backup og meta

ဆင်ခြေထောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆင်ခြေထောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    ဆင်ခြေထောက်ရောဂါကိုမြင်ဖူးကြပါသလား။ အနည်းဆုံးတော့ ပညာပေးဗွီဒီယိုတွေ၊ လက်ကမ်းစာစောင်တွေမှာတော့ မြင်တွေ့နိုင်ပါလိမ့်မယ်။ ကြောက်မက်ဖွယ်ဒီရောဂါကြီးက အလှပျက်စေရုံတင်မကဘဲနေ့စဉ်နေထိုင်မှုဘဝမှာပါ ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒီလိုရောဂါဆိုးမျိုးကို ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆင်ခြေထောက်ရောဂါမဖြစ်အောင် ကာကွယ်လိုက်ပါ။

    ဆင်ခြေထောက်ရောဂါဆိုတာ

    ဆင်ခြေထောက်ရောဂါဆိုတာက ခြေတွေလက်တွေကို အပြင်းအထန်ရောင်ရမ်းစေတဲ့ရောဂါတစ်မျိုးပါ။ခြင်ကနေတဆင့် ကူးစက်တဲ့filarial wormကြောင့် ဆင်ခြေထောက်ရောဂါဖြစ်ရတာပါ။ ဒီရောဂါပိုးက လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်အတွင်းမှာရှင်သန်ကြီးထွားကြတာဖြစ်ပြီး သွေးကြောတွေကနေတဆင့် မျိုးပွားပြန့်နှံ့ကြပါတယ်။ ဒီရောဂါပိုးတွေက လူ့ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းအတော်ကြာရှင်သန်နေထိုင်နိုင်ကြပါတယ်။

    ဆင်ခြေထောက်ရောဂါပိုးက ခြေထောက်တွေ၊ လက်တွေကိုပဲ ရောင်ရမ်းကြီးထွားစေတာမဟုတ်ဘဲ မျိုးပွားအင်္ဂါတွေနဲ့ ရင်သားတွေကိုပါရောင်ရမ်းကြီးထွားစေနိုင်ပါတယ်။ ရောဂါခံစားရတဲ့အခါ အရေပြားက အရမ်းထူပြီး မာတောင့်တောင့်နဲ့ ဆင်သားရေလိုမျိုးဖြစ်နေတတ်ပါတယ်။

    ဆင်ခြေထောက်ရောဂါက အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်တွေမှာနေထိုင်တဲ့သူတွေမှာ အဖြစ်များပါတယ်။

    ရောဂါလက္ခဏာတွေက

    ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းပြီး ပုံမှန်အရွယ်ထက်ကြီးထွားလာတာမျိုး မဖြစ်မချင်း ဆင်ခြေထောက်ရောဂါခံစားနေရတယ်ဆိုတာကို မသိနိုင်ပါဘူး။ အရေပြားမှာ အသားမာလို ထူထူကြီးဖြစ်လာပြီး ကြမ်းကြမ်းကြီးဖြစ်နေမယ်။ တစ်ခါတရံရောင်ရမ်းတဲ့နေရာက နာကျင်တာမျိုးတွေတောင် ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အဖျားတက်တာနဲ့ ခန္ဓာကိုယ်မှာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးဆိုတာကို ကြားဖူးကြမှာပါ။ ပျောက်ကင်းဖို့မလွယ်တဲ့ရောဂါမျိုးဆိုရင်တော့ ရှင်သန်နေချိန်တလျှောက်လုံးမှာ ရောဂါဆိုးကြီးနဲ့ရှေ့မဆက်ချင်ဘူးဆိုရင် ကာကွယ်မှုတွေလုပ်တာအကောင်းဆုံးနည်းလမ်းပါ။ ဆင်ခြေထောက်ရောဂါဟာလည်း ဖြစ်မှကုသမယ်ဆိုရင် အရမ်းကိုရှုပ်ထွေးပြီး ကုသရခက်ပါတယ်။ ဆင်ခြေထောက်ရောဂါမဖြစ်အောင် ဒီနည်းတွေသုံးပြီးကာကွယ်ပါ။

    ခြေထောက်တွေကို ကာကွယ်ပါ -ခြေထောက်တွေကို ခြင်ကိုက်ခံရတာတွေနဲ့  အခြားသော ဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ဖို့ခြေထောက်ကို ဖိနပ်စီးထားပြီး ကာကွယ်ပေးပါ။ ဘောင်းဘီရှည်၊ ပုဆိုးဝတ်ပါ။

    တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုပါ – ခန္ဓာကိုယ်၊ ခြေ၊ လက်တွေကို သန့်စင်အောင်ထားပြီး ရောဂါပိုးကူးစက်ခံရမှုကနေ ကာကွယ်ပေးပါ။ တကယ်လို့ရောဂါပိုးတစ်ခုခုကူးစက်ခံရတယ်ဆိုရင်တောင်မှ ထိခိုက်မှုနည်းနိုင်သမျှနည်းစေဖို့အတွက် အရေပြားကိုသန့်ရှင်းအောင်ဂရုစိုက်ပေးပါ။ အရေပြားသန့်ရှင်းမှုအားနည်းတာကရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

    ခြင်မကိုက်အောင် လူးတဲ့ဆေးလူးပေးပါ – မတော်တဆတွေရဲ့ အကျိုးဆက်တွေကို မခံစားဖို့ဆိုရင် အဖက်ဖက်ကပြည့်စုံအောင်လုပ်ဆောင်ထားဖို့လိုပါမယ်။ ဒါကြောင့် မတော်တဆ ခြင်ကိုက်ခံရတာမျိုးမဖြစ်စေဖို့အတွက် အရေပြားအနှံ့ကိုခြင်မကိုက်အောင်လူးတဲ့ဆေးလူးပေးပါ။

    လုံခြုံအောင်ဝတ်ဆင်ပါ -ခြင်ကိုက်ခံရတာက ကာကွယ်ဖို့လုပ်နိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုက အဝတ်အစားတွေကို လုံလုံခြုံခြုံဝတ်ဆင်ပြီး ခြင်မကိုက်အောင်ကာကွယ်တာပါ။ ညနေပိုင်းနေဝင်စအချိန်တွေနဲ့ ညဘက်တွေမှာ အင်္ကျီလက်ရှည်ဘောင်းဘီရှည်တွေဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင်ကာကွယ်ပါ။

    ခြင်နိုင်ဆေးအသုံးပြုပါ –ခြင်မကိုက်အောင်ကာကွယ်ဖို့အတွက် နောက်ထပ်အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုက ခြင်နိုင်ဆေးအသုံးပြုတာပါ။ ခြင်နိုင်ဆေးအသုံးပြုပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ခြင်တွေနဲ့အင်းဆက် တွေကို နှိမ်နှင်းလိုက်ပါ။ခြင်ဆေးဆိုတဲ့နေရာမှာလည်းနေအိမ်မှာရှိနေတဲ့ မိသားစုဝင်တွေအားလုံးအတွက် အဆင်ပြေတဲ့ အမျိုးအစားကို သုံးသင့်ပါတယ်။ ဥပမာ ပန်းနာရင်ကျပ်ရှိတဲ့သူ မိသားစုမှာရှိရင်ခြင်ဆေးငွေ့ကြောင့် အသက်ရှူကျပ်နိုင်တော့ လိမ်းဆေးသုံးတာအဆင်ပြေနိုင်ပါတယ်။

    ခြင်ထောင်နဲ့အိပ်စက်ပါ – ညဘက်အိပ်တဲ့အခါမှာပဲဖြစ်ဖြစ် နေ့ခင်းဘက် အိပ်စက်ချိန်မှာပဲဖြစ်ဖြစ် ခြင်မကိုက်ခံရဖို့အတွက် ခြင်ထောင်နဲ့ အိပ်စက်ဖို့ ပြောပါရစေ။ ဒါကလည်းရောဂါမဖြစ်အောင်ကာကွယ်တဲ့ နည်းလမ်းတစ်ရပ်ပါ။

    ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ -နေအိမ်ဝန်းကျင်က အမှိုက်တွေကို ရှင်းလင်းတာ၊  ရေဝပ်နိုင်တဲ့နေရာတွေကို မြေဖို့တာနဲ့ရေတင်ကျန်နေနိုင်တဲ့ အရာတွေကိုမှောက်ထားတာမျိုးလုပ်ပေးပါ။ခြင်ပေါက်ဖွားနိုင်တဲ့နေရာကိုရှင်းလင်းတာကလည်းရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့နည်းလမ်းတစ်ခုပါ။

    ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါ ခြင်ကိုက်မခံရအောင် ကာကွယ်ရင်း ကုသပျောက်ကင်းဖို့ ခက်ခဲတဲ့ ဆင်ခြေထောက်ရောဂါဆိုး အန္တရာယ်ကနေ ကြိုတင်ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement