အမျိုးသားတစ်ယောက် လူပျိုဖော်ဝင်ကာစ အသက် ၉နှစ်မှ ၁၄နှစ်အတွင်း လိင်တံ နဲ့ ဝှေးစေ့ဟာ နဂိုကထက် ပိုကြီးလာတတ်တာ သဘာဝပါပဲ။ ဒီအရွယ်မှာ ကျားဟော်မုန်းတွေ တိုးလာမယ်။ အသံက ခပ်သြသြဖြစ်လာပြီး ဝက်ခြံတွေ ပိုပေါက်လာမယ်။ ကိုယ်ခန္ဓာအရွယ်အစား ကြီးထွားလာပြီး အရပ်ရှည်လာမယ်။ ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လာပြီး အရင်ကထက် ပိုပြင်းလာမယ်။ ဒါတွေအားလုံးဟာ အမျိုးသားတိုင်း ကျော်ဖြတ်ကြရတဲ့ လူပျိုဘဝဖြစ်စဉ်တွေပါပဲ။
လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ
လူပျိုဘဝမှာ လိင်တံကြီးထွားနှုန်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ် လက်မဝက်စီ ရှည်လာပြီး အသက် ၁၉ နှစ်မတိုင်ခင်ထိ ကြီးထွားနှုန်းဟာ လျော့နည်းသွားတတ်ပါတယ်။ ပုံမှန်အမျိုးသားတွေကတော့ အသက် ၂၀ နောက်ပိုင်းမှာ လိင်တံကြီးထွားနှုန်း လုံးဝရပ်တန့်သွားပါတယ်။
လိင်တံရဲ့ ပုံမှန်အရွယ်အစားက ဘယ်လောက်ရှိလဲ။
လိင်တံပျော့နေချိန်မှာ အရှည်ဟာ ၃.၄လက်မနဲ့ ၃.၇လက်မကြားရှိပြီး ထောင်မတ်နေချိန်မှာ ၅လက်မမှ ၆လက်မထိ ရှည်နိုင်ပါတယ်။ လုံးပတ်ကတော့ ၃.၅လက်မ ကနေ ၄လက်မထိ ရှိပါတယ်။ ဒါက လူအများစုမှာ ရှိတဲ့ အတိုင်းအတာပါ။ ဒါနဲ့ မကိုက်ညီရင် ပုံမှန်မဟုတ်ဘူးလို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး။
လိင်တံကို ပုံမှန်အရွယ်အစားထက် ကြီးလာအောင် လုပ်လို့ရလား။
လိင်တံအရွယ်အစားဆိုတာ ကြွက်သားလိုမျိုးမဟုတ်တဲ့အတွက် နဂိုအရွယ်ထက် ပိုကြီးအောင် လုပ်လို့မရပါဘူး။ ဈေးကွက်ထဲမှာ လိင်တံကြီးဆေး၊ ကြီးဖို့ လေ့ကျင့်စက်တွေ ရောင်းနေတာမျိုးတော့ ရှိပေမယ့် ဒီပစ္စည်းတွေ အမှန်တကယ် အာနိသင်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သုတေသန လုပ်ထားတာမျိုး မဟုတ်ပါဘူး။
ကျားဟော်မုန်း ဖြည့်စွက်အားဆေးတွေက လိင်တံအရွယ်အစားကို ကြီးစေလား။
ကျားဟော်မုန်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိတယ်ဆိုပေမယ့် အသက် ၂၀ နောက်ပိုင်းမှာ နဂိုထက်ပိုကြီးစေဖို့တော့ မစွမ်းဆောင်နိုင်ပါဘူး။ တစ်ခုရှိတာက ကျားဟော်မုန်း ရှိသင့်တဲ့ပမာဏထက် နည်းနေတဲ့အမျိုးသားတွေ အချိန်ကြာလာတဲ့အခါ နဂိုကထက် အနည်းငယ် တိုဝင်သွားတာမျိုးတော့ ဖြစ်နိုင်ပါတယ်။
ဒါဆို အရွယ်အစားက ဘယ်လောက်ထိ အရေးပါလဲ။
အမျိုးသားတွေဟာ ဖွားဖက်တော်ရဲ့ အရွယ်အစားကို သိပ်ပြီး အလေးထားပူပန်တတ်ကြပေမယ့် တကယ်တမ်းမှာ အရွယ်အစားဟာ လုံးဝအရေးပါလှတာတော့ မဟုတ်ပါဘူး။
ပုံမှန်အရွယ်အစားရှိတဲ့ အမျိုးသားတစ်ယောက် ကျန်းမာပြီး သက်လုံကောင်းတယ်၊ လိင်တံကောင်းစွာ ထောင်မတ်နိုင်တယ်ဆိုရင် ကိုယ်ရော ကိုယ့်အဖော်အတွက်ပါ သာယာမှုဖြစ်စေဖို့ အပြည့်အဝစွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးအများစုဟာလည်း အရွယ်အစားကြီးလွန်းတဲ့ အမျိုးသားတွေထက် ပုံမှန်အရွယ်အစားကို ပိုပြီးလက်ခံနိုင်ကြတယ်လို့ ဆိုထားပါတယ်။
ပဲမြစ် (Micropenis) ဆိုတာရော တကယ်ရှိလား။
ဒါကတော့ ပုံမှန်အရွယ်အစားထက်ကို သေးပြီး တိုနေတဲ့ အမျိုးသားတွေကို ဆိုလိုတာဖြစ်ပြီး လူတွေပြောကြသလို ပုံမှန်အရွယ်လောက် ရှိတဲ့အမျိုးသားတွေကိုတော့ ပဲမြစ်လို့ မသုံးနှုန်းပါဘူး။ မွေးဖွားလာတဲ့ ကလေးမှာ ဟော်မုန်းမျှခြေ မတည်ငြိမ်တာကြောင့် လိင်အင်္ဂါကြီးထွားမှုကို သွားပြီး သက်ရောက်စေတဲ့အတွက် ပုံမှန်ထက်သေးငယ်နေတာ ဖြစ်ပါတယ်။
အရှည် ၃လက်မနဲ့ အောက် အရွယ်အစားရှိတဲ့ လိင်တံကိုတော့ ပဲမြစ် (Micropenis) လို့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့ အမျိုးသားတွေအနေနဲ့ ဟော်မုန်းအစားထိုးကုထုံးများဖြင့် ကုသမှုခံယူခြင်းဖြင့် ပုံမှန်အရွယ်အစားကို ပြန်ရောက်အောင် လုပ်လို့ ရပါတယ်။
အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လိင်တံအရွယ်အစားဟာ ၉နှစ်ကနေ ၁၄နှစ်ကြားမှာ စတင်ကြီးထွားပြီး အသက် ၂၀ နောက်ပိုင်းမှာ ကြီးထွားနှုန်း လုံးဝရပ်တန့်သွားပါတယ်။ အရွယ်အစားဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို လူပျိုအရွယ်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏနဲ့လည်း အများကြီး သက်ဆိုင်မှုရှိပါတယ်။
ကြီးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မဖြစ်နိုင်တဲ့အရာတွေ ဥပမာ – ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာ၊ ဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေးကနေ ခွင့်ပြုချက်မရထားတဲ့ ကြီးဆေးတွေ သောက်တာတွေဟာ ခဏတာအတွက်သာ ရလဒ်ကို ရနိုင်ပြီး နောက်ပိုင်းမှာ လိင်တံက ပုံမှန်အရွယ်အစားထက် အဆမတန် ကြီးပြီး ပုံပျက်ယွင်းလာတာ၊ ပြည်တွေ ယိုစိမ့်လာတာ၊ အရောင်ပြောင်းတာ၊ ထောင်မတ်နေချိန်၊ သုက်လွှတ်နေချိန်မှာ အလွန်အမင်းနာကျင်တာတွေ ဖြစ်နိုင်ပြီး နောက်ဆုံး လိင်တံကို လုံးဝဖြတ်ထုတ်လိုက်ရတဲ့အထိ ဖြစ်နိုင်တာကြောင့် ဒီလိုမကောင်းတဲ့ နည်းလမ်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်။
[embed-health-tool-bmi]