home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ဘေးတစ်ခုအဖြစ် ဒုက္ခပေးနေတဲ့ COVID-19 ရောဂါဟာ ကူးစက်ပုံ မြန်ဆန်တာကြောင့် ဘယ်နည်းဘယ်ပုံကူးစက်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာမှုတွေ အဆက်မပြတ်ပြုလုပ်နေကြပါတယ်။ လက်ရှိအချိန်မှာလည်း လေ့လာချက်တွေအရ COVID-19 ဗိုင်းရပ်စ်ပိုးတွေဟာ စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တယ်လို့ သိရှိလာရပါတယ်။

သြစတြေးလျ အမျိုးသားသိပ္ပံအကယ်ဒမီက သိပ္ပံပညာရှင်တွေရဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ COVID-19 ရောဂါရဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ SARS-Cov-2 ဟာ လူတိုင်းရဲ့လက်ထဲမှာ အမြဲရှိနေတတ်တဲ့ စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်မှာ ၂၈ ရက်အထိ ရှင်သန်နေနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါပိုးဟာ ပိုက်ဆံနဲ့ မာကျောတဲ့မျက်နှာပြင်တွေမာ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်တယ်ဆိုတာကို အစောပိုင်းကတည်းက ရှာဖွေတွေ့ရှိခဲ့ပေမယ့် အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်တယ်ဆိုတာကိုတော့ တိကျစွာသိရှိခဲ့ကြခြင်းမရှိပါဘူး။

ဒါပေမယ့် ကနဦးပိုင်းလေ့လာချက်တွေမှာတော့ SARS-Cov-2 ပိုးဟာ ဖုန်းမျက်နှာပြင်တွေ၊ မှန်တွေ၊ ပိုက်ဆံစက္ကူတွေနဲ့ မာကျောတဲ့မျက်နှာပြင်တွေမှာ ၃ ရက်ကနေ ၆ ရက်ဝန်းကျင်လောက်အထိပဲ ရှင်သန်နိုင်တယ်လို့ ဆိုခဲ့ကြတာပါ။ ခုချိန်မှာတော့ ဒီရောဂါပိုးတွေဟာ တစ်လနီးပါး ရှင်သန်နိုင်တယ်ဆိုတာကို စတင်သိရှိလာရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီစမ်းသပ်ချက်ကို အခန်းအပူချိန် ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်၊ အလင်းရောင်မရှိတဲ့အခြေအနေမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး UV ပါဝင်တဲ့ နေရောင်ခြည်အလင်းရောင်ရရှိတဲ့အခြေအနေမှာတော့ အဲ့ဒီလောက်ကြာကြာ မရှင်သန်နိုင်ဘူးလို့ လေ့လာချက်က ဆိုထားပါတယ်။

ပြင်ပအပူချိန်မြင့်မားတဲ့အခြေအနေတွေမှာ ၁၇ ရက်ဝန်းကျင်သာ ရှင်သန်နိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ တကယ်လို့ ပြင်ပအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) မျိုးမှာဆိုရင်တော့ ပိုးရှင်သန်နိုင်ခြေက ၂၄ နာရီဝန်းကျင်သာရှိမယ်လို့ ဆိုထားပါတယ်။

စမတ်ဖုန်းမျက်နှာပြင်ပေါ်ကို ဗိုင်းရပ်စ်ပိုးအများဆုံးရောက်ရှိစေတဲ့ အချက်တွေကတော့ စကားပြောဆိုတာ၊ ချောင်းဆိုတာနဲ့ နှာချေတာတို့ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ဖုန်းမျက်နှာပြင်မှာ ရောဂါပိုးတွေ အများဆုံး ကပ်ညိစေတာပါ။

ဒါ့အပြင် ရောဂါပိုးကပ်ညိနေတဲ့ မျက်နှာပြင်တစ်ခုခုကို ကိုင်တွယ်ပြီးနောက် ဖုန်းမျက်နှာပြင်ကိုထပ်မံကိုင်တွယ်မိရင်လည်း ရောဂါပိုး ဖုန်းမှာ တွယ်ညိစေနိုင်တယ်လို့လည်း အမေရိကန် CDC က သတိပေးစကား ဆိုထားပါတယ်။

စမတ်ဖုန်းတွေကို မပြတ်သန့်ရှင်းပေးပါ

သိပ္ပံပညာရှင်တွေကတော့ ခုလိုအခြေအနေမျိုးမှာ စမတ်ဖုန်းတွေကို မပြတ်သန့်ရှင်းပေးနေပြီး ကိုင်တွယ်ရာမှာလည်း သတိထားကိုင်တွယ်အသုံးပြုဖို့ လိုအပ်တယ်လို့ သတိပေးစကားဆိုထားပါတယ်။

နေ့စဉ်လူနေမှုဘဝမှာ အရေးပါလှတဲ့ ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို လုံးဝလက်လွှတ်လိုက်ဖို့ဆိုတာက မဖြစ်နိုင်တာမို့ သတိထားအသုံးပြုကိုင်တွယ်နိုင်ဖို့ အဓိကထားရမှာဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ COVID-19 ကပ်ဘေးကာလမှာ စမတ်ဖုန်းတွေကို ကိုင်တွယ် အသုံးပြုရာမယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ တိုက်တွန်းထားကြပါတယ်။

  • ဖုန်းကို မကိုင်တွယ်ခင်မှာ လက်ကို သန့်စင်အောင် ဆေးကြောပါ
  • ဖုန်းကို အသုံးမပြုခင်မှာ အရက်ပြန်ပါဝင်တဲ့ Wiper နဲ့ ပုံမှန်သန့်စင်ပေးပါ၊
  • ဒါမှမဟုတ် အယ်လ်ကိုဟော ၇၀% နဲ့အထက်ပါဝင်တဲ့ သန့်စင်ဆေးရည်တစ်မျိုးမျိုးကို အဝတ်မှာစွတ်ပြီး ပွတ်တိုက်သန့်စင်ပါ၊
  • ဖုန်းပြောရာမှာ ဖုန်းကိုကိုင်တွယ်ပြောဆိုတာမျိုးထက် နားကျပ်ကတဆင့် ပြောဆိုတာမျိုးကို ပြုလုပ်ပါ၊ နားကျပ်ကိုလည်း ပုံမှန်သန့်စင်ပါ၊
  • ဖုန်းအဖွင့်အပိတ်ကို Voice commands စနစ်အသုံးပြုပြီး ဖွင့်ပိတ်ပါ၊
  • ကိုယ့်ရဲ့ဖုန်းကို တခြားသူတစ်ဦးတစ်ယောက်ကို ကိုင်တွယ်ခွင့်မပြုပါနဲ့၊
  • ဖုန်းကို ကြုံရာနေရာမှာ ပစ်ထားတာမျိုးထက် သန့်စင်တယ်လို့ စိတ်ချရတဲ့နေရာမျိုးမှာ စနစ်တကျထားသိုပါ၊
  • ဖုန်းအသုံးပြုချိန်ကို လျှော့ချပါ။

အထက်ပါနည်းလမ်းတွေက စမတ်ဖုန်းမှာ ရောဂါပိုးကပ်ညိမှုကို လျှော့ချနိုင်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 20/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။