backup og meta

ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

    ချောင်းဆိုးတာ က ပြောတော့သာ ဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာ ချောင်းဆိုးချင်ရင် တော်တော်လေးတော့ နေရခက်တယ်နော်။ ချောင်းဆိုးချင်တာ အောင့်ထားလို့မရတဲ့ ပြဿနာ တစ်ခုပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ ဆေးတွေသောက်တာအပြင် တခြားဘာလုပ်လို့ရသေးလဲလို့ သိချင်တဲ့ Hello ဆရာဝန် ပရိသတ်ကြီးများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ချောင်းဆိုးပြီ ဆိုတာနဲ့ ဆေးသောက် ရမှာလား…….

    ချောင်းဆိုးတိုင်းတော့ ဆေးသောက်ဖို့ မလိုသေးပါဘူး။ အများစုက အလိုလိုသက်သာသွားတာကြောင့် ၁ရက်၊ ၂ရက်တော့ စောင့်ကြည့်နိုင်ပါတယ်။ ဒီကြားထဲမှာ ကိုယ်တိုင်လုပ်လို့ရတဲ့ ချောင်းဆိုးတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောပြရရင်

    ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

    ချောင်းဆိုးနေတာကို ပျောက်ကင်းစေမယ့် ချောင်းဆိုးပျောက်ဆေးထက် စွမ်းတဲ့ နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ အလုပ်လည်း မရှုပ်ဘဲ ဆေးသောက်ရမှာကြောက်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီး ဖျော်ရည် သောက်ပေးခြင်း ပါပဲ။ နာနတ်သီး ဖျော်ရည် သောက်ပေးခြင်းကြောင့်

    • ချွဲတွေကို ပျော်စေနိုင်တယ်
    • အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
    • လည်ချောင်းတွင်းက အစိုဓာတ်ကို ထိန်းပေးနိုင်တယ်
    • ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း တလျှောက် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
    • ပန်းနာရင်ကျပ်ရောဂါကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်
    • ထိပ်ကပ်နာကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ်
    • ဝတ်မှုန်နဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

    နာနတ်သီးဖျော်ရည်က ဘာကြောင့် ချောင်းဆိုးနေတာကို သက်သာစေနိုင်ရတာလဲ………

    နာနတ်သီးဖျော်ရည်မှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကို ပျော်စေနိုင်ပါတယ်။ ဒါတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိစ် ပါဝင်နေတာကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။

    ဒါတွေအပြင် နာနတ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ ကော့ပါး၊ ဇင့်၊ ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို ချောင်းဆိုးတာ၊ ချွဲကျပ်တာကိုလည်း သိသိသာသာ သက်သာစေမှာပါ။

    ချောင်းဆိုးသက်သာစေမယ့် နာနတ်သီးဖျော်ရည်ကို ဘယ်လိုဖျော်မလဲ………

    ချောင်းဆိုးတာကို သက်သာစေဖို့ နာနတ်သီးဖျော်ရည် သောက်မယ်ဆိုရင်တော့

    • နာနတ်သီးကို ကြိတ်ခြေထားတဲ့ ဖျော်ရည်တစ်ခွက်စာ
    • ဆားနည်းနည်း
    • ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့
    • ပျားရည် လက်ဖက်ရည်ဇွန်း တဝက်စာတို့ကို ရောဖျော်လိုက်ပါ။ ဒီတစ်ခွက်စာကို လေးခွက်အညီအမျှ ခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ် သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေ ကြေစေပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။

    ဒီရာသီမှာ ချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်း ပေါတဲ့အချိန်ဆိုတော့ ချောင်းဆိုးလို့ ဆေးသောက်ရမှာ ကြောက်တဲ့သူလေးတွေ အနေနဲ့ နာနတ်သီးဖျော်ရည်လေး သောက်လို့ အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ ပြဿနာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ရအောင်လား…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement