စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းက လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်သလို စိတ်ခံစားမှုပိုင်းဆိုင်ရာရော လူမှုဆက်ဆံရေးပါ ကောင်းမွန်မှာဖြစ်ပါတယ်။
ဒီတော့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အတော်လေး အရေးပါတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ အခြေအနေတွေ အစားအသောက်တွေနဲ့ ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနည်းတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံကို ဖန်တီးနိုင်မှာပါ။ အပြောင်းအလဲတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒီလို ကျန်းမာနေဖို့ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။
- ကလေးဘဝ စိတ်ဒဏ်ရာ ရှိတာ
- ပတ်ဝန်းကျင် အခြေအနေ
- မျိုးရိုးထဲမှာ စိတ်ကျန်းမာရေး ထိခိုက်ဖူးတာ
- ဘဝနေထိုင်မှုပုံစံ စတာတွေကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
စိတ်ကျန်းမာရေး ထိခိုက်နေပြီလား
စိတ်ကျန်းမာရေး ထိခိုက်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- စားသောက်မှုပုံစံ ပြောင်းလဲတာ [အလွန်အကျွံ စားတာ၊ လုံးဝ အစားမစားတာ]
- အမြဲတမ်း အားမရှိသလို ဖြစ်နေတာ
- အခြားသူတွေနဲ့ ပြောဆိုဆက်ဆံချင်စိတ် မရှိတာ
- မျှော်လင့်ချက် မဲ့နေတာ
- အရက်၊ ဆေးရွက်ကြီး နဲ့ မူးယစ်ဆေးတွေ အလွဲသုံးလာတာ
- အကြောင်းအရင်းမရှိဘဲ စိတ်တိုတာ၊ ဒေါသထွက်နေတာ၊ စိတ်ရှုပ်ထွေးနေတာ
- စိတ်ခံစားမှု အပြောင်းအလဲမြန်တာ
- မိသားစုတွေနဲ့ အမြဲလိုလို ရန်ဖြစ်နေတာ
- မရှိတဲ့ အသံတွေ ကြားနေရတာ
- ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုဖို့ လုပ်တာ
- အခြားသူတွေကို အန္တရာယ်ပြုချင်နေတာ
- နေ့စဉ် လုပ်နေကျ အလုပ်တွေကို လုပ်ဖို့ စိတ်မပါတာမျိုးတွေပါ။
စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်
စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်တယ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်
ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်မယ်
အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မယ်
ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်မယ်
စိတ်ကျန်းမာစေဖို့ ဘာတွေ လုပ်ဆောင်ပေးရမလဲ
စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေကတော့
- လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
- အိပ်ချိန် ပြည့်ဝအောင် ဂရုစိုက်ပါ
- နားချိန် သတ်သတ်မှတ်မှတ် ထားပါ
- ပညာရပ် အသစ်တွေ သင်ယူပါ
- တစ်ယောက်ယောက်ကို ချစ်ကြည့်ပါ
- အကောင်းမြင်စိတ် ထားပါ။
စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ် လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။
Helloဆရာဝန် ပရိသတ်ကြီးအတွက် အမှာစကား
စိတ်ကျန်းမာရေးက ဘဝရှင်သန်ရေးအတွက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ကျန်းမာရေး မကောင်းဘူးဆိုရင် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုတွေကို ကောင်းကောင်းကျော်လွှားဖို့ ခက်ခဲမှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေး ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မယ့် အလေ့အထလေးတွေကို မွေးမြူရင်း စိတ်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။
[embed-health-tool-bmi]