backup og meta

ကိုဗစ် လူနာစောင့် တွေ စိတ်ဖိစီးမှု သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် လူနာစောင့် တွေ စိတ်ဖိစီးမှု သက်သာစေဖို့

    ကိုဗစ်ဖြစ်ရင် လူနာတစ်ယောက်ပဲ ခံစားရတာ မဟုတ်ပါဘူး။ သူ့ကို စောင့်ရှောက်ပေးရတဲ့  လူနာစောင့်  ကလည်း ထပ်တူ ပင်ပန်းပါတယ်။ လူနာက စကားနားမထောင်ရင်ဖြစ်ဖြစ်၊ ဂရုစိုက်နေရဲ့သားနဲ့ ဆုံးပါးသွားရင်ဖြစ်ဖြစ် ပိုပြီး ခံစားရပါတယ်။ ဒါ့ပြင် လူနာစောင့်ရင်းနဲ့ ပြဿနာပေါင်းစုံလည်း သူတို့မှာ ကြုံရပါတယ်။ ဒါတွေကို ခံနိုင်ရည်ရှိအောင် ဘယ်လိုများ ပြင်ဆင်ထားကြမလဲ။

    ကိုဗစ်ကာလ လူနာစောင့် တွေ ကြုံရနိုင်တဲ့ အခက်အခဲများ

    • ကိုယ်ခွဲမရှိတာ

    ကိုဗစ်လူနာကို ပြုစုဖို့ အနားမှာ တစ်ယောက်ပဲ ထားတာ အကောင်းဆုံးပါ။ လူများများ ပြုစုလေ၊ များများကူးစက်လေ၊ ကူးခံရတဲ့သူတွေပါ နားရမယ်ဆိုရင် လူမရှိတော့ဘဲ နေမှာပါ။ ဒါကြောင့် အနီးကပ် တစ်ယောက်တည်း ပြုစုတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်အိမ်တည်းမှာ လူနာ ၂ယောက်၊ ၃ယောက် ဖြစ်လာတဲ့အခါ လူခွဲလည်း မရှိတဲ့အခါ ကိုယ်တစ်ယောက်တည်း ဝေယျာဝိစ္စတွေ အကုန်လုပ်ပေးရတော့ ပိုပြီး ဝန်ပိလာပါတယ်။

  • လူနာက စကားနားမထောင်တာ
  • လူနာစောင့်က လူနာနဲ့ ဆရာဝန်ကြားက ပေါင်းကူးတံတားပါ။ ဆရာဝန်မှာလိုက်တာတွေကို လူနာက လူနာစောင့်ကို ပြန်ပြီး လုပ်ပေးရတာပါ။ လူနာက စကားနားမထောင်တဲ့အခါ ဥပမာ မှောက်ဆိုရင် မမှောက်၊ စားဆိုရင် မစားတဲ့အခါ လူနာစောင့်က စိတ်ပါပင်ပန်း လာပါတယ်။

    • အလုပ်အကုန် လုပ်ရတာ

    တကယ်ဆို လူနာစောင့်က လူနာကိုပဲ အနီးကပ်ပြုစုသင့်တာပါ။ လူမရှိတဲ့အခါ လူနာကြည့်လည်းကိုယ်၊ ချက်ပြုတ်လျှော်ဖွပ် အိမ်အလုပ်လည်း ကိုယ်ဆိုရင် ကြာလာရင် ဒဏ်ခံနိုင်မှာ မဟုတ်ပါဘူး။

    လူနာအခြေအနေဆိုးရင် ဆိုးသလို လူနာစောင့်က သတိနဲ့ စောင့်ကြည့်နေရတာပါ။ ဒါကြောင့် လူနာကို အစားဝင်အောင် ကျွေးနေရပေမယ့် ကိုယ်ကျတော့ အစာစားချိန် မမှန်ပါဘူး။ ညဆိုလည်း လူနာအိပ်လည်း မအိပ်နိုင်ပါဘူး။ ငါအိပ်နေတုန်း တစ်ခုခုများ ဖြစ်သွားမလားဆိုပြီး ထထကြည့်နေရပါတယ်။

    ကျန်းမာရေး ထိခိုက်လာတဲ့ လူနာစောင့် များ

    ဒီလိုမျိုး တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်တော့ ကြာလာရင် လူနာစောင့်က တော်တော်ပင်ပန်းလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလည်း အားနည်းလာသလို စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်တို၊ စိတ်ဆတ်တာ၊ စိတ်ဓာတ်ကျတာ ဖြစ်လာပါတယ်။

    ဒါ့ပြင် တချို့လူနာစောင့်တွေဆို ပြုစုနေရင်း တန်းလန်း ရောဂါပိုးကူးခံလိုက်ရတာတွေလည်း ရှိပါတယ်။ သူတို့က လူနာပြန်ကောင်းလာပြီးရင်တောင် မနားရပါဘူး။ လူနာထိတွေ့ခဲ့တဲ့ နောက်ဆုံး ရက်ကစပြီး ၂ပတ်လောက် ကွာရန်တင်း ပြန်ဝင်ရဦးမှာပါ။

    လူနာစောင့်များ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့

    ပြဿနာကို ဒေါသတွေနဲ့ မတုံ့ပြန်ပါနဲ့။ ဒီချိန်မှာ လူနာနဲ့ စကားများလို့ အကျိုးမရှိပါဘူး။ ဒါကြောင့် ဘာကပြဿနာလဲ။ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ စဉ်းစားပါ။ လူနာက မစားချင်ဘူးဆို၊ ဘာကြောင့် မစားချင်တာလဲ။ ဘယ်လိုလုပ်ပေးရင် စားမှာလဲ စသဖြင့် လူနာနဲ့ ညှိပြီး ဖြေရှင်းပါ။ လုပ်ပေးသမျှက လူနာကောင်းဖိုအတွက်ပဲဆိုတာ သိပါစေ။

    မတတ်နိုင်တာတွေကို စိတ်ဆင်းရဲ မခံပါနဲ့။ ရောဂါဆိုးလို့ အောက်ဆီဂျင်ကျလာပြီဆိုရင် ကိုယ်လည်း တတ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ။ ဒါကို လက်ခံပြီး အကောင်းဆုံး ပြုစုပေးဖို့ပဲ စဉ်းစားပါ။

  • စိတ်ဖိစီးမှုကို လျှော့ချပါ။
  • မိုးလင်း မိုးချုပ် လူနာကို ပြုစုရတာ၊ လူနာရဲ့ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုက သာမန်အချိန်တွေထက် များနေမှာပါ။ ဒါပေမယ့် ၂ပတ် ၃ပတ် ကြာနိုင်တဲ့ ဒီကာလမှာ တတ်နိုင်သမျှ စိတ်ဖိစိးမှုကို လျှော့ချပါ။ စိတ်ရှုပ်လာပြီဆိုရင် အသက်ကို ပြင်းပြင်းရှူ ပြင်းပြင်းထုတ်ပါ။ ထပြီး ခြေဆန့်လက်ဆန့် လုပ်ပါ။ အိပ်ခါနီးရင် အသက်ရှူတာလေးကို အာရုံစိုက်ပြီး အိပ်လိုက်ပါ။

    • တစ်နေ့တာ လုပ်ရမယ့် အလုပ်ကို စာရင်းလုပ်ထားပါ။

    လူနာပြုစုတာကစလို့ ကိုယ့်ရဲ့ စားချိန်သောက်ချိန် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ချိန်တွေအထိ အချိန်ဇယားလေး မှတ်ထားပါ။ လူနာကိုရော၊ ကိုယ့်ကိုယ်ကိုယ်ပါ ဂရုစိုက်ပြီးသား ဖြစ်သွားပါတယ်။ လုပ်ရမယ့် အလုပ်တွေလည်း မကျန်ခဲ့တော့ပါဘူး။ တစ်နေကုန် လူနာနား ကပ်နေတာထက်စာရင် လုပ်စရာရှိတာ ထလုပ်လိုက်တာက အပြောင်းအလဲ ဖြစ်စေပါတယ်။

    • စားချိန်အိပ်ချိန် မှန်ပါစေ။

    လူနာစားပြီးမှ စားမလား။ လူနာ မစားခင် စားထားမလား။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေ့ ၃နပ် ဝင်အောင်စားပါ။ ညဘက်တွေဆိုလည်း လူနာနားတာနဲ့ ကိုယ်ပါ အိပ်နိုင်အောင် ကြိုးစားပါ။ လိုအပ်ရင် တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းပါ။ စားချိန် အိပ်ချိန်မှန်မှ လူနာကို အင်တိုက်အားတိုက် ဂရုစိုက်နိုင်မှာပါ။

    • ကျွမ်းကျင်သူရဲ့ အကူအညီကို ယူပါ။

    လူနာကတစ်မျိုး၊ ရောဂါကတစ်မျိုး စိတ်ထဲမှာ သိပ်ပင်ပန်းနေပြီ ဘာကိုမှ စိတ်မဝင်စားနိုင်လောက် ဖြစ်နေပြီ။ အမြဲလိုလို ငိုချင်နေပြီး စိတ်က အကျဘက်ကို ရောက်နေပြီဆိုရင် အွန်လိုင်းကနေ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ နှစ်သိမ့်ဆွေးနွေးပါ။ ဘာလုပ်ရမယ်၊ ဘယ်လိုမျိုး ကျော်လွှားသင့်လဲဆိုတာကို အကြံပေးပါလိမ့်မယ်။

    လူနာစောင့်က လူနာနီးပါး ပင်ပန်းတယ်ဆိုတာ ခုလောက်ဆို သိလောက်ပါပြီ။ လူနာစောင့်အနေနဲ့ ဒီကိုဗစ်ခရီးရှည်ကြီးကို လူနာနဲ့အတူတူ အောင်မြင်အောင် ကျော်ဖြတ်မယ်လို့ တွေးထားပါ။ လူနာကို စောင့်ရှောက်ပါ။ မိမိကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement