backup og meta

သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ

    သိုင်းရွိုက်ရောဂါဆိုရင် လည်ပင်းကြီးရောဂါလို့ပဲ လူသိများပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေက လည်ပင်းကြီးတာချည်းပဲမဟုတ်ဘဲ လက္ခဏာအမျိုးမျိုးရှိနိုင်ပါတယ်။

    တစ်ခါတစ်လေ ကိုယ်အမှုမဲ့အမှတ်မဲ့ ဖြစ်နေကျ လက္ခဏာတွေက ခန္ဓာကိုယ်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဖော်ပြနေတတ်ပါတယ်။ ဒီအချက်တွေထဲက အတော်များများဖြစ်တယ်ဆိုရင်၊ နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါ့ကြောင့် အရေးပါတဲ့ လက္ခဏာတွေကို သိထားသင့်တာပေါ့နော်။

    ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း

    သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက စိတ်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လို့ Mayo Clinic ကဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းရင် ဦးနှောက်ထဲကပျော်ရွှင်မှုပေးတဲ့ serotoninဟော်မုန်းကိုထိခိုက်စေပြီး သင့်စိတ်ကိုပုံမှန်နဲ့မတူ ညှိုးငယ်တဲ့ခံစားချက်တွေဖြစ်စေပြီး စိတ်ကျဝေဒနာအထိဖြစ်စေနိုင်ပါတယ်။

    တစ်ဖက်မှာလည်း သိုင်းရွိုက်ဟော်မုန်းများလွန်းရင် စိတ်ပူပန်မှု၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။

    ဝမ်းချုပ်ခြင်း

    ဝမ်းချုပ်ခြင်းကိုခံစားနေရရင်လည်း ဒီလက္ခဏာကိုသတိရပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမူမမှန်ရင် အစာချေဖျက်မှုမှာနှေးကွေးစေတတ်လို့ပါ။ ဒါဟာhypothyroidism ရဲ့အဖြစ်များဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။

    အအိပ်များလွန်းခြင်း

    မနက်ဆို အိပ်ရာကမထနိုင်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်အိပ်ရေးကမဝသလိုခံစားရပါတယ်။ အိပ်ခဲ့ရပေမယ့် မအိပ်ရသလို ခံစားချက်မျိုး။

    သိုင်းရွိုက်လုပ်ဆောင်ချက်နှေးကွေးမှုက သင့်ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို လိပ်လိုနှေးစေနိုင်တာကြောင့်နေ့အချိန်မှာတောင် အိပ်ငိုက်နေစေတာဖြစ်ပါတယ်။

    ပင်ပန်းနွမ်းနယ်နေခြင်း

    အားမရှိသလို၊ နုံးချိနေသလို မကြာခဏခံစားနေရတာဟာ အကြောင်းရင်းခံအခြေအနေတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ hypothyroidism နဲ့ဆက်နွှယ်နေတယ်လို့ သိရပါတယ်။ တစ်ညလုံး အိပ်ရေးဝဝအိပ်ထားလျက်နဲ့ နောက်နေ့မနက် သို့မဟုတ် တစ်နေ့လုံးမှာလည်းပင်ပန်းမှုကိုခံစားနေရသေးတယ်ဆိုရင် သိုင်းရွိုက်သိပ်အလုပ်မလုပ်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

    ရာသီသွေးပေါ်ချိန် အပြောင်းအလဲဖြစ်နေခြင်း

    ဓမ္မတာလာချိန်သွေးဆင်းများခြင်း၊ရက်ကြာခြင်းတို့အပြင် နာကျင်ကိုက်ခဲခြင်းတို့က hypothyroidism ရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး ရာသီလာချိန်တွေ တစ်လနဲ့တစ်လနီးကပ်တာမျိုးဖြစ်နိုင်ပါတယ်။

    သားသမီးရဖို့ခက်ခြင်း

    သားသမီးရဖို့ကြိုးစားနေတာအတော်ကြာနေပြီဖြစ်ပြီး ဘာမှထူးမလာသေးရင်လည်း သိုင်းရွိုက်ရောဂါဖြစ်နေနိုင်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။hypothyroidism နဲ့ hyperthyroidism နှစ်မျိုးစလုံးက မျိုးဥကြွေခြင်းကို ဝင်ရောက်နှောင့်ယှက်နိုင်ပြီး သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

    ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း

    ဆောင်းတွင်းလည်းမဟုတ်ဘဲနဲ့တောင် အသားအရေခြောက်သွေ့ပြီး ယားယံမှုကိုခံစားနေရသလား။ hypothyroidism လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ အသားအရေပြောင်းလဲမှုဟာ ချွေးထွက်နည်းစေတဲ့ ဇီဝဖြစ်စဉ်နှေးကွေးမှုကြောင့်ဖြစ်ပါတယ်။

    ဆံပင်နဲ့လက်သည်းတွေမှာ ခြောက်သွေ့၊ကြွပ်ဆတ်လာနိုင်ပြီး ဆံပင်တွေကျွတ်လာတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းမရှိရင် ဆံပင်ပေါက်ခြင်းသံသရာကို ထိခိုက်စေပြီး ဆံပင်ကျွတ်နိုင်၊ တခါတရံ မျက်ခုံးပါကျွတ်လေ့ရှိပါတယ်။

    ရုတ်တရက် ဝလာတာ

    ကိုယ်အလေးချိန်တိုးလာတာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စားသောက်ပုံ၊ အနေအထိုင်တွေ ပြောင်းလဲမှုမရှိဘဲ ရုတ်တရက်ကြီး ဝလာတာကတော့ စိုးရိမ်စရာရှိနိုင်တယ်လို့ WebMD မှာ ဖော်ပြထားပါတယ်။

    ပုံမှန်ထက်သိပ်ပြီး ပိုမစားပေမယ့် ကိုယ်အလေးချိန်များလာသူတွေမှာ လေ့ကျင့်ခန်းတွေလုပ်လည်း ပြန်ကျမသွားကြဘူးလို့ သုတေသီတွေကပြောပါတယ်။

    လိင်ကိစ္စ စိတ်ဝင်စားမှုမရှိခြင်း

    သိုင်းရွိုက်ပြဿနာတွေရဲ့တခြားလက္ခဏာတွေဖြစ်တဲ့ ကိုယ်အလေးချိန်တိုးခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း တို့အပြင် လိင်စိတ်ဆန္ဒနည်းပါးခြင်း၊ စိတ်မပါခြင်းလည်း ဖြစ်နိုင်ပါတယ်။

    ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း

    ခလုတ်တိုက်ရင်နာတာမျိုး၊ အလေးအပင် မ လို့နာကျင်တာမျိုးက ပုံမှန်ဖြစ်ပေမယ့် လက်မောင်း၊လက်၊ခြေထောက်၊ခြေဖဝါး စတာတွေမှာ အကြောင်းရင်းမသိဘဲ ထူးထူးဆန်းဆန်းတောင့်တင်းတာ၊ ထုံကျဉ်တာတွေ အခါအားလျော်စွာ ခံစားနေရရင် သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းက ခန္ဓာကိုယ်အနှံ့အပြားဆီ ဦးနှောက်ကနေ သတင်းပို့နေတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပါပဲ။ ဒါမျိုးမှာ ဘာမှန်းမသိဘဲ ထုံနာကျဉ်နာဖြစ်လာတတ်ပါတယ်။

    ရင်တလှပ်လှပ်ခုန်ခြင်း

    ချစ်တဲ့သူနဲ့တွေ့ရင် ရင်ခုန်သလိုမျိုး ခံစားဖူးကြမှာပေမယ့် သိုင်းရွိုက်ကြောင့်တလှပ်လှပ်ရင်ခုန်ရတာက မတူပါဘူး။ နှလုံးမှာ တစ်ချက် နှစ်ချက် ဆက်ပြီးခုန်သွားသလို ခံစားရပါတယ်။ တကယ်တော့ ဒီလိုဖြစ်ချိန် လည်ပင်းနဲ့ လက်ကောက်ဝတ်မှာရှိတဲ့သွေးခုန်နှုန်းစမ်းတဲ့နေရာတွေမှာလည်း ခံစားရလိုက်နိုင်ပါတယ်။

    ဒါမျိုးကိုကြုံဖူးတယ်ဆိုရင် နှလုံးတုန် ရင်ခုန်ခြင်းဖြစ်နိုင်ပါတယ်။သွေးလည်ပတ်မှုထဲမှာ သိုင်းရွိုက်ဟော်မုန်းတွေ များလွန်းတဲ့ လက္ခဏာဖြစ်ပါတယ်။

    အာရုံဝေဝါးခြင်း

    အသက်အရွယ်နဲ့အလိုက် သင့်ဦးနှောက်က တဖြည်းဖြည်းချင်း အာရုံဝေဝါးလာနိုင်တတ်ပေမယ့် ရုတ်တရက်ကြီးပြင်းထန်လာရင်တော့ သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလွန်းရင် အာရုံစူးစိုက်ရခက်ခဲပြီးမေ့တတ်လာပါတယ်။ အမျိုးသမီး တချို့က ဒါကိုသွေးဆုံးချိန်မှာဖြစ်လာတဲ့လက္ခဏာလို့ ထင်နေကြပေမယ့် တကယ်တော့ သိုင်းရွိုက်ကြောင့်ပါလို့ ပညာရှင်တွေကပြောပါတယ်။

    သွေးတိုးခြင်း

    သင့်မှာသွေးပေါင်ချိန်များနေပြီး ဆေးသောက်လို့၊အစားဆင်ခြင်လို့လည်း ထူးလာပုံမပေါ်ရင် သိုင်းရွိုက်ကိုစစ်ဆေးကြည့်ဖို့လိုနေပါပြီ။

    ဟော်မုန်းမထုတ်နိုင်တဲ့သိုင်းရွိုက်က မကောင်းတဲ့ကိုလက်စထရောကိုမြင့်စေပြီးနှလုံးထိခိုက်စေနိုင်ပါတယ်။

    ခံတွင်းပျက်လာခြင်း

    အရသာခံအာရုံက ချက်ချင်းကြီးတမျိုးဖြစ်လာသလား။ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းက အရသာခံနိုင်စွမ်းနဲ့ အနံ့ခံနိုင်စွမ်းတို့မှာ ထိခိုက်စေပါတယ်။

    ဒါပေမယ့် မရပ်မနား တရစပ်စားသောက်မိနေပြီဆိုရင်လည်း သိုင်းရွိုက်ဟော်မုန်းများတဲ့hyperthyroidismဖြစ်နေနိုင်ပါတယ်။

    လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း

    သိုင်းရွိုက်က လည်ပင်းမှာပဲရှိနေတာကြောင့် အဲဒီမှာနာကျင်တာ မဆန်းပါဘူး။ လည်ပင်းမှာ အဖုအကျိတ်ဖြစ်လာတာ၊ အသံပြောင်းလဲလာတာတွေက သိုင်းရွိုက်ရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။

    ဒီအချက်တွေထဲက တခုခုကိုခံစားရတယ်ဆိုရင် ကိုယ့်လည်ပင်းကို မှန်ထဲမှာပြန်ကြည့်ပြီးရောင်ရမ်းနေတာ၊ဖောင်းနေတာ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

    AACE Thyroid Awareness ရဲ့အကြံပြုချက်အရ သိုင်းရွိုက်ကို စစ်ဆေးမယ်ဆိုရင် မှန်တစ်ချပ်ကိုယူ၊ လည်ပင်းရဲ့အရှေ့ဘက်အောက်ပိုင်း ညှပ်ရိုးအထက်နား၊အသံအိုးအောက်နား ကိုသေချာကြည့်ပါ။ ကြည့်နေရင်းခေါင်းကိုအပေါ်လန်ထားပါ။ ရေတစ်ငုံသောက်ပြီး မျိုချပါ။ မျိုချချိန်မှာ လည်ပင်းကိုကြည့်ပါ။ ရေမျိုချချိန် အဲဒီနေရာမှာ ဖုထစ်နေတာ၊ဖောင်းနေတာ တွေ့လိုက်ရသလား ကြည့်ပြီးစစ်ဆေးနိုင်ပါတယ်။( သိုင်းရွိုက်ကို လည်စိနဲ့ မမှားအောင်သေချာဂရုစိုက်ပါ) ဖုထစ်နေတာ၊ဖောင်းနေတာတွေ့ရရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူပါ။

    သိုင်းရွိုက်ကျန်းမာအောင် ဘယ်လိုလုပ်ရမလဲ

    • သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုအတွက်အရေးပါတဲ့ အိုင်အိုဒင်းဓါတ်ကို အစားအစာကနေရအောင်လုပ်ပါ။ စားပွဲတင်ဆားမှာ အိုင်အိုဒင်းပါတယ်ဆိုပေမယ့် သင်က အငန်မစားသူဖြစ်ရင်တောင် ငါး၊နို့ထွက်ပစ္စည်း၊ကြက်ဥ၊နဲ့ပြုပြင်ထားတဲ့ပြောင်းနှံတွေလို အစားအစာတွေကနေ အလုံအလောက်ရရှိနိုင်ပါတယ်။
    • triclosan ကိုရှောင်ပါ။ ဆပ်ပြာတချို့မှာပါတဲ့ ဘက်တီးရီးယားသေစေတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့triclosan က သိုင်းရွိုက်ဟော်မုန်းတွေနဲ့ တည်ဆောက်ပုံချင်းဆင်တူပါတယ်။လေ့လာမှုတွေအရ triclosan ဟာဟော်မုန်းတွေကိုလျော့နည်းစေတယ်လို့ သိရပါတယ်။
    • မကပ်တဲ့ဒယ်အိုးတွေကိုမသုံးပါနဲ့။ အပေါ်ယံအလွှာဟာ သိုင်းရွိုက်ရောဂါဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတဲ့ perfluorochemicals တွေနဲ့လုပ်ထားတာဖြစ်နိုင်ပါတယ်။
    • အိုင်အိုဒင်း၊ ဇင့်၊ဆီလီနီယမ်၊ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီအုပ်စုတို့ကိုပြည့်ဝအောင် စားသုံးပါ။
    • စိတ်ဖိစီးမှုတွေကိုဖြေရှင်းပြီးအေဒရီနယ်ဂလင်းကို အားဖြည့်ပါ။အေဒရီနယ်ဂလင်းတွေနဲ့ သိုင်းရွိုက်တို့က လုပ်ဆောင်ချက်ချင်း အပြန်အလှန်အကျိုးပြုပါတယ်။
    • ညအိပ်ချိန် ၈ နာရီမှ ၁၀ နာရီ ခန့်ရှိပါစေ။
    • ဖလူအိုရိုက်၊ဘရိုမိုက်နဲ့ ကလိုရင်းတို့ပါဝင်တဲ့အစားအစာတွေစားပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement