backup og meta

ညီညွတ်မျှတသော စားသောက်မှုပုံစံ (Balanced Diet) အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညီညွတ်မျှတသော စားသောက်မှုပုံစံ (Balanced Diet) အကြောင်း

    အာဟာရ ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ဘယ်လိုမျိုးလဲ

    ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးနိုင်တဲ့ စားသောက်ပုံမျိုး ဖြစ်ပါတယ်။ အာဟာရဓာတ်ကို သင့်တော်ကောင်းမွန်စွာ ရရှိနိုင်ဖို့

    – လတ်ဆတ်သော အသီးအနှံများ

    – လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ

    – မပြုမပြင်ထားသော အစေ့အဆန်များ

    – ပဲအမျိုးမျိုး

    – အခွံမာသီးများ

    – ပရိုတိန်း စတာတွေကို နေ့စဉ် စားသုံးနိုင်ဖို့ လိုပါတယ်။

    ကယ်လ်လိုရီအကြောင်း

    ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ကို ကယ်လ်လိုရီအနေနဲ့ အစားအစာတွေဆီကနေ ရရှိပါတယ်။ နေ့စဉ် လမ်းလျှောက်ခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှူခြင်း စတဲ့ တနေ့တာ လုပ်ဆောင်ချက်တွေအတွက် ကယ်လိုရီကို လိုအပ်ပါတယ်။

    လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၂၀၀၀ ခန့် စားသုံးဖို့ လိုပါတယ်။ အသက်အရွယ်၊ ကျား/မ၊ လှုပ်ရှားမှု စတာတွေပေါ် မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် ကယ်လ်လိုရီကို ပိုမိုလိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်သူများဟာလည်း မလုပ်သူများထက် ကယ်လိုရီကို ပိုမိုလိုအပ်ပါတယ်။

    အာဟာရဓာတ်မျှတအောင် ဘယ်လိုစားမလဲ

    အာဟာရဓာတ်သင့်တင့်မျှတတဲ့ အစားအစာများဆိုတာ များသောအားဖြင့် မလိုလားအပ်တဲ့ အဆီဓာတ်၊ သကြား စတာတွေ နည်းပါးပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ များပြားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အောက်ပါ အစားအသောက်အုပ်စုတွေ ပါဝင်ပါတယ်။

    အသီးအနှံများ

    အသီးအနှံများဟာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် အရသာကောင်းမွန်ပါတယ်။ ရာသီအလိုက် သီးနှံများကို ရွေးချယ်စားသုံးသင့်ပါတယ်။ လတ်ဆတ်လေ အာဟာရပြည့်ဝလေပါပဲ။ ဒါ့အပြင် အသီးအနှံများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။

    အသီးတွေဟာ များသောအားဖြင့် သကြားဓာတ်များပါတယ်။ ဒါပေမယ့် သဘာဝသကြားဓာတ်မို့ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာတွေထက်စာရင် ကျန်းမာရေးတွက် ပိုမိုကောင်းမွန်ပါတယ်။ ဆီးချိုရောဂါလိုမျိုး သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်နေရရင် အချိုဓာတ်နည်းတဲ့ အသီးတွေစားတာ ပိုကောင်းပါတယ်။ ကာဘိုဟိုက်ဒရိတ်ပမာဏကို သတိပြုစားသုံးနေရသူများအနေနဲ့ကတော့ ဖရဲသီးလို အသီးမျိုးကို စားသုံးသင့်ပါတယ်။

    ဟင်းသီးဟင်းရွက်များ

    ဟင်းသီးဟင်းရွက်များဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေရဲ့ မူလရင်းမြစ်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အစိမ်းရောင်ရင့်အရွက်တွေမှာ အာဟာရဓာတ်အများဆုံး ပါဝင်ပါတယ်။ အစိမ်းရင့်ရောင် အရွက်များကတော့ ဟင်းနုနွယ်၊ ကိုက်လန်၊ ပဲစိမ်း၊ ပန်းပွင့်စိမ်း စတာတွေ ဖြစ်ပါတယ်။

    အစေ့အဆန်များ

    အဆင့်ဆင့်ပြုပြင်ထားတဲ့ ဆန်ချော၊ ဂျုံမှုန့်အဖြူ စတာတွေထက်စာရင် သိပ်ပြီး မပြုမပြင်ရသေးတဲ့ ဆန်၊ ဂျုံ စတဲ့ အစေ့အဆန်တွေဟာ အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ ဥပမာ ဆန်လုံးညိုမှာ အာဟာရဓာတ်ပါဝင်မှုများပါတယ်။ အဆင့်ဆင့်ပြုပြင်လိုက်တဲ့အခါ အခွံနဲ့အစေ့ကြားက အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ ပေါင်မုန့်အဖြူ၊ ဆန်ချော စားမယ့်အစား ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို စတာတွေကို ဦးစားပေးစားသုံးသင့်ပါတယ်။

    ပရိုတိန်း

    အသားများနဲ့ ပဲများဟာ ပရိုတိန်းကြွယ်ဝတဲ့ ရင်းမြစ်များ ဖြစ်ပါတယ်။ ပရိုတိန်းဟာ ကြွက်သားများနဲ့ ဦးနှောက် ဖွံ့ဖြိုးရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ အမဲသား စတဲ့ အသားများကတော့ အကောင်းဆုံးပါပဲ။ အခွံမာသီးများဟာလည်း ပရိုတိန်းကြွယ်ဝပါတယ်။ ပဲအမျိုးမျိုး၊ နေကြာစေ့၊ သစ်ကြားသီး၊ တိုဖူး စတာတွေဟာလည်း ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    နို့ထွက်ပစ္စည်းအမျိုးမျိုး

    နို့ထွက်ပစ္စည်းများဟာ ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ တခြားအာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ ဒါပေမယ့် အဆီများလည်း များပါတယ်။ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ဒိန်ချဉ်ကို ဦးစားပေး စားသုံးသင့်ပါတယ်။ အပင်ကနေ ထုတ်လုပ်ထားတဲ့ နို့တွေဖြစ်တဲ့ နှမ်းကြတ်စေ့နို့၊ ပဲပိစပ်နို့ စတာတွေမှလြည်း ကယ်လ်ဆီယမ်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ အားဖြည့်ထားလို့ နွားနို့အစားထိုး သုံးစွဲနိုင်ပါတယ်။

    ဆီ

    ဆီကိုတော့ သတိပြုသုံးစွဲရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီများ (ဥပမာ သံလွင်ဆီ) ကို ဦးစားပေးသုံးစွဲသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဆီနဲ့ ကြာကြာကြော်ထားတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement