brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း မှာ အိပ်ရာထဖို့ အရမ်းခက်နေတယ်။ မထချင် ထချင် ထလိုက်တယ်။ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာ စားပြီးတဲ့အထိတောင် လူက မလန်းဘူး။ ပင်ပန်းတဲ့ မနက်ခင်း ဖြစ်နေသလို ခံစားနေရတယ် ဆိုတဲ့သူလေးတွေ ရှိလား။

ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဒီလို မနက်ခင်းတိုင်းမှာ ပင်ပန်းနေတာက ဘာကြောင့် ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်းတိုင်းမှာ သင် ပင်ပန်းနေရတာက ဒီ အချက်တွေကြောင့်ပါ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ ရုတ်တရက် လန့်နိုးတာ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ ရုတ်တရက် လန့်နိုးတာ ဒါမှမဟုတ် အနှိုးခံရတဲ့ အခါမျိုးမှာ ဦးနှောက်က ပြည့်ပြည့်ဝဝ မနိုးသေးတာကြောင့် မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရတာပါ။

ညဘက် အိပ်ချိန် မမှန်တာ

ညဘက်မှာ အိပ်ရာဝင်ချိန် မှန်မှလည်း ခန္ဓာကိုယ်က အင်အားပြည့်ဝပြီး မနက်ခင်းမှာ လန်းဆန်းတက်ကြွမှာပါ။ ဒါကြောင့် ညဘက်တိုင်းမှာ ပုံမှန် အိပ်ချိန် ထားရှိဖို့ မမေ့ပါနဲ့။

နေ့ခင်းကို နာရီဝက်ထက်ကျော်ပြီး တစ်ရေးအိပ်တာ

နေ့ခင်းနေ့လယ် တစ်ရေးအိပ်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဦးနှောက် စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုပေမယ့် နာရီဝက်ထက် ကျော်ပြီး အိပ်မယ်ဆိုရင်တော့ ညဘက် အိပ်စက်မှုမှာ အနှောင့်အယှက်စေမှာပါ။

ညဘက်မှာ ကောင်းကောင်း အိပ်မပျော်တာက မနက်ခင်းမှာ ပင်ပန်းစွာ နိုးထ လာစေပါလိမ့်မယ်။

အိပ်ရာ မဝင်ခင်အထိ ဖုန်းသုံးတာ

အိပ်ခါနီး အနည်းဆုံး နာရီဝက် အလိုမှာ ဖုန်း မသုံးသင့်ပါဘူး။ အိပ်ခါနီး ၂ နာရီအတွင်း ဖုန်းသုံးမယ် ကွန်ပျူတာ သုံးမယ်ဆိုရင် ညဘက် အိပ်စက်မှုမှာ အနှောင့်အယှက် ဖြစ်စေပြီး မနက်ခင်း အိပ်ရာထတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။

အိပ်စက်မယ့် ပတ်ဝန်းကျင်က သက်သောင့်သက်သာ မဖြစ်တာ

အိပ်စက်မယ့် ပတ်ဝန်းကျင်က အရမ်းပူလွန်းနေတာ၊ အလင်းများနေတာ၊ ဆူညံနေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပြီး မနက်ခင်း အိပ်ရာထတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

အိပ်ရာက သက်သောင့်သက်သာ မရှိတာ

ခေါင်းအုံးက မြင့်နေတာ၊ မွေ့ရာက မာလွန်းနေတာ၊ အိပ်ရာခင်းက ကြမ်းတာစတဲ့ အချက်တွေကလည်း သက်သောင့်သက်သာ မရှိသလို ခံစားရစေပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်တာကြောင့် မနက်ခင်း နိုးထတဲ့အခါ ပင်ပန်းနေတာပါ။

အိပ်ခါနီးမှာ အစားစားမိတာ

ညအိပ်ခါနီးမှာ အီစိမ့်နေတဲ့ အစားအစာ၊ အဆီများတဲ့ အစားအစာ၊ စပ်လွန်းတဲ့ အစားအစာ၊ ကဖင်း ပါဝင်နေတဲ့ အစားအစာတွေကို စားသုံးမိတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေလို့ မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရစေပါတယ်။

ဆီးခဏခဏ ထသွားရတာ

ညဘက် အိပ်ချိန်မှာ ဆီးခဏခဏ ထသွားရတာ ကလည်း အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေလို့ မနက်ခင်းမှာ အိပ်ရေးမဝဘဲ ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

အိပ်ခါနီးမှာ ရေအများကြီး သောက်မိတာကြောင့် ဆီးခဏခဏ ထသွားနိုင်သလို ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာကြောင့်လည်း ဆီး ခဏခဏ ထသွားရနိုင်ပါတယ်။

အယ်လ်ကိုဟော သောက်တာ

အယ်လ်ကိုဟော သောက်တဲ့အခါ မူးပြီး မြန်မြန် အိပ်ပျော်သွားစေနိုင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းတဲ့ မနက်ခင်း မှာ မနိုးထချင်ဘူးဆိုရင် အိပ်ခါနီးမှာ အယ်လ်ကိုဟော သောက်တာမျိုး မလုပ်ပါနဲ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။