backup og meta

ခံတွင်း မှက္ခရု ဆိုတာဘာလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်း မှက္ခရု ဆိုတာဘာလဲ

    ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။

    ခံတွင်း မှက္ခရုသည် ဘယ်လောက် အဖြစ်များသလဲ။

    ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျှော့ချခြင်းဖြင့် ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ရောဂါလက္ခဏာများ

    အဖြစ်များသော လက္ခဏာများမှာ—

    • လျှာ၊ ပါးစောင်အတွင်းသား နှင့် တစ်ခါတစ်ရံ အာခေါင်၊ သွားဖုံးနှင့် အာသီးတို့တွင် ခရင်မ်ပုံစံ အဖြူဖတ်များရှိခြင်း
    • အနည်းငယ်ဖောင်းကြွနေပြီး cottage cheese ဒိန်ခဲသဏ္ဍာန်ရှိခြင်း
    • အစာစားရခက်ခြင်း (သို့) မြိုရခက်ခြင်း ဖြစ်စေလောက်သည်အထိ ဆိုးရွားသော ရောင်ရမ်း၊ နာကျင်ခြင်း
    • အနာကို ဖဲ့မိ၊ ခြစ်မိသောအခါတွင် သွေးအနည်းငယ်ထွက်ခြင်း
    • ပါးစပ်ထောင့်များတွင် ကွဲအက်နီရဲခြင်း
    • ဝါဂွမ်းကဲ့သို့သော ခံစားချက်မျိုး ပါးစပ်ထဲတွင် ရခြင်း
    • အရသာမခံစားနိုင်ခြင်း

    ဆိုးရွားသော အခြေအနေများတွင် မှက္ခရုသည် အစာရေမျိုပြွန်ထိ ပျံ့နှံ့သွားနိုင်သည်။ အစာရေမျိုပြွန်ဆိုသည်မှာ ပါးစပ်နောက်ဖက်မှ အစာအိမ်ထိ ဆင်းသွားသော ကြွက်သားမျှင်များဖြင့် ဖွဲ့စည်းထားသော ပြွန်လမ်းကြောင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားခဲ့လျှင် သင်သည် အစာမျိုချရခက်ခဲပြီး အစာသည် လည်ပင်းတွင် တစ်နေသော ခံစားချက်ကို ခံစားရမည်။

    အစပိုင်းတွင် သင်သည် ခံတွင်း မှက္ခရုကို သတိပင်ထားမိမည် မဟုတ်ပါ။ နောက်ခံရောဂါပေါ် မူတည်ပြီး ရောဂါလက္ခဏာများသည် တဖြည်ဖြည်း ဖြစ်လာနိုင်သလို ရုတ်တရက်လည်း ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ရက်အနည်းငယ်မှ ရက်သတ္တပတ်ထိ၊ သို့မဟုတ် လပိုင်းအထိ ကြာနိုင်ပါသည်။

    ထို့ပြင် တစ်နှစ်အောက်ကလေးငယ်များသည် ခံတွင်းတွင် အဖြူဖတ်များ ရှိနေရုံသာမက အစာကျွေးရခက်ပြီး ဂျီကျတတ်သည်။ သူတို့အား နို့တိုက်စဉ် ရောဂါပိုးများသည် မိခင်ထံသို့ ကူးစက်နိုင်သည်။ ရောဂါပိုးသည် မိခင်ရင်သား နှင့် ကလေးပါးစပ် ကြားတွင် ကူးချည်၊ သန်းချည် သွားနေနိုင်သည်။ Candida မှိုပိုးကူးစက်နေသော ရင်သားပိုင်ရှင် အမျိုးသမီးများသည် အောက်ပါလက္ခဏာများကို ခံစားရမည်။

    • နီရဲ၊ ကျိန်းစပ်၊ ကွဲအက်သော (သို့) ယားယံသော နို့သီးခေါင်း
    • နို့သီးခေါင်းပတ်လည်ရှိ အရောင်ပိုမည်းသော နေရာတစ်ဝိုက် (Areola) တွင် တောက်ပသော (သို့) အလွှာလိုက်ကွာကျနေသော အရေပြား
    • နို့တိုက်စဉ် ပုံမှန်မဟုတ်သော နာကျင်ခြင်း (သို့) နို့မတိုက်မီစပ်ကြား နာကျင်နေသော နို့သီးခေါင်းများ
    • ရင်သားအတွင်း နက်ရှိုင်းသော နေရာတွင် တဆစ်ဆစ်နာကျင်ခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှု အကြောင်းအရင်းများ

    ဘယ်အရာတွေက ခံတွင်းမှက္ခရု ရောဂါကို ဖြစ်စေသလဲ။

    ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်သည် ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကဲ့သို့သော အန္တရာယ်ရှိသော ပိုးမွှားများကို တိုက်ထုတ်ပေးသည်။ ၎င်းသည် ခန္ဓာကိုယ်တွင် ပုံမှန်နေထိုင်သော ဇီဝပိုး အကောင်းနှင့် အဆိုးများကြား မျှခြေကို ထိန်းသိမ်းပေးသည်။ သို့သော် တစ်ခါတစ်ရံတွင် ထိုကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကျရှုံးသွားပြီး Candida မှိုအရေအတွက် တိုးပွားလာပြီး ခံတွင်း မှက္ခရုဖြစ်ပွားစေသည်။

    ရောဂါ (သို့) Prednisone ကဲ့သို့သော ဆေးများ (သို့) သင့်ခန္ဓာကိုယ်ရှိ ဇီဝပိုးမွှားများကို ထိန်းညှိပေးသော သဘာ၀ မျှခြေ ကို ပျက်ယွင်းစေသော ပိုးသတ်ဆေးများကြောင့် ကိုယ်ခံအားနည်းသောအခါတွင် ခံတွင်းမှက္ခရုနှင့် အခြား Candida ပိုးဝင်ခြင်းများ ဖြစ်ပွားသည်။

    ခံတွင်းမှက္ခရု ပိုဖြစ်ပွားစေသော ရောဂါနှင့် အခြေအနေများမှာ

    • HIV/ AIIDS ။ ။ ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ ဗိုင်းရပ်စ်ပိုး (HIV) သည် အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေပြီး ကိုယ်ခံအားဆဲလ်များကို ထိခိုက်ပျက်စီးသည်။ ထိုအခြေအနေတွင် သင့်ခန္ဓါကိုယ်က ပုံမှန်တွန်းလှန်နိုင်သော ရောဂါပိုးများကို ပိုဖြစ်လာနိုင်ပါသည်။ ခံတွင်းမှက္ခရု ထပ်ခါထပ်ခါ ဖြစ်ပွားခြင်းနှင့် အခြား ရောဂါ လက္ခဏာများသည် HIV ပိုးဝင်ခြင်း ကဲ့သို့သော ကိုယ်ခံအားကျဆင်းမှု၏ ရှေးဦးလက္ခဏာများ ဖြစ်နိုင်သည်။
    • ကင်ဆာ။ ။ အကယ်၍ သင့်မှာ ကင်ဆာရှိလျှင် ရောဂါသာမက ဓာတ်ရောင်ခြည်နှင့် ကင်ဆာဆေး ကုထုံးများကြောင့်ပါ သင့်ကိုယ်ခံအားစနစ်သည် အားနည်းလျက်ရှိသည်။ ရောဂါနှင့် ကုသမှုနှစ်ခုစလုံးသည် ခံတွင်းမှက္ခရု ကဲ့သို့သော Candida ရောဂါပိုးဝင်နိုင်ချေ အန္တရာယ် မြင့်မားစေသည်။
    • ဆီးချိုသွေးချိုရောဂါ။ ။ အကယ်၍ သင်သည် ဆီးချိုရောဂါရှိပြီး ကုသမှု မခံယူလျှင် (သို့) ဆီးချိုကို ကောင်းကောင်းမထိန်းထားနိုင်လျှင် သင့်တံတွေးတွင် သကြားဓာတ် အမြောက်အမြားပါဝင်ပြီး Candida ပိုးပွားမှုကို အားပေးသည်။
    • မိန်းမကိုယ် မှိုပိုးစွဲခြင်း ။ ။ မိန်းမကိုယ် မှိုပိုးသည် ခံတွင်း မှက္ခရုဖြစ်စေသော မှိုပိုးနှင့် အတူတူပဲဖြစ်သည်။ အန္တရာယ်မရှိသော်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် မှိုပိုးများသည် မွေးဖွားစဉ် ကလေးဆီသို့ ကူးစက်နိုင်သည်။ ရလဒ်အနေဖြင့် သင့် မွေးကင်းစကလေးငယ်သည် ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်သည်။

    အခြား ဖြစ်ပွားစေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ပဋိဇီ၀ ပိုးသတ်ဆေးများကို အချိန်အကြာကြီး (သို့) ဆေးပမာဏ များစွာ အသုံးပြုခြင်း
  • ပန်းနာရင်ကြပ်အတွက် ကော်တီကို စတီးရွိုက် (Corticosteroid) ရှုဆေး အသုံးပြုခြင်း
  • သွားတု စွပ်ခြင်း။ အထူးသဖြင့် ကောင်းကောင်းအံဝင်ခွင်ကျ မဖြစ်သော သွားတုများ စွပ်ခြင်း
  • ခံတွင်း သန့်ရှင်းမှု မရှိခြင်း
  • ရောဂါအခြေအနေ တစ်ခုခု (သို့) သောက်နေသော ဆေးဝါးကြောင့် ခံတွင်း ခြောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကင်ဆာကုသမှုအတွက် ဓာတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာဆေးကုထုံး ခံယူခြင်း
  • ဖြစ်ပွားစေနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက ခံတွင်း မှက္ခရု ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များမှာ

    • တစ်နှစ်အောက်ကလေး (သို့) သက်ကြီးရွယ်အို ဖြစ်ခြင်း
    • ကိုယ်ခံအားနည်းခြင်း
    • သွားတုစွပ်ခြင်း
    • ဆီးချို ကဲ့သို့သော အခြား ရောဂါများရှိခြင်း
    • ပဋိဇီဝပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်သောက်ဆေး၊ ရှုဆေး ကဲ့သို့သော ဆေးဝါးများ အသုံးပြုခြင်း
    • ကင်ဆာကုသမှုအတွက် ဓါတ်ရောင်ခြည်ကုသမှု (သို့) ကင်ဆာဆေးကုထုံး ခံယူခြင်း
    • ခံတွင်းခြောက်စေသော အခြေအနေများရှိခြင်း။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ခံတွင်း မှက္ခရု ဟုတ်၊ မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    သင့်သွားဆရာဝန်က မှက္ခရု ရှိမရှိသိဖို့ သင့်ပါးစပ်ကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ပါးစပ်၊ လျှာ၊ ပါး အတွင်းရှိ ထင်ရှားသော အဖြူဖတ်များကို ရှာဖွေပါလိမ့်မည်။ ထိုအဖတ်များကို အသာအယာပွတ်သတ်လိုက်သောအခါတွင် နီရဲနာကျင်ပြီး သွေးအနည်းငယ်ထွက်နိုင်ပါသည်။ မှက္ခရုမှ တစ်ရှုးစကို မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်သောအခါ ရောဂါ အတည်ပြုနိုင်ပါသည်။

    အစာရေမျိုပြွန်ထိ ကူးစက်သွားသော မှက္ခရုအတွက်မူ အခြားသော စစ်ဆေးမှုများ ထပ်မံလိုအပ်ပါသည်။

    ထိုစစ်ဆေးမှုများမှာ

  • သင့်လည်ချောင်းနောက်ဖက်တွင် ပိုးသတ်ထားသော ဝါဂွမ်းစနှင့် သုတ်လိုက်ပြီး မိုက်ခရိုစကုပ်အောက်တွင် အကောင်ကို ရှာဖွေသော ပိုးမွေးနည်း။
  • အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် များကို မှန်ပြောင်းကြည့်ခြင်း။ ထိုအစိတ်အပိုင်းများ၏ နံရံများကို ကင်မရာပါသော မှန်ပြောင်းလေးနှင့် စစ်ဆေးကြည့်ရှုခြင်း။
  • အစာမျိုပြွန်ကို X-rays ဓာတ်မှန်ရိုက်ခြင်း။
  • ခံတွင်း မှက္ခရုကို ဘယ်လိုကုသလဲ။

    ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသအောင်မြင်ပါသည်။ ထိုဆေးသည် အများအားဖြင့် ဂျယ်လ် (သို့) အရည်အနေဖြင့် လာပြီး ခံတွင်းအတွင်းပိုင်းထိ လိမ်းနိုင်ပါသည်။ သောက်ဆေး ဆေးပြား နှင့် ဆေးလုံးများအသွင်နဲ့လည်း တစ်ခါတရံ လာတတ်ပါသည်။ လိမ်းဆေးများသည် တစ်ရက်ကို အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပြီး ၇ ရက်မှ ၁၄ ရက်ပတ်ဝန်းကျင်ထိ လိမ်းရပါမည်။ သောက်ဆေးများသည် တစ်ရက်ကို တစ်ကြိမ်သာ သောက်ရမည်။ ထိုဆေးများသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါ။ သို့သော် အချို့သည် ပျို့အန်ခြင်း၊ လေကယ်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတတ်သည်။ သင့် သွားဆရာဝန်က သင့်အသက်အရွယ်နှင့် ရောဂါဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး သင့်အတွက် သီးသန့်ကုသမှုကို ပေးပါလိမ့်မည်။

    အကယ်၍ ပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်များသည် သင့် ခံတွင်း မှက္ခရုကို ဖြစ်စေသော အကြောင်းရင်းများဆိုလျှင် ဆေးပြောင်းခြင်း (သို့) ဆေးပေးသည့် ပုံစံပြောင်းခြင်း (သို့) ဆေးလျှော့ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်သည်။

    Candida ပိုးဝင်ခြင်းသည် အခြား ရောဂါအခြေအနေတစ်ရပ်၏ လက္ခဏာလည်းဖြစ်နိုင်သောကြောင့် သင့်သွားဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်၏ အကူအညီကို ယူဖို့ အကြံပြုနိုင်သည်။ သို့မှသာ အခံရောဂါဇာတ်မြစ်ကို ရှာဖွေကုသနိုင်မည်ဖြစ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းမှက္ခရု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း။ ။ သင့်သွားများကို တစ်ရက် နှစ်ကြိမ်တိုက်ပါ။ တစ်ရက်ကို တစ်ကြိမ် သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးပြုလုပ်ပါ။
    • ခံတွင်းသန့်ဆေးများနှင့် ဖြန်းဆေးများကို အလွန်အကျွံမသုံးပါနဲ့။ သင့်သွားနှင့် သွားဖုံးများ ကျန်းမာစေရန် ပိုးသတ်ဆေး အာနိသင်ပါသော ခံတွင်းသန့်ဆေးများကို တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုပါ။ ထိုထက်ပိုပြီး အသုံးပြုခြင်းသည် သင့်ခံတွင်းထဲရှိ ဇီဝပိုးကောင်လေးများ၏ ပုံမှန်မျှခြေကို ထိခိုက်နှောင့်ယှက်နိုင်သည်။
    • သင့်သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။ အထူးသဖြင့် သင့်မှာ ဆီးချိုရောဂါ ရှိလျှင် (သို့) သွားတု စွပ်ရလျှင်။
    • သကြားနှင့် တဆေးပါသော အစားအသောက်များ လျှော့စားပါ။ ပေါင်မုန့်၊ ဘီယာ၊ ဝိုင် ကဲ့သို့သော အစားအသောက်များသည် Candida ပိုးပွားမှုကို အားပေးသည်။
    • အကယ်၍ သင်ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ။ ဆေးလိပ်ဖြတ်ဖို့ ကူညီနိုင်မည့် နည်လမ်းများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement