backup og meta

ကွာရန်တင်းဝင်ပဲ ဝင်ပါစေ၊ စိတ်မထိခိုက်ပါစေနဲ့


Ye Zon Aung မှ ရေးသားသည်။ · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွာရန်တင်းဝင်ပဲ ဝင်ပါစေ၊ စိတ်မထိခိုက်ပါစေနဲ့

    ကွာရန်တင်း (Quatentine) ဆိုတဲ့ စကားက ခုကာလတွေမှာ အရမ်းကို ခေတ်စားနေတဲ့ စကားလုံးတစ်ခုပါ။ ကွာရန်တင်းဝင်ရတယ်၊ Q ဝင်နေရတယ်ဆိုတာမျိုးတွေ သိပ်ပြောဖြစ်ကြတယ်။

    COVID-19 ရောဂါကူစက်ပျံ့နှံ့နေတာကြောင့် ရောဂါပိုးရှိသူတွေနဲ့ ထိစပ်မိသူတွေ၊ သွားလာခဲ့တဲ့နေရာတွေက လူတွေဟာ သတ်မှတ်နေရာတွေမှာ ရောဂါပိုးစစ်ဆေးမှုအဖြေ Negative ဖြစ်ချိန်အထိ သီးခြားသွားရောက်နေထိုင်ရတာကို ကွာရန်တင်းဝင်တယ်လို့ခေါ်ဆိုတာပါ။

    နဂိုကမှ ရောဂါကို ကြောက်ရွံ့နေရတာကတစ်မျိုး၊ နေအိမ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့်မရတာ၊ လူလူချင်း ကူးစက်နိုင်တာကြောင့် လူတစ်ဦးချင်းစီအကြား ယုံကြည်မှုလျော့နည်းလာတာ၊ အလုပ်ပျက်အကိုင်ပျက်တွေဖြစ်တာကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေ များလာနေရတဲ့ကြားထဲ ကိုယ်က သံသယလူနာအဖြစ် ကွာရန်တင်းပါဝင်ရပြီဆိုရင် စိတ်ဓာတ်ကျတာ၊ စိတ်ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့်လည်း WHO က စိတ်ဝေဒနာခံစားရမှုဟာ COVID-19 ရဲ့ နောက်ဆက်တွဲ ဘေးဆိုးလို့ ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။

    ကွာရန်တင်းက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဘယ်လို သက်ရောက်စေသလဲ

    ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှာ ရောဂါကူးစက်ခံရသူတွေ၊ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် နေအိမ်တွေမှာ နေထိုင်နေကြတဲ့ သာမန်ပြည်သူတွေအကြားမှာပါ ကြောက်ရွံ့မှုတွေ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေ ပိုမိုတိုးပွားလာနေပါတယ်။

    အထူးသဖြင့် ကွာရန်တင်းဝင်နေရသူတွေဟာ ရောဂါဖြစ်တော့မှာလားဆိုတဲ့ သံသယစိတ်ကြောင့် စိတ်မတည်ငြိမ်မှုဖြစ်နေသလို ပတ်ဝန်းကျင်နဲ့ လူထုဖိအားကြောင့်လည်း စိတ်ပင်ပန်းနေနိုင်တာကြောင့် စိတ်ထိခိုက်ခံစားရမှုပိုဖြစ်နိုင်ပါတယ်။

    ကိုယ့်အနီးဝန်းကျင်က လူတစ်ဦးတစ်ယောက် ကွာရန်တင်းဝင်ရပြီဆိုရင် လူတစ်ချို့က ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ပြီး လူမှုကွန်ယက်တွေပေါ်တင်ကြ၊ အမည် နေရပ်လိပ်စာတွေဖော်ထုတ်ပြောဆိုကြလုပ်ကြတဲ့အခါ ကွာရန်တင်းဝင်တယ်ဆိုတဲ့ကိစ္စကြီးက ကြောက်စရာ၊ ရှက်စရာကိစ္စတစ်ခုလို တချို့အတွက် ခံစားရစေပါတယ်။

    ဒီလိုအဖက်ဖက်သော စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်ရတာကြောင့် ကွာရန်တင်းဝင်သူတွေမှာ အောက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။

  • အိပ်မပျော်တာ၊
  • စိတ်ဖီစီးမှုများတာ၊
  • စိတ်ဓာတ်ကျတာ၊
  • စိတ်ရှုပ်ထွေးတာ၊
  • စိတ်ကသိကအောက်ဖြစ်တာ၊
  • အထီးကျန်တာ
  • စိတ်ဆိုး၊ ဒေါသထွက်လွယ်လာတာ၊
  • စိုးရိမ်ပူပန်စိတ်တွေ တိုးပွားလာတာ၊
  • ရည်ရွယ်ချက်ပျောက်ဆုံးတာ၊
  • အလိုလို ဝမ်းနည်းနေတတ်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
  • ကာယကံရှင်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ကွာရန်တင်းကာလအတွေ့အကြုံတွေကို မှီတည်ပြီး အဆိုပါစိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ရေရှည်စွဲကပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    ကွာရန်တင်းဝင်သူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို စောင့်ရှောက်မလဲ

    ကွာရန်တင်းဌာနတွေမှာ စိတ်ရောဂါကုဆရာဝန်တွေ၊ နှစ်သိမ့်ဆွေးနွေးသူတွေထားရှိပြီး ဆွေးနွေးနှစ်သိမ့်ပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုးကိုတော့ တာဝန်ရှိသူတွေကသာ ပြုလုပ်ဖန်တီးပေးနိုင်ပါတယ်။

    ကိုယ်တိုင်အနေနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းထားနိုင်ဖို့ အထီးကျန်ခြင်းကို ဖြေဖျောက်နိုင်တဲ့ နည်းလမ်းတစ်ချို့ကို အသုံးချပြီး စိတ်ပင်ပန်းမှုကို လျှော့ချလို့ရနိုင်ပါတယ်။

    အောက်ပါနည်းလမ်းတွေကို လိုက်နာကြည့်ရင် စိတ်ပင်ပန်းမှုတွေကို ထိမိစွာ လျှော့ချပေးနိုင်ပါလိမ့်မယ်။

    • အာဟာရပြည့်စွာ စားပါ – စင်တာမှာဖြစ်စေ နေအိမ်မှာဖြစ်စေ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေကို လုံလောက်စွာဖြည့်တင်းနိုင်ဖို့ လိုအပ်ပါတယ်။
    • Burnout ကို ဖြတ်ကျော်ပါ – Burnout ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် လူကြီးပါ ချုံးချုံးကျသွားတဲ့ ဝေဒနာမျိုးပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကွာရန်တင်းဝင်ရသူတွေမှာ အဖြစ်ပိုများပါတယ်။ မှန်ကန်စွာ အနားယူပေးတာကသာ Burnout မဖြစ်စေဖို့ တားဆီးပေးမှာပါ။
    • ပူပင်သောကတွေကို ထိန်းချုပ်ပါ – ပူပင်သောကဟာ ကိုဗစ်ကာလရဲ့ အဆိုးရွားဆုံးပြဿနာဖြစ်ပါတယ်။ အိပ်တာ၊ စားတာ၊ နေတာထိုင်တာတွေကို စနစ်ကျအောင် စီမံသင့်ပြီး တောင်တွေးမြောက်တွေး တွေးမိတာမျိုးမဖြစ်စေဖို့ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်အလုပ်လုပ်တာလို နည်းလမ်းတွေအသုံးပြုသင့်ပါတယ်။
    • တရားထိုင်ပါ – တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးကို သက်သာလျော့ပါးစေတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ နေ့စဉ် အချိန်တစ်ခုသတ်မှတ်ပြီး တရားထိုင်ပေးရင် စိတ်ကိုတည်ငြိမ်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။
    • ကောင်းကောင်း အိပ်စက်ပါ – စိတ်ကျန်းမာရေးပြဿနာတွေဟာ အိပ်စက်ခြင်းနဲ့ အမြဲဆက်စပ်နေတတ်ပါတယ်။ တစ်နေ့ကို ၈ နာရီ လုံလောက်စွာ အိပ်စက်သူတွေမှ စိတ်ကျန်းမာရေးပြဿနာတွေ မရှိနိုင်ပါဘူး။ အလွန်းအမင်း အိပ်တာနဲ့ အိပ်ရေးပျက်တတ်သူတွေမှာသာ စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာတွေ စွဲကပ်လေ့ရှိတာပါ။ ဒါကြောင့် အိပ်ချိန်နဲ့ အိပ်စက်မှုပုံစုံကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
    • ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့ – ချစ်ရတဲ့သူတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ Online ကနေတဆင့် အဆက်အသွယ်မပြတ်အောင် နေထိုင်တာ၊ စကားပြောဆိုနေတာကလည်း စိတ်ဓာတ်မကျဖို့ ကူညီနိုင်ပါတယ်။

    ကွာရန်တင်းဝင်သူတွေကို စိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့

    တကယ်တော့ ကွာရန်တင်းဝင်တယ်ဆိုတာက ရောဂါပိုးရှိနေပြီဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဘူး။ ရှိနေနိုင်ခြေရှိနေတာကြောင့် ခွဲထုတ်ပြီး စစ်ဆေးပေးတာသာဖြစ်ပါတယ်။ မရှိရင် မိမိနေရပ်ကိုပြန်ပြီး ပုံမှန်အတိုင်း ရောဂါကို ကာကွယ်နေထိုင်နိုင်ပါတယ်။

    ကွာရန်တင်းဝင်ရတဲ့သူတွေကို အများကပိုပြီး ဂရုစိုက်ပေး ကူညီပေးဖို့ ပိုပြီးလိုအပ်မှာပါ။ လာအခေါ်ခံရသူတွေကို လွန်လွန်ကဲကဲ အာရုံစိုက် Highlight လုပ်တာက သူတို့ကို စိတ်ထိခိုက်စေတဲ့အပြုအမူမျိုးတွေသာဖြစ်ပါတယ်။ ဒီလိုတွေ မကျူးလွန်ကြဖို့လည်း လိုအပ်ပါတယ်။

    တကယ်လို့ လူတစ်ယောက်က ကိုယ်ခံအားကောင်းမွန်တာကြောင့် ပိုးကို ခုခံနိုင်လောက်တဲ့ အခြေအနေမျိုးရှိနေပါလျက်နဲ့ လူတွေရဲ့ ဖိအားကြောင့် စိတ်ဓာတ်ကျပြီး ကိုယ်ခံအားစနစ်ပါပျက်ယွင်းကာ ရောဂါပိုးကို လက်မြှောက်အရှုံးပေးလိုက်ရမယ်ဆိုရင် သူ့ကိုစိတ်ဓာတ်ကျစေတဲ့လူတွေဟာ အပြစ်မကင်းဘူးလို့ ဆိုရမှာပါ။

    ကွာရန်တင်းဝင်သူတွေကို တတ်နိုင်သမျှ အားပေးပါ။ သူတို့တွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်တာက ရောဂါကာကွယ်ရေးနဲ့ တိုက်ထုတ်ရေးမှာ တစ်ဖက်တစ်လမ်းက အကျိုးကျေးဇူးဖြစ်ထွန်းစေမယ့် အကူအညီတစ်မျိုးပဲဖြစ်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement