backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ

တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ဝှေးစေ့ကနေ အဓိကထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အမျိုးသားများရဲ့ သွင်ပြင်ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။ အမျိုးသားများရဲ့ လိင်စိတ်ဆန္ဒနဲ့ သုတ်ပိုးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ

တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသက်ကြီးပိုင်းရောက်လာရင် လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ ပုံမှန်တက်စတိုစထရုန်း ပမာဏကတော့ 300 ng/dl ကနေ 1000 ng/dl ပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ တက်စတိုစထရုန်း နည်းပါးခြင်းရဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားများမှာ တက်စတိုစထရုန်း နည်းပါးလာတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများကို ဆက်ကြည့်လိုက်ရအောင်နော်။

၁။ လိင်စိတ်ဆန္ဒနည်းပါးခြင်း

တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို လှုံ့ဆော်ရာမှာ အဓိကကျပါတယ်။ အမျိုးသားအချို့ဟာ အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒကျဆင်းလာတတ်တာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူများဟာ ပုံမှန်ထက် လိင်စိတ်ဆန္ဒနည်းပါးနေတာကို တွေ့ရတတ်ပါတယ်။

၂။ ပန်းညှိုးခြင်း

တက်စတိုစထရုန်း ဟော်မုန်းဟာ အမျိုးသားများ လိင်အင်္ဂါထောင်မတ်နိုင်အောင်လည်း အထောက်အကူ ပေးပါတယ်။ လိင်အင်္ဂါထောင်မတ်ခြင်းဟာ တက်စတိုစထရုန်း သက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ တက်စတိုစထရုန်းဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး နိုက်ထရစ်အောက်ဆိုဒ်ကို ထွက်လာစေပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ကစတဲ့ ဓာတ်ပြုဖြစ်စဉ်ကြောင့် လိင်အင်္ဂါထောင်မတ်လာရပါတယ်။ ဒါကြောင့် တက်စတိုစထရုန်း နည်းပါးခဲ့ရင် ပန်းညှိုးနိုင်ခြေ များပါတယ်။

၃။ သုက်ရည်နည်းသွားခြင်း

တက်စတိုစထရုန်းဟာ သုက်ရည်ထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။ သုက်ရည်ဟာ သုက်ပိုးတွေ ရွေ့လျားသွားလာနိုင်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ တက်စတိုစထရုန်းနည်းပါးတဲ့အခါ သုက်ရည်ထွက်တာ နည်းသွားနိုင်ပါတယ်။

၄။ ဆံပင်ကျွတ်ခြင်း

တက်စတိုစထရုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဆံပင်များထွက်ခြင်းလည်း ပါဝင်ပါတယ်။ အသက်ကြီးလာပြီး တက်စတိုစထရုန်းလည်း နည်းပါးလာမယ်ဆိုရင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။

၅။ ပင်ပန်းနွမ်းနယ်ခြင်း

တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူ အမျိုးသားများဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။ အိပ်ရေးဝဝအိပ်ပေမယ့် ပင်ပန်းနွမ်းနယ်ခြင်းဟာ မပျောက်ဘဲ ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ စိတ်မပါဖြစ်နေတတ်ပါတယ်။

၆။ ကြွက်သားများ သေးငယ်လာခြင်း

ခန္ဓာကိုယ်ကြွက်သားများကို တည်ဆောက်ရာမှာ တက်စတိုစထရုန်းဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများရဲ့ ကြွက်သားထုထည်ဟာ သေးငယ်လာနိုင်ပါတယ်။ ဒါပေမယ့် ကြွက်သားတွေရဲ့ ထုထည်ကိုသာ သက်ရောက်ခြင်းဖြစ်ပြီး အင်အားအပေါ် ပြောင်းလဲခြင်း မဖြစ်စေပါဘူး။

၇။ အဆီများလာခြင်း

အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်းနည်းပါးလာရင် ကိုယ်ခန္ဓာမှ အဆီတွေ များလာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရင်သားမှာအဆီများလာပြီး ရင်သားကြီးခြင်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အမျိုးသားများမှာ တက်စတိုစထရုန်းနဲ့ အီစထရိုဂျင် ဟန်ချက်မညီခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

၈။ အရိုးများထုထည်လျော့ပါးလာခြင်း

အရိုးပွခြင်းဆိုတာ အမျိုးသမီးတွေနဲ့ပဲဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်း နည်းပါးသူ အမျိုးသားများလည်း ဒီပြဿနာကြုံရတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာသူ အမျိုးသားများဟာ အရိုးကျိုးပဲ့လွယ်လာခြင်း ဖြစ်ပါတယ်။

၉။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာခြင်း

တက်စတိုစထရုန်းကျဆင်းလာခြင်းဟာ စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ တက်စတိုစထရုန်းဟာ ကိုယ်ခန္ဓာထဲက လုပ်ငန်းဆောင်တာတွေအများကြီးအပေါ် အကျိုးသက်ရောက်လို့ ဖြစ်ပါတယ်။ စိတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

၁၀။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

တက်စတိုစထရုန်း ဟော်မုန်း ပမာဏရော သိမှတ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်ပါတယ်။ တနည်းပြောရရင် တက်စတိုစထရုန်း ဟော်မုန်း ကျဆင်းလာခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။

၁၁။ ဝှေးစေ့သေးလာခြင်း

အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့အခါ ဝှေးစေ့အရွယ်အစားပါ သေးငယ်လာတတ်ပါတယ်။ ယောကျ်ားတန်ဆာနဲ့ ဝှေးစေ့ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းဟာ အခရာကျပါတယ်။ တက်စတိုစထရုန်းနည်းပါးသွားရင် ယောကျ်ားတန်ဆာနဲ့ ဝှေးစေ့ဟာ အချိုးကျနစွာ မရှိတော့ဘဲ ဝှေးစေ့သေးငယ်သွားပါတယ်။

Takeaway

အမျိုးသမီးများဟာ ဟော်မုန်းပမာဏ ကျဆင်းသွားတာကို သွေးဆုံးချိန်မှာမှ ကြုံရပါတယ်။ အမျိုးသားများမှာတော့ တက်စတိုစထရုန်းပမာဏဟာ အချိန်နဲ့အမျှ အမြဲတမ်းကျဆင်းနေခြင်း ဖြစ်ပါတယ်။ အသက်ကြီးလာလေ တက်စတိုစထရုန်းနည်းလာလေ ဖြစ်ပါတယ်။
တက်စတိုစထရုန်းပမာဏဟာ 300 ng/dl အောက် လျော့နည်းနေမယ်ဆိုရင်တော့ နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများဟာ ရေရှည်မှာ နေ့စဉ်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်တာကြောင့် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြသသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement