backup og meta

ရေနွေးသောက်ပေးလို့ ခန္ဓါကိုယ်အတွက် ဘာတွေကောင်းလဲ


Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနွေးသောက်ပေးလို့ ခန္ဓါကိုယ်အတွက် ဘာတွေကောင်းလဲ

    ရေပူရေနွေးကို ဆောင်းရာသီမှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။

    ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။

    ၁။ နှာစေးနှာပိတ် သက်သာစေတယ်။

    ဖျားနေတဲ့အချိန်၊ နှာစေးနှာပိတ်တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းက အသက်ရှူလို့လည်း မဝ၊ နှပ်တွေကို အမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့ အပူဓါတ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။

    ၂။ အစာကြေလွယ်စေတယ်။

    ရေနွေးဟာ အူလမ်းကြောင်းတစ်လျှောက်ကို ချောမွေ့သွားစေပြီး အစာအိမ်နဲ့ အူမကြီးထဲသို့ လျင်မြန်စွာ အစာရောက်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခန္ဓါက ရေဓါတ်ပြည့်ဝနေတဲ့အတွက် အစာကို ကောင်းကောင်း ချေဖျက်နိုင်စေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။ ကိုယ်စားလိုက်တဲ့အစားအစာထဲမှာ အမာတွေ ပါနေရင်လည်း ရေနွေးက ပျော့သွားစေနိုင်ပါတယ်။

    ၃။ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်။

    ကိုယ်ခန္ဓါရဲ့ ပင်မအာရုံကြောစနစ်ကို ငြိမ်သွားစေပြီး ကိုယ်ခန္ဓါတွင်း ကောင်းစွာ သွေးလည်ပတ်စေတယ်။ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲေနတာကို သက်သာစေတယ်။ အနာကျက်မြန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။

    ၄။ ဝမ်းချုပ်တာကို ပျောက်စေတယ်။

    ဝမ်းချုပ်နေတဲ့အချိန်ဆို ရေနွေးနွေးသောက်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ရှိတဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ်နဲ့ ကောင်းစွာ စွန့်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်တယ်။ ဝမ်းချုပ်နေတဲ့အချိန်မှ မဟုတ်ပါဘူး၊ ပုံမှန်ထမင်းစားပြီး ရေနွေးနည်းနည်းသောက်ပေးရင် အစာချေဖျက်ဖို့ ပိုမိုလွယ်ကူပြီး ဝမ်းမှန်စေနိုင်ပါတယ်။

    ၅။ ရေဓါတ်ကို ဖြည့်တင်းပေးတယ်။

    ရေပူဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာခန့် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်တွင်းမှာ ရေဓါတ်ခမ်းခြောက်မှု မဖြစ်စေဘဲ ကောင်းစွာ အလုပ်လုပ်နိုင်တော့မှာပေါ့။

    ၆။ ကိုယ်အလေးချိန်ကို ကျစေတယ်။

    ရေနွေးဟာ ကိုယ်တွင်းက အပူတွေကို ကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ ရှိတဲ့ အစာဟောင်း၊ အညစ်အကြေးတွေကို ဆီး၊ ဝမ်းအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်ပေးလို့ လူကို ပေါ့ပါးစေတယ်။ ကယ်လိုရီတွေကိုလည်း အနည်းငယ်လောင်ကျွမ်းစေနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

    ၇။ သွေးလည်ပတ်မှု ကောင်းစေတယ်။

    ရေနွေးသောက်တာဖြစ်စေ၊ ရေပူရေနွေးနဲ့ ရေချိုးတာ၊ ရေစိမ်တဲ့အခါမှာ ကိုယ်ခန္ဓါထဲက သွေးကြောတွေဟာ ကျယ်သွားပြီး သွေးကို ပိုမိုစီးဆင်းစေနိုင်တယ်။ သွေးလည်ပတ်မှု မြန်လာတဲ့အခါမှာ သွေးတိုးကို ကျစေတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး ညဘက်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ ကူညီပေးပါတယ်။

    ၈။ စိတ်ဖိစီးမှုကို ကျစေတယ်။

    စိတ်ဖိစီးမှုဆိုတာ ရောဂါပေါင်းစုံ ဝင်လာစေဖို့ တရားခံတွေထဲမှာ ပါနေပါတယ်။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်မှပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေနိုင်တော့မှာပေါ့။ ဒီလိုမျိုး စိတ်ဖိစီးနေတဲ့အချိန်ဆို ကိုယ့်ရဲ့ စိတ်ကလေးအေးချမ်းသွားအောင် ရေနွေးတစ်ခွက် သောက်ပေးလိုက်တာ အကောင်းဆုံးပါပဲ။

    ၉။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို လျော့နည်းစေတယ်။

    ရေနွေးသောက်လိုက်တာဖြစ်စေ၊ ရေပူရေနွေးနဲ့ ရေချိုးလိုက်တဲ့အခါ အစပိုင်းမှာ ကိုယ်တွင်းအပူချိန်က မြင့်တက်လာပါတယ်။ ဒီလိုပူလာတာကို ကိုယ်ခန္ဓါက ပြန်လည်တုံ့ပြန်ဖို့အတွက် ချွေးထွက်စေပါတယ်။ သွေးနဲ့ ကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ချွေး၊ ဆီး အဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပြီး သန့်စင်ပေးနိုင်ပါတယ်။

    ၁၀။ အက်ခလေးရှား ရောဂါကို သက်သာစေတယ်။

    အက်ခလေးရှားရောဂါ (Achalasia) ဆိုတာ လည်ချောင်းကနေ မြိုချလိုက်တဲ့ အစာတွေက အစာအိမ်ထဲကို သွားဖို့ ကျပ်နေတဲ့ ရောဂါဖြစ်ပါတယ်။ တစ်ခါတလေမှာ အစာမြိုချဖို့၊ အစာအိမ်ထဲကို ရောက်မယ့် အစာတွေက လည်ချောင်းမှာ ကပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုရောဂါရှိသူတွေအတွက်ဆိုရင် ရေနွေးကို ပုံမှန်လေး သောက်ပေးသင့်တယ်နော်။ အထူးသဖြင့် ဆီများလွန်းတဲ့အစားအစာတွေ၊ အသား၊ အမာစာတွေ စားပြီးရင်လည်း အစာမြိုချရလွယ်စေဖို့ ရေနွေးသောက်ပေးတာ အကောင်းဆုံးပါပဲ။

    ရေနွေးဟာ ကိုယ်ခန္ဓါအတွက် ကောင်းကျိုးများစွာ ရှိစေတာမှန်ပေမဲ့ အရမ်းပူလွန်းတဲ့ ရေတွေဆိုရင်တော့ ကိုယ်တွင်းက တစ်သျှူးတွေနဲ့ ဆဲလ်တွေကို ပျက်စီးသွားစေနိုင်တယ်။ လျှာကို ကျက်စေပြီး အရသာခံနိုင်စွမ်းကို ထိခိုက်စေနိုင်လို့ သတိထားပြီးတော့ သောက်ဖို့ အကြံပေးလိုက်တယ်နော်။ အားကစားလုပ်ပြီးချိန်နဲ့ အရမ်းပူလွန်းတဲ့အချိန်မှာတော့ ရေနွေးကို မသောက်သင့်ပါဘူး။ မနက်အိပ်ရာထချိန်နဲ့ ထမင်းစားပြီးတဲ့အချိန်မျိုးမှာ ရေနွေးသောက်ပေးတာ အကောင်းဆုံးပါပဲ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement