backup og meta

ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း
    နေ့စဉ်ပြောဆိုဆက်ဆံနေရသူတွေအတွက် အရေးပါတဲ့ ဂရုစိုက်ရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးတစ်ခုက ခံတွင်းနံ့ဆိုး မရှိစေဖို့ပါ။ ပါးစပ်က အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ကိုယ်တိုင်မှာရော ပတ်ဝန်းကျင်က သူတွေကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ခံတွင်းအနံ့ဆိုးကြောင့် လူကြားထဲမှာ စကားမပြောရဲတာမျိုးမဖြစ်စေဖို့ အတွက် ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း အချို့ မျှဝေပေးပါရစေ။

    ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက

    ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကြောင့် ခံတွင်းနံ့ဆိုးတွေဖြစ်ရတာပါ။ သွားနဲ့ခံတွင်းပြဿနာရှိရင်လည်း ခံတွင်းနံ့ဆိုးတတ် ပါတယ်။ ဒါ့အပြင် ဒီအချက်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးဖြစ်ရတာပါ။

    ခံတွင်းခြောက်တာ -ရေသောက်နည်းတာကြောင့် ခံတွင်းခြောက်ပြီး ခံတွင်းနံ့ဆိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေလုံလောက်အောင်သောက်သုံးပေးပါ။

    ခံတွင်းသန့်ရှင်းရေးအားနည်းတာ – ခံတွင်း သန့်ရှင်းရေးက မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သွားတိုက်ပေးဖို့မမေ့ပါနဲ့။ ခံတွင်းသန့်ရှင်းမှု အားနည်းတဲ့အခါ သွားနဲ့ သွားဖုံးမှာ ပိုးဝင်ကူးစက်ပြီးရောဂါတွေဖြစ်နိုင်ပါတယ်။ ရောဂါတွေဖြစ်လာတဲ့အခါ ခံတွင်းနံ့ဆိုးပါတယ်။

    အနံ့ပြင်းတဲ့ အစားအစာတွေ – စားသုံးတဲ့ အစားအစာတွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဒညင်းသီးတို့လိုမျိုး အနံ့ပြင်းတဲ့အစားအစာတွေက ခံတွင်းနံ့ကို ဆိုးစေနိုင်ပါတယ်။

    ဖျားနာနေတာ ဖျားနာ‌နေတာကြောင့် ခံတွင်းနံ့ဆိုးနိုင်ပါတယ်။ ရိုးရိုးဖျားနာတာအပြင် ဆီးချိုရောဂါလိုမျိုးဝေဒနာတွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးဖြစ်နိုင်ပါတယ်။ ခံစားနေရတဲ့ဝေဒနာတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်လည်း ခံတွင်းနံ့ဆိုးတွေဖြစ်နိုင်ပါတယ်။

    ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း

    ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်နည်း ကတော့

    သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပေးပါ– သွားကို မနက်အိပ်ရာထချိန်မှာ တစ်ကြိမ်၊ ညဘက်မအိပ်ခင်မှာ တစ်ကြိမ် ပုံမှန်တိုက်ပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးမဖြစ်အောင်ကာကွယ်ရုံသာမက သွားနဲ့ခံတွင်းရောဂါတွေကိုပါ ကာကွယ်နိုင်မှာပါ။

    ရေဓာတ်ပြည့်ဝအောင်လုပ်ဆောင်ပါ – ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားပြီး ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လုံလောက်တဲ့ရေပမာဏ သောက်သုံးပေးပါ။ ရေဓာတ်ရအောင်ဆိုပြီး ကဖင်းပါတဲ့သောက်စရာတွေ၊ အယ်လ်ကိုဟောပါတဲ့သောက်စရာ၊ ကိုလာနဲ့ သစ်သီးဖျော်ရည်တွေနဲ့ Sports Drinksတွေကို မသောက်သုံးသင့်ပါဘူး။ ခံတွင်းနံ့ကင်းစေဖို့ရေနဲ့ရေနွေးကြမ်းတို့ကိုပဲသောက်သုံးပေးပါ။

    သွားပွတ်ကြိုး သုံးပေးပါ – သွားပွတ်ကြိုးအသုံးပြုမှုက ခံတွင်းကျန်းမာဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာတစ်ခုပါ။ ဒီလိုလုပ်ပေးခြင်းက သွားတစ်ခုနဲ့တစ်ခုကြားက စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် သွားပျက်စီးတာကို ကာကွယ်ပြီးသားဖြစ်သွားသလို ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်မှာပါ။

    ပုံမှန်သွားစစ်ဆေးမှုလုပ်ပေးပါ – သွားနဲ့ခံတွင်းရောဂါတွေရှိ၊ မရှိ ပုံမှန် ၆ လတစ်ကြိမ်စစ်ဆေးမှုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ သွား၊သွားဖုံး နဲ့ ခံတွင်းရောဂါတွေကိုကာကွယ်ပြီးသားဖြစ်မှာပါ။

    သကြားမပါတဲ့ ပီကေ၊ ပူရှိန်းဝါးပေးပါ – သကြားမပါတဲ့ ပီကေ၊ ပူရှိန်းတွေကရေလိုပါပဲ။ တံထွေးကို ပိုထွက်စေနိုင်တာကြောင့် ခံတွင်းထဲမှာဘက်တီးရီးယားတွေ မပေါက်ဖွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အချက်တစ်ခုဖြစ်တာကြောင့် ပီကေဝါးပေးတာမျိုး၊ ပူရှိန်းစားပေးတာမျိုးလုပ်ပေးပါ။

    ဗီတာမင် D ကြွယ်ဝတာတွေစားပေးပါ ဗီတာမင် D ကခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကိုနေ့စဉ်စားသုံးပေးပါ။ မနက်ခင်းနေရောင်ခြည်ကနေလည်း ဗီတာမင် D ကိုရရှိနိုင်ပါတယ်။

    အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ – လတ်ဆတ်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေဟင်းသီးဟင်းရွက်တွေက သွားကို သန့်စင်စေနိုင်သလို ခံတွင်းအန့ဆိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်များတဲ့ အစားအစာတွေက အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

    ဆေးလိပ်နဲ့ဆေးရွက်ကြီးကိုရှောင်ပါဆေးလိပ်သောက်တာ၊ဆေးရွက်ကြီးသုံးစွဲတာတွေက ခံတွင်းနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တဲ့သူတွေက အခြားသူတွေထက်ခံတွင်းနံ့ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့မဆိုးအောင်ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးသောနည်းလမ်းကဆေးလိပ်ဖြတ်လိုက်ပါ။

    လျှာကို သန့်ရှင်းဖို့ မမေ့ပါနဲ့ – သွားတိုက်တဲ့အခါ လျှာကိုရောသန့်ရှင်းမိရဲ့လား။ သွားတွေပဲတိုက် ပလုတ်ကျင်းလိုက်တာလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး သွားတိုက်တိုင်း လျှာကိုပါ သန့်စင်ဖို့ မမေ့ပါနဲ့။ လျှာကို သန့်စင်ပေးတာက ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ၇၅ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်ပါတယ်။

    ခံတွင်းသန့်ဆေးရည်ဆောင်ထားပါ – အနံ့ဆိုးတွေကို ခဏလောက်တော့ အုပ်ပေးနိုင်မှာပါ။ အထူးသဖြင့် လူကြားသူကြားထဲ သွားရတဲ့အချိန်မျိုးတွေ၊ နီးနီးကပ်ကပ် စကားပြောဖို့ လိုတဲ့အချိန်တွေမှာဆိုရင် ဒီနည်းက အဆင်ပြေနိုင်ပါတယ်။

    အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး ခံတွင်းနံ့ဆိုးကင်းတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement