backup og meta

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

    စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ် ဆိုတာကို သိပါသလား။

    စိတ်ဖိစီးတယ်။ စိတ်ဖိစီးတယ်ဆိုတာကို ဖိစီးနေမှန်း ကိုယ်တိုင် မသိခင်မှာတင် စိတ်က အတော်လေး ဖိစီးနေပါပြီ။ ဒီလို ဖိစီးတဲ့အခါ  ဘာတွေဖြစ်လာမလဲဆိုတော့ အလိုလိုနေရင်း စိတ်တိုလာမယ်။ စိတ်တိုင်းမကျတာတွေ များလာမယ်။ အရာရာကို အမြင် မကြည်တာမျိုး ဖြစ်လာမယ်။

    ဒါတွေအပြင် အသက်ရှူရခက်တာအိပ်ရေးမဝသလို ခံစားရတာအစားစားချင်စိတ် မရှိတာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေ ရေရှည်မှာ နာမကျန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် စိတ်အရမ်းဖိစီးနေရင်တောင် အိပ်ရေး ဝအောင် အိပ်ပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဘဝဆိုတာ စိတ်ဖိစီးမှု အတိနဲ့ပါ။

    ဘဝ တလျှောက်မှာ စိတ်ဖိစီးစရာ အခြေအနေ များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ တစ်ကိုယ်ရေ စိတ်ဖိစီးမှု ကစလို့ မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့ ကပ်ဘေးတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကိုရောပေါ့။

    နေ့စဉ် ဘဝမှာ ကြုံတွေ့နေရတဲ့ အခွန်အခတွေ၊ ကုန်ကျစရိတ်တွေ၊ အလုပ်၊ ဆက်ဆံရေးတွေကနေ စလို့ အလုပ်ထုတ်ခံရတာ၊ အိမ်အသစ်ကို ပြောင်းရွှေ့တာ၊ နာမကျန်းဖြစ်တာ အဆုံး အမျိုးမျိုးသော အရာတွေက စိတ်ဖိစီးမှုကို ​ဖြစ်စေပါတယ်။

    ဒီစိတ်ဖိစီးမှုတွေက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး နေ့စဉ် နေထိုင်မှုကို ထိခိုက်စေပါတယ်။ ဒီလို အိပ်ချိန် မပြည့်ဝတာက စိတ်ဖိစီးမှုကို ပိုဆိုးလာစေပါတယ်။

    စိတ်အရမ်းဖိစီးလို့ အိပ်မပျော်တဲ့အခါ

    စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တဲ့အခါ

    စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ လူက ပုံစံနှစ်မျိုးနဲ့ တုံ့ပြန်ပါတယ်။ တစ်ခုက အအိပ်လွန်တာပါ။ မနက်ပြန်ညပြန် အိပ်ပြီး တစ်ခါအိပ်ရင် အချိန်အကြာကြီး အိပ်တာပါ။ နောက်တစ်ခုက မအိပ်တော့ပါ။ တစ်ညလုံး မျက်စိကြောင်နေပြီး အိပ်လို့လည်း မရ၊ ကြိုးစားပြီး အိပ်ရင်တောင် အတွေးတွေက နှောင့်ယှက်နေတာမျိုးပါ။ ဒီဆောင်းပါးမှာတော့ စိတ်ဖိစီးလို့ အိပ်မပျော်တဲ့သူတွေ အကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။

    ညဘက် အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ပြုပြင်မှုတွေ အသစ်ဖြစ်ပေါ်မှုတွေကို လုပ်ဆောင်တာပါ။ စိတ်ဖိစီးပြီဆိုရင် တစ်ညလုံး အိပ်ပျော်ဖို့က ခက်ခဲသွားပါတယ်။ ဒီလိုနဲ့ တစ်ရက်ကနေ တစ်ရက်မှာ အိပ်ရေးပျက်တာတွေ များလာပြီး ထိခိုက်မှုတွေ ဖြစ်လာစေပါတော့တယ်။

    အိပ်ရေးပျက်တာ များလာတာက စိတ်ဖိစီးမှုကို မသက်သာ သွားစေဘဲ ပိုဆိုးလာစေပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဟော်မုန်း များလာပြီး လူက အမြဲတမ်း အိပ်မပျော်ဘဲ ဖြစ်လာပါတယ်။ ဒီအခြေအနေက နှလုံးခုန်နှုန်း မြန်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။

    ပုံမှန်အားဖြင့်ကတော့ ညနေပိုင်းမှာ ကိုယ်တွင်းက ကော်တီစော ပမာဏ ကျပြီး အိပ်ပျော်စေဖို့ ပြင်ဆင်ပါတယ်။ ကော်တီစော များနေတာက အိပ်စက်မှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး နှစ်ခြိုက်စွာ အိပ်မပျော်စေတာမျိုး ဖြစ်စေပါတယ်။

    ပြည့်ဝတဲ့ အိပ်စက်မှု လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုပါ ထိခိုက်စေပါတယ်။

    ဒီလိုကနေ လူက အမြဲလိုလို ပင်ပန်းနွမ်းနယ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်ဖိစီးတာတွေကို ခံစားလာရပါတယ်။

    စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ် (သို့မဟုတ်) အိပ်စက်မှုက စိတ်ဖိစီးကို ပြေလျော့စေသလား။

    အိပ်စက်မှုက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ့် အရာပါ။ ပုံမှန် ပြည့်ဝတဲ့ အိပ်စက်မှုက စိတ်ရောကိုယ်ပါ တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကိုလည်း အားအင် ပြည့်ဝစေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေပြီး  ဆုံးဖြတ်ချက်ကို အကောင်းဆုံး ချမှတ်နိုင်စေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။

    ဒါကြောင့် စိတ်ဖိစီးလာတဲ့အချိန်မှာ အကောင်းဆုံး​ဖြစ်စေမယ့် ဖြေရှင်းနည်းက အိပ်ရေးဝဝ အိပ်လိုက်တာပါ။ စိတ်ဖိစီးချိန်မှာ အိပ်ရေးဝဝ မအိပ်တာက အားအင်ကုန်ခမ်းစေပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေပါတယ်။

    ဒါကြောင့် စိတ်ဖိစီးတဲ့အခါ အခက်အခဲကြုံတဲ့အခါ မအိပ်မနေ တွေးတာထက် ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ရှိအောင် ဂရုစိုက်တာက အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းပါ။ စိတ်ဖိစီးနေချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာ ဆုံးဖြတ်ချက်တွေ မှားယွင်းစေပြီး ပိုမို စိတ်ဖိစီးစေနိုင်ပါတယ်။

    စိတ်အရမ်းဖိစီးနေရင်တောင်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့

    စိတ်ဖိစီးနေရင်တောင်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့

    စိတ်ဖိစီးမှုက အိပ်စက်မှုကို အနှောင့်အယှက် ​ဖြစ်စေနိုင်တယ်ဆိုပေမယ့် စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် အကောင်းဆုံး နည်းလမ်းက ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှုပါ။ စိတ်ဖိစီးမှုက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးနေချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်သင့်ပါတယ်။

    ဆုံးဖြတ်ချက် ချပါ – စိတ်ဖိစီးစရာတွေကို အိပ်ရာမဝင်ခင်မှာ မတွေးတော့ဖို့ ဆုံးဖြတ်ချက်ချပါ။ တစ်နေ့တာလုံး ရင်ဆိုင်ထားရတဲ့ စိတ်ဖိစီးမှုကို အိပ်စက်မှုနဲ့ ဝေးဝေးမှာ ထားနိုင်ဖို့ လိုပါမယ်။ ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိမှာပါ။ ဒါကြောင့် မအိပ်ခင်မှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ။

    သပ်ရပ်စွာ နေထိုင်ပါ -စိတ်ဖိစီးတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တာ၊ ရှုပ်ပွညစ်ပေအောင် နေထိုင်ခြင်းက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေရင်တောင်မှ အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။ အသုံးအဆောင်တွေကို သပ်သပ်ရပ်ရပ် ထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ဒီလို လုပ်တာက စိတ်ခံစားမှု ကောင်းစေပါတယ်။

    တရားထိုင်ပါတရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ရေး ဝဝအိပ်ပျော်စေပါတယ်။

    ကျေးဇူးတင်ပါ – ကျေးဇူးတင်ထိုက်တဲ့ သူတွေ၊ ကျေးဇူးတင်ရမယ့် အရာတွေကို ကျေးဇူးတင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အလေ့အထ တစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ ကျေးဇူးတင်တတ်တဲ့အလေ့အထလေး ရှိစေဖို့ မွေးမြူပါ။

    စိတ်ကို လေ့ကျင့်ခန်း လုပ်စေပါMind puzzles ကစားတာမျိုးက စိတ်ကို ပူပန်မှုတွေကနေ လွတ်မြောက်စေပြီး အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    စိတ်အရမ်းဖိစီးနေရင် အကောင်းဆုံး ဖြေရှင်းနည်းက အိပ်စက်တာပါ။ စိတ်ဖိစီးနေရင်တောင် အိပ်လိုက်ပါဆိုတာက ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ စိတ်ဖိစီးနေပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ကောင်းမွန်တဲ့ အနာဂတ်နေ့ရက်တွေကို ဖန်တီးဖို့ဆိုရင် ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 06/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement