brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ

ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။

အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ

  • HIV/ AIDS ရှိသူတွေ
  • ဆီးချိုရောဂါ ရှိသူတွေ
  • သွေးကင်ဆာ ရှိသူတွေ
  • အတွင်းအင်္ဂါအစားထိုးထားသူတွေ
  • ကိုယ်ခံအားထိန်းဆေး သောက်နေရတဲ့သူတွေဆို ပိုပြီး သတိထားသင့်ပါတယ်။

ကလေးငယ်လေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေကလည်း ကိုယ်ခံအား ချို့တဲ့တတ်လို့ ဂရုစိုက်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံလို ခိုတွေနဲ့ လက်ပွန်းတသီး နေတဲ့နိုင်ငံမှာ ခိုကနေတဆင့် ရောဂါတွေ ကူးစက်နိုင်ခြေ များပေမယ့် လက္ခဏာမပြဘူးဆိုတာ ကိုယ်ခံအားကောင်းနေသေးတဲ့သူမို့လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကူးလို့ ကူးမှန်းမသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကတော့ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ တစ်ခုချင်းဆီကို အောက်မှာထပ်ရှင်းပြပေးပါမယ်။

(၁) Cryptococcosis

Cryptococcosis ဆိုတာ မှိုပိုးဖြစ်ပါတယ်။ Cryptococcus neoformans နဲ့ Cryptococcus gattii ဆိုပြီး မှိုနှစ်မျိုး ရှိပါတယ်။ Cryptococcus neoformans က ခုခံအားကျတဲ့သူတွေမှာ ဖြစ်တတ်ပေမဲ့ Cryptococcus gattii ကတော့ ကျန်းမာတဲ့သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ကျန်းမာနေတာပဲဆိုပြီး ခိုတွေနဲ့ လက်ပွန်းတသီး မနေသင့်ပါ။

လက္ခဏာများ

မှိုပိုးက ဘယ်နေရာကို ပြန့်သွားလဲဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေကလည်း ကွာခြားသွားပါတယ်။

  • အဆုတ်မှာဆိုရင် – ချောင်းဆိုးတာ၊ မောတာ၊ ဖျားတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။
  • ဦးနှောက်မှာဆိုရင် – ဖျားတာ၊ ဇက်တောင့်တာ၊ ‌ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ အလင်းမခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။
  • ဒါ့ပြင် အရေပြားမှာ အပိမ့်တွေ၊ အရည်ကြည်ဖုတွေ၊ အနီစက်တွေလည်း ထွက်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

Cryptococcosisက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို ပြန့်သွားတဲ့အခါ

  • ဦးနှောက်တွင်းဖိအားများတာ
  • အမြင်ကွယ်တာ
  • ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကုသမှု

မှိုပိုးကြောင့် ဖြစ်တာကြောင့် မှိုသတ်ဆေးတွေ ပေးဖို့ လိုပါတယ်။ ဦးနှောက်ထဲကို ရောက်သွားရင်တော့ အချိန်ကြာကြာကုသဖို့ လိုနိုင်ပါတယ်။ မှိုလုံးကြီး ဖြစ်သွားရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။

 (၂) Histoplasmosis

Histoplasmosis ဆိုတာ Histoplasma capsulatum လို့ခေါ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။ သူကလည်း ခုခံအားကျနေတဲ့သူတွေ၊ ခိုတွေနဲ့ လက်ပွန်းတသီးနေတဲ့သူတွေမှာ ခိုချေးရှူမိရာကနေ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။

လက္ခဏာများ

အတွေ့ရများတာတွေကတော့

  • ချမ်းတုန်ဖျားတာ
  • ခေါင်းကိုက်တာ
  • ကိုယ်လက်နာတာ
  • ချောင်းခြောက်ဆိုးတာ
  • ရင်ဘတ်အောင့်တာ
  • နုံးတာတွေပဲ ဖြစ်ပါတယ်။

တချို့တွေမှာ အဆစ်တွေနာတာ၊ အနီစက်ထွက်တာတွေ ဖြစ်တတ်သလို အဆုတ်ပြည်တည်တာလည်း ဖြစ်တတ်ပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

Histoplasmosis က နောက်ဆက်တွဲဆိုးကျိုးအနေနဲ့

  • အဆုတ်ထိခိုက်တာ
  • နှလုံးအမြှေးပါးရောင်တာ
  • အဒရီနယ်ဂလင်း ထိခိုက်ပြီး ‌ဟော်မုန်းမထုတ်နိုင်တာ
  • ဦးနှောက်အမြှေးရောင်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ကုသနည်း

လက္ခဏာတွေက သိပ်မပြင်းထန်ရင် သိတောင် မသိလိုက်ပါဘူး။ လက္ခဏာတွေက ပြင်းထန်ရင် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားရင်တော့ မှိုသတ်ဆေးတွေ ကြာကြာပေးပြီး ကုသဖို့ လိုပါတယ်။

(၃) Psittacosis

Psittacosis ကတော့ Chlamydia psittaci ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ သူကလည်း ခိုချေး၊ ကြက်တူရွေးချေးတို့ကနေ ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

လက္ခဏာများ

လက္ခဏာတွေကတော့ သာမန်ဖျားနာတဲ့အခါ ခံစားရလေ့ရှိတဲ့

  • ဖျားတာ
  • ချောင်းဆိုးတာ
  • ကိုယ်လက်ကိုက်တာ
  • ‌ခေါင်းကိုက်တာ
  • ဝမ်းလျှောတာ
  • ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

တကယ်လို့ ပိုးက တခြားနေရာကို ပြန့်သွားခဲ့ရင်တော့

  • အဆုတ်ရောင်တာ
  • နှလုံးရောင်တာ
  • ဦးနှောက်ရောင်တာ
  • အသည်းရောင်တာ
  • အဆုတ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

ကုသနည်း

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုတော့ ပိုးသတ်ဆေးတွေပေးပြီး ကုလို့ရပါတယ်။ တခြားနေရာကို ပြန့်သွားခဲ့ရင်တော့ ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ ကုထုံးတွေ လိုနိုင်ပါတယ်။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ကို ဘယ်လိုကာကွယ်ကြမလဲ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ကို သိသွားပြီဆိုရင် ဒါကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ လေ့လာထားရတော့မှာပါ။ ကိုယ်က ခုခံအား ကောင်းနေတယ်ဆိုရင်တောင် နေ့စဉ် ခိုနဲ့ လက်ပွန်းတသီး နေနေတာကြောင့် တစ်ချိန်ချိန်မှာ ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်

  • ခိုတွေနဲ့ ဝေးဝေးနေပါ။ အိမ်မှာ အသိုက်ဖွဲ့မခံပါနဲ့။
  • ခိုချေးခြောက်တွေကို သန့်ရှင်းရေး လုပ်တဲ့အခါ နှာခေါင်းစည်း တပ်ပါ။ ချေးခြောက်တွေကို ရေစိုအောင် လောင်းပြီးမှ သန့်ရှင်း‌ရေး လုပ်ပါ။ ဒါဆို အမှုန်တွေ လွင့်နိုင်ခြေ နည်းသွားပါပြီ။
  • ခိုတွေ အနေများတဲ့ နေရာနားမှာ လှည်းကျင်းမယ်ဆို မြေကြီးကို ရေအရင်ဖြန်းပါ။
  • ခိုစာကျွေးတဲ့အခါ လှန့်ပြီး ထမပျံအောင် သတိထားပါ။ ထပြန်လိုက်တဲ့အခါ ဖုန်တွေနဲ့အတူ ငှက်ချေးတွေပါ လေထဲမှာ လွင့်လာနိုင်ပါတယ်။
  • ခိုတွေကို ထိတွေ့ပြီးတဲ့အခါ လက်ဆေးပါ။
  • ခုခံအားကျဆင်းနေတဲ့သူ၊ ကလေးငယ်တွေနဲ့ ဘိုးဘိုးဘွားဘွားတွေကို ခိုတွေနဲ့ ဝေးရာမှာ ထားပါ။

ခိုတွေက လူတွေရဲ့ ရင်းနှီးတဲ့ ငှက်တွေဆိုပေမဲ့ သူတို့တွေကနေ ရောဂါကူးတတ်တာကို မေ့ထားလို့ မဖြစ်ပါဘူး။ ခုခံအားကျတဲ့သူတွေမှာ အဖြစ်များတယ်ဆိုပေမဲ့ သူကနေ ကူးစက်တဲ့ ရောဂါတွေက အသက်အန္တရာယ်ဖြစ်တတ်တာကြောင့် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။