backup og meta

တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်တိုနေတာ ညဘက်အိပ်ရေးမဝလို့လား

ညဘက်အိပ်ရေးဝတယ်၊ မဝဘူးဆိုတာ နောက်တစ်နေ့ ကိုယ့်ရဲ့ မျက်နှာအမူအရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လူက ပင်ပန်းနွမ်းနယ်ပြီး ဘာမှလုပ်ချင်၊ ကိုင်ချင်စိတ်က မရှိ၊ လုပ်သမျှအကုန်လုံး အမှားအယွင်းတွေ ဖြစ်တဲ့အခါ လူက ပိုပြီးစိတ်ဆိုးဒေါသထွက်လာတော့တာပေါ့။

ဘယ်သူတွေမှာ အဖြစ်များလဲ။

ခုခေတ်လူငယ်တော်တော်များများက ညဘက်တွေဆိုရင် မအိပ်ဘဲ အမှောင်ထဲမှာ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ အိပ်ချင်နေတာလည်း သတိမထားမိဘဲ နေတတ်ကြပါတယ်။ ကြာတာတော့ မျက်စိထိခိုက်လာမယ်၊ အိပ်ရေးပျက်မယ်၊ အိပ်ချိန်မမှန်တော့ စိတ်က ဂယောက်ဂယက်ဖြစ်လာမယ်။ ဘာကိုမှ အာရုံစိုက်လို့ မရ၊ စဉ်းစားလို့ မရဖြစ်လာမယ်။ တဖြည်းဖြည်းနဲ့ ကြာလာရင် ဒေါသကို ထိန်းချုပ်မရတော့တာ၊ စိတ်ဓါတ်ကျလာတာ၊ စိတ်ခံစားချက် အပြောင်းအလဲ အရမ်းမြန်လာတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေအပြင် ညဘက်ကောင်းစွာ အိပ်မပျော်တဲ့ ရောဂါရှိသူတွေ၊ ညဆိုင်း အလုပ်ဆင်းနေရသူတွေမှာလည်း ဒီလို ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

တစ်နေ့မှာ ရှိသင့်တဲ့ အိပ်ချိန်ပမာဏက ဘယ်နှစ်နာရီလဲ။

အသက်အရွယ်မရွေး ညဘက်မှာ အိပ်ချိန် အနည်းဆုံး ၇နာရီခန့် ပြည့်ဝစွာ အိပ်စက်အနားယူဖို့ လိုပါတယ်။ လူငယ်တွေ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပိုပြီးတောင် အိပ်ချိန်ပြည့်ဝရပါမယ်။ ဒီလိုအိပ်ချိန်ပြည့်မှ နောက်တစ်နေ့မှာ ကိုယ့်ရဲ့ ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်နိုင်မှာပါ။

အိပ်ချိန်နဲ့ စိတ်ဆိုးဒေါသဖြစ်ခြင်း ဘယ်လိုဆက်စပ်နေလဲ။

ဒီဖြစ်ရပ် ၂ခုက တိုက်ရိုက်ဆက်စပ်တယ်လို့တော့ ဆိုလို့ မရနိုင်ပါဘူး။ ညဘက်အိပ်ချိန် နည်းသွားတဲ့အခါ နောက်တစ်နေ့ နိုးလာရင် ဦးနှောက်က ပင်ပန်းနေတတ်ပါတယ်။ ဒီတော့ အာရုံစူးစိုက်တဲ့နေရာမှာရော၊ အလုပ်လုပ်တဲ့ နေရာ၊ စိတ်ခံစားချက်တွေ၊ ကိုယ်ခန္ဓာတွင်း ဟော်မုန်းထုတ်လုပ်နိုင်စွမ်း၊ အားလုံးနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်က ဒေါင်းသွားပြီဆိုရင် စိတ်ကပါ အနောက်ကနေ လိုက်ပြီး ပြိုလဲပါတယ်။ ပြောရမယ်ဆိုရင် အိပ်ရေးမဝတော့ မျက်လုံးထဲမှာလည်း အရာရာက မူးဝေနေသလို၊ စိတ်ကလည်း နောက်နေမှာပါ။

ပုံမှန် အနေအေး၊ စိတ်တည်ငြိမ်တဲ့သူတစ်ယောက်တောင်မှ အိပ်ရေးပျက်တာ များလာပြီဆိုရင် သူပုံမှန် သည်းခံနိုင်တဲ့ အရာတွေကို ကြည့်ရတာ မျက်စိနောက်စရာ၊ အမြင်ကပ်စရာလို့ စိတ်က ထင်လာမှာပါ။ နဂိုစိတ်ဆတ်တဲ့သူဆိုရင်တော့ ပိုဆိုးပြီပေါ့။ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် စိတ်ဆိုးဒေါသထွက်တာအပြင်ကိုမှ ဘာလုပ်လုပ် အကောင်းမမြင်၊ စိတ်ကလည်း မကြည်လင်နဲ့ မကောင်းတဲ့ အတွေးတွေ တွေးမိလာမယ်။ စိုးရိမ်ပူပန်လွန်တာ၊ ဝမ်းနည်းလွယ်တာ၊ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးပျက်ခြင်းနဲ့ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကိုယ်က တစ်နေ့တစ်နေ့ အိပ်ရေးမဝဘူး၊ အိပ်ချိန်မမှန်ဘူးလို့ သတိထားမိတယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အရင်ဆုံးပြင်သင့်ပါတယ်။ ညဘက်တွေမှာ စောစောအိပ်မယ်။ အိပ်ချိန်နဲ့ အနည်းဆုံး တစ်နာရီခန့်ခွာပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အသုံးပြုတာတွေကို နားထားမယ်။ ညဘက်မှာ အိပ်ပျော်ဖို့ခက်တဲ့၊ ကောင်းစွာ အိပ်မပျော်နိုင်တဲ့ ရောဂါ (Insomnia) ရှိတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြကြည့်ပါ။ ဒီရောဂါရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တရားခံအကြောင်းရင်းတွေကို ဖြေရှင်းနိုင်ရင် ရောဂါပျောက်ဖို့ ပိုလွယ်ပါတယ်။ ညအိပ်ခါနီး ရေမသောက်ပါနဲ့၊ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေ၊ ကော်ဖီ၊ အရက် မသောက်ပါနဲ့။ ဆီးခဏခဏ သွားချင်စိတ် ဖြစ်လာနိုင်တဲ့အပြင် ရေဓါတ်ကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။

ကိုယ့်မှာ စိတ်ကျန်းမာရေးပြဿနာတွေ (ဥပမာအားဖြင့် စိတ်ကျရောဂါ – Depression ၊ စိတ်အတက်အကျမြန်ရောဂါ – Bipolar Disorder ၊ ဒေါသထွက်လွယ်ပြီး ထိန်းချုပ်မရခြင်း – Anger Issue) ရှိနေတယ်ဆိုရင် စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ ဒီအခြေအနေထိ ရောက်လာအောင် ဘယ်အရာတွေက တွန်းပို့ခဲ့လဲ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ရောဂါကို ပညာရှင်တွေကိုယ်တိုင် စစ်ဆေးပြီး စိတ်ကုထုံး သို့မဟုတ် ဆေးဝါးအကူအညီနဲ့ ပျောက်ကင်းသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ အဓိကကတော့ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းကို ဖြစ်စေတဲ့ ညဘက် အိပ်ရေးပျက်တဲ့ ကိစ္စကို အရင်ဆုံးဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Lack Of Sleep Can Make You Angry –https://www.healthline.com/health-news/why-a-lack-of-sleep-can-make-you-angry (May 2, 2019)

How Lack Of Sleep Affects Anger Issues –https://www.sciencedaily.com/releases/2018/11/181127111101.htm (May 2, 2019)

 

ယခုပုံစံ

14/06/2022

Ye Myo Myat မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

ကလေးအရွယ်မှာ အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement