချို့သော ပဋိဇီဝ ပိုးသတ်ဆေးတွေ၊ အစားအစာတွေကြောင့်လည်း လျှာက လိမ္မော်ရောင် ပြောင်းနိုင်ပါတယ်။ ဥပမာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝတဲ့ မုန်လာဥနီ အစားများတာကြောင့်လည်း လျှာက လိမ္မော်ရောင် ဖြစ်နိုင်ပါတယ်။

    အစိမ်းရောင် လျှာ

    လျှာက ပန်းရောင်ကနေ အစိမ်းရောင် ပြောင်းသွားတယ်ဆိုတာ လျှာ အဖြူရောင် ပြောင်းတာ၊ အဝါရောင် ပြောင်းတာတို့လိုပဲ ဘက်တီးရီးယားတွေ ပေါက်ဖွားတာကြောင့်ပါ။ တစ်ခါတလေမှာ လျှာက အစိမ်းရောင်ပြောင်းတာနဲ့အတူ အမွှေးတွေ ပေါက်တာမျိုးတောင် ရှိနိုင်ပါတယ်။

    အပြာရောင် လျှာ

    လျှာက အပြာရောင်ပြောင်းတာက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတာကြောင့်ပါ။

    အဆုတ်မှာ အောက်ဆီဂျင် နည်းတာ၊ သွေးပြဿနာ တစ်ခုခု ရှိနေတာ၊ သွေးကြောပြဿနာ တစ်ခုခု ရှိနေတာ၊ ကျောက်ကပ် ရောဂါတို့ကြောင့် လျှာက အပြာရောင် ပြောင်းနေနိုင်ပါတယ်။

    လျှာပြာတာက သွေးတွင်း အောက်ဆီဂျင် နည်းတာကြောင့်ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ လျှာကို ပြာစေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ နှင်းခူပြဿနာပါ။

    ကဲ…မှန်ရှေ့ကိုသွားပြီး လျှာထုတ်ကြည့်လို့ လျှာက ကျန်းမာရဲ့လား။ ဘာအရောင်လဲဆိုတာကို စစ်ကြည့်လိုက်ဦးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement