backup og meta

သင် ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ တဲ့ အကြောင်းအရင်း ၇ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ တဲ့ အကြောင်းအရင်း ၇ ချက်

    တကယ်ဆိုရင် တိတ်ဆိတ်တဲ့ ညမိုက်ကာလမှာ သင်ဟာ အိပ်စက်အနားယူနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ ပါတယ်။

    အမှန်တကယ် အနားယူအိပ်စက်ရမယ့် ညဦးပိုင်းကာလတွေမှာ အိပ်မပျော်ဖြစ်နေတာ၊ တစ်ရေးနိုးပြီး ပြန်အိပ်မရဖြစ်နေတာတွေဟာ နောက်တစ်နေ့ တစ်နေ့တာအတွက် လန်းဆန်းတက်ကြွမှုနဲ့ ခွန်အားပြည့်ဝမှုကို အကြီးအကျယ်အနှောင့်အယှက်ပြုမှာဖြစ်ပြီး သင့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို လျှော့ချပစ်ပါလိမ့်မယ်။

    နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ အလှအပရေးရာဆိုင်ရာ ကျန်းမာရေး အခြေအနေတွေအားလုံးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကာလရှည်ပြဿနာတစ်ခုဖြစ်လာရင် ဆိုးရွားတဲ့ ကျန်းမားရေးပြဿနာတွေ၊ ကိုယ်ခံအားစနစ်ကျဆင်းမှုတွေနဲ့ လူနေမှုပုံစံပြောင်းလဲမှုတွေကိုပါ ဖြစ်စေမှာဖြစ်ပါတယ်။

    ဒီစိတ်ပျက်စရာ အခြေအနေကြီးဟာ လူအတော်များများ ခံစားနေရတဲ့ ဝေဒနာတစ်ခုဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၅% လောက်က တစ်ပတ်မှာ ၃ ရက်လောက် ညည အိပ်မပျော်ကြပါဘူးတဲ့။ ဒီအိပ်မရတဲ့ ပြဿနာကြီးက ဘာကြောင့်ဖြစ်လာတာပါလဲ။

    လေ့လာချက်တွေအရတော့ အောက်ပါ အချက် ၇ ချက်ကြောင့်ဖြစ်လာတာလို့ ဆိုပါတယ်။

    သင် ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ တဲ့ အကြောင်းအရင်း ၇ ချက်

    ၁။ အိမ်သာသွားတာ

    အိပ်ပျက်ညတွေရဲ့ အဓိက ကျတဲ့ အကြောင်းတရားတွေထဲမှာ အိမ်သာသွားတာကလည်း တစ်ချက်ပါပဲ။ များသောအားဖြင့် အပေါ့သွားချင်လို့ ညပိုင်းမှာထကြရတာများပါတယ်။ ဒီလိုထပြီးရင် ပြန်အိပ်ဖို့ ခက်ခဲသွားတတ်တာက သဘာဝပါပဲ။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဒီလို အပေ့ါထသွားတာဟာ အိပ်စက်မှုလုပ်ငန်းစဉ်ကို ကြားဝင်နှောင့်ယှက်လိုက်သလိုပါပဲ။

    ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အိပ်ယာဝင်ခါနီး ရေအမြောက်အများသောက်တာ၊ အယ်လ်ကိုဟောနဲ့ ကဖင်းမှီဝဲမှုများတာနဲ့ ဆီးချိုဝေဒနာခံစားနေရတာတွေက အဓိက အချက်အဖြစ် ပါဝင်နေပါတယ်။

    ၂။ အိပ်နေစဉ်ခဏတာ အသက်ရှူရပ်ခြင်း ဝေဒနာ (Sleep Apnea)

    ညည တရေးနိုးပြီး ပြန်အိပ်မရဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ အိပ်နေစဉ်ခဏတာ အသက်ရှူရပ်တဲ့ Sleep Apnea ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီကျန်းမာရေးပြဿနာကြောင့် ညအချိန်မတော်တွေမှာ ပြန်နိုးလာတတ်ပြီး ပြန်အိပ်ရလည်း ခက်တတ်ပါတယ်။

    ပြန်နိုးလာချိန်မှာလည်း အာခေါင်ခြောက်တာလို ဝေဒနာမျိုးတွေ ခံစားနေရတတ်ပါတယ်။ Sleep Apnea ကြောင့် အိပ်မပျော်တဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ မောပန်းတာနဲ့ တခြားသော နာတာရှည် ကျန်းမာရေးပြဿနာတွေကိုပါ ကြုံရနိုင်ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အသက်ရှူစက်အသုံးပြုတာနဲ့ ကိုယ်အလေးချိန် လျှော့ချတာပါပဲ။

    ၃။ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးနေတာ

    စိတ်ဖိစီးမှုများနေတာ၊ ပူပင်သောကများနေတာနဲ့ စိတ်ပင်ပန်းနွမ်းနယ်နေတာတွေက ညည အိပ်မပျော်အောင် သန်းခေါင်သန်းလွဲ ပြန်လည်နိုးထလာအောင် တွန်းအားပေးနိုင်ပါတယ်။ စိတ်ဝေဒနာတစ်စုံတစ်ရာ စွဲကပ်တာနဲ့ အိပ်မပျော်ခြင်းဟာ အမြဲတစေ ဆက်စပ်နေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။

    ၄။ အခန်းအပူချိန် မြင့်မားတာ

    ညည ချွေးတစ်လုံးလုံးနဲ့ နိုးထလာစေရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ အခန်းအပူချိန် မြင့်မားလွန်းနေတဲ့ ကိစ္စဖြစ်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်စေ၊ အခန်းအပြင်အဆင်နဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့်ဖြစ်စေ အပူချိန်မြင့်မားလွန်းလာရင် အိပ်ပျော်နေရာကနေ ပြန်လည်နိုးထလာတတ်ပါတယ်။

    အခန်းအပူချိန်ကို ချိန်ညှိတာ၊ လေအေးပေးစက်အသုံးပြုတာ၊ လေဝင်လေထွက်ကောင်းအောင် ထားရှိတာ၊ အခန်းကို ကျယ်ကျယ်လွင့်လွင့်ဖြစ်အောင် ပြင်ဆင်တာနဲ့ ပေါ့ပါးတဲ့ ညဝတ်အဝတ်အထည်တွေ ဝတ်ဆင်အိပ်စက်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

    ၅။ အိပ်ရာမဝင်ခင် ဖုန်းအသုံးပြုတာ

    အိပ်ရာမဝင်ခင် ဖုန်းအသုံးပြုတဲ့သူတွေဟာ ဖုန်းက Blue Light ကြောင့် ညဘက်အိပ်မပျော်တာနဲ့ ပြန်လန့်နိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဖုန်းအသုံးပြုမှုကို ည အိပ်ရာဝင်ချိန်နဲ့ အနည်းဆုံး တစ်နာရီအကွာမှာ ရပ်တန့်သင့်ပြီး ဖုန်းကိုလည်း အိပ်ရာနဲ့ ဝေးဝေးမှာသာ ထားသင့်ပါတယ်။

    ၆။ အစားအသောက်ကြောင့် ရင်ပူတာ

    အမေရိကန် နိုင်ငံသား ၂၀% လောက်ဟာ တစ်ပတ်မှာ တစ်ကြိမ်တော့ ရင်ပူတဲ့ ဝေဒနာကို ခံစားရတတ်ပြီး အဲ့ဒီထဲက ၇၅% လောက်ဟာ ညအချိန်မှာ ခံစားကြရတာပါ။ ခုလိုဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ညအိပ်ရာဝင်ခါနီးမှာ အပူအစပ်တွေ၊ အစာမကြေလွယ်တဲ့ အစားအစာတွေ၊ အရက်သေစာတွေ မှီဝဲစားသောက်မိတာကြောင့်ပါပဲ။

    ဒီလိုစားသောက်မှုကြောင့် ရင်ပူတာအပြင် နင်တာလည်းဖြစ်နိုင်ပါသေးတယ်။ ဒီအချက်ကြောင့် ညဘက်အိပ်ရာဝင်ချိန်မှာ သက်သောင့်သက်သာမရှိဖြစ်စေသလို အိပ်ပျော်ခဲ့ရင်တောင်မှ ပြန်နိုးလာတာမျိုးတွေ ဖြစ်စေပါတယ်။

    ၇။ အိပ်ခန်းထဲမှာ အရက်သေစာနဲ့ ဆေးလိပ်မှီဝဲ သုံးစွဲတာ

    လူငယ်အများအပြားဟာ အိပ်ခန်းထဲမှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ အရက်သောက်တာမျိုး၊ ဆေးလိပ်သောက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ အယ်လ်ကိုဟောဟာ လူကို အလျင်အမြန်အိပ်ပျော်စေနိုင်သလို လုံလောက်တဲ့ အနားယူမှုမပြည့်ဝမှီမှာလည်း ပြန်လည်နိုးထလာစေပါတယ်။ ဒါကြောင့် အရက်သောက်ထားတဲ့ညတွေမှာ ညလယ်ခေါင်မှာ ပြန်လည်နိုးလာတာမျိုးနဲ့ မနက်မိုးလင်းရင် အိပ်ရေးဝနေတဲ့ ခံစားချက်မရတာမျိုးတွေ ကြုံကြရတာပါ။

    စီးကရက်နဲ့ Vape တွေဟာလည်း ဒီအတိုင်းပဲဖြစ်ပြီးတော့ သူတို့မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က ခန္ဓာကိုယ်ကို လိုအပ်တာထက်ပိုပြီး Alert ဖြစ်နေစေတာမို့ အိပ်ရခက်ခဲစေနိုင်ပါတယ်။

    ဇီဝနာရီကို ထိန်းသိမ်းပါ

    လူတစ်ယောက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက် ထိန်းသိမ်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန် နဲ့ အိပ်ရာထချိန်မှန်ကန်မှုက ဇီဝနာရီကို ထိန်းသိမ်းရာမှာ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။

    တကယ်လို့ သင်က ဒီလို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ညဘက်တွေမှာ အိပ်ရေးပျက်တာတွေ၊ လန့်လန့်နိုးတာတွေ မကြာခဏဖြစ်မယ်ဆိုရင် ရေရှည်မှာ အောက်ပါကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်လာရတော့မှာဖြစ်ပါတယ်။

    • ဝက်ခြံထွက်တာ၊
    • မျက်စိနီရဲတာ၊ မျက်လုံးမို့အစ်တာ၊
    • မျက်ကွင်းညိုတာ၊
    • မျက်တွင်းကျတာ၊
    • မျက်အိတ်တွဲကျတာ၊
    • ကိုယ်အလေးချိန်တက်တာ၊
    • အာဟာရမဖြစ်တဲ့ အစားအစာတွေ ပိုစားမိတာ၊
    • စိတ်အပြောင်းအလဲမြန်လာတာ၊
    • စိတ်ဓာတ်ကျလာတာ၊
    • အာရုံစူးစိုက်နိုင်စွမ်းကျဆင်းတာနဲ့
    • မှတ်ဉာဏ်တွေမကောင်းတာတွေ ဖြစ်ပါတယ်။

    အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးနဲ့ ချိတ်ဆက်နေတာမို့ ကောင်းကောင်းအိပ်ပျော်ဖို့က သိပ်အရေးကြီးပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၈ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ဖြစ်ဘူးဆိုရင် နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာမို့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အမြန်ဆုံး ပျောက်ကင်းအောင် ကုသရမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement