backup og meta

သင်က Ambivert တစ်ယောက်လား။


Aye Thi Mon မှ ရေးသားသည်။ · 07/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က Ambivert တစ်ယောက်လား။

    ဒီစကားလုံးက ကြားရတာ စိမ်းနေနိုင်ပါတယ်။ ပုံမှန် ကြားနေကျကတော့ introvert လား။ extrovert လားဆိုတာမျိုး လောက်ပေါ့။ ဒါပေမယ့် နေ့စဉ် တွေ့ကြုံနေရတဲ့ သူတွေထဲမှာ အရမ်း ပွင့်လင်း တက်ကြွနေပေမယ့် extrovert မဟုတ်သလို တစ်ခါတစ်ခါ အရမ်း တိတ်ဆိတ် ငြိမ်သက်လွန်းပေမယ့် introvert ဟုတ် မနေတဲ့ ဒီ အခြေအနေ နှစ်ရပ်ကြားက ကြားနေပုဂ္ဂိုလ်မျိုးလို့ ဆိုရမယ့် Ambivert တွေရှိပါတယ်။

    ဒီတော့  ကိုယ်တိုင်ရော Ambivert ဖြစ်နေလား ဆိုတာကို သိနိုင်ဖို့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    Ambivert ဆိုတာ ဘာများလဲ။

    Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊ အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ ရည်မှန်းချက်တွေ ကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။

    အခြေအနေ အချိန်အခါ အလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ အသိုင်းအဝိုင်းနဲ့ အသားတကျ ဖြစ်အောင် နေထိုင်တတ်ကြသူတွေကို Ambivert  တွေလို့ ခေါ်ပါတယ်။ ဗားရှင်း နှစ်မျိုး ရောမွှေထားသူတွေပေါ့။

    သင်က Ambivert တစ်ယောက်လား…………..

    ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေး ကောင်းသင့်သလောက်တော့ ကောင်းပါရဲ့ ငါက ဘယ်လို အမျိုးအစားလဲ။ introvert တော့မဟုတ်လောက်ဘူး။ extrovert လား။ Ambivert လား မသဲကွဲဘူး ဆိုတဲ့သူလေးတွေ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါနော်။

    • အလုပ်တွေကို တစ်ယောက်တည်းလည်း လုပ်နိုင်တယ်။ အများနဲ့ လုပ်ရလည်း ပြဿနာ မရှိဘူး။ တစ်ယောက်တည်း လုပ်ရမှ အဆင်ပြေတယ်။ Teamwork နဲ့မှ ဖြစ်မယ်ဆိုတဲ့ ခံစားချက် ပြင်းထန်တာမျိုး မရှိဘူး။
    • ပွဲအခမ်းအနားတွေ သွားရလို့ သက်တောင့်သက်သာ မရှိတာမျိုး မရှိဘူး။ ဒါပေမယ့် လူတအားများတာမျိုးကျတော့ စိတ်ပင်ပန်းသလိုပဲ။
    • လူအများရဲ့ အာရုံစိုက်ခံရတာကို သဘောကျတယ်။ ဒါပေမယ့် အာရုံစိုက် မခံရလို့လည်း ပြဿနာ မရှိဘူး။
    • အရမ်း တည်ငြိမ်တယ်လို့ ထင်ရတယ်။ အနေအေးတယ်ပေါ့။ အရမ်းဖော်ရွေတယ်လို့ ထင်ရတယ်။ တက်ကြွ ဖျတ်လတ်နေတာပဲ။
    • အမြဲ အပြင်သွားနေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် တစ်ယောက်နေဖို့ တအားပျင်းတဲ့အခါမျိုးမှာ အပြင်သွားလေ့ရှိတယ်။
    • ပြောနေတဲ့သူရဲ့ ပုံစံအတိုင်း ပြောင်းလဲ ပြောဆိုနိုင်တယ်။ ပြောနေတဲ့အကြောင်းအရာထဲကို စီးမျောလွယ်တယ်။
    • စကားနည်းတာမျိုးက အဆင်မပြေ ဖြစ်စေတာမျိုး မရှိဘူး။တစ်ခါတလေတော့ စကားကို ရေပက်မဝင် ပြောနေတာမျိုး သဘောကျတယ်။
    • တစ်ခါတလေ စကား တအားနည်းတယ်။ တစ်ခါတလေပြောချင်ရင်လည်း စကားစမပြတ်တမ်း ပြောတတ်တယ်။
    • လူတွေကို ယုံလွယ်တယ်။ တစ်ခါတလေမှာလည်း သံသယကြီးတယ်။ အမြဲ သံသယတကြီးနဲ့ စောင့်ကြည့်နေတာမျိုး မဟုတ်ဘူး။
    • အချိန်တော်တော်များများကို တစ်ယောက်တည်း နေလေ့ရှိတယ်။ ဒါပေမယ့် ပျင်းလာရင်တော့ ကိုယ်ရင်ဖွင့်လို့ရမယ့် ကိုယ့်ကို ပျော်ရွှင်စေသူတွေနဲ့ အချိန်ဖြုန်းတတ်တယ်။
    • သူငယ်ချင်း များများစားစား မရှိဘူး။ ခင်ရတဲ့သူ ၁၀ ယောက်ထက် မပိုပေမယ့် တကယ်ကို ရင်ဘတ်ချင်း နီးသူတွေပါ။

    ဒီ အချက်တွေထဲက ၅ ချက်လောက် တူနေတယ်ဆိုရင် သင်က Ambivert  တစ်ယောက်ပါ။

    Ambivert တစ်ယောက်ရဲ့ အားသာချက်

    လူတော်တော်များများ လက်ခံထားတာက အကောင်းဆုံးသော အရောင်း ကိုယ်စားလှယ်တွေ။ ခေါင်းဆောင်တွေ၊ အလုပ်ခွင်မှာ အောင်မြင်နေသူတွေက extroverts လို့ပေါ့။ တကယ်ကတော့ ဒီ အယူအဆ အပြည့်အဝမှန်တယ်၊ လို့ မဆိုသာပါဘူး။ လေ့လာမှုတွေအရ သိရတာက extroversion ကို ဗျူဟာ ကျကျခင်းကျင်းတတ်တဲ့ ambiverts တွေက အောင်မြင်နိုင်ခြေ ပိုများပါတယ်။

    အကြောင်းကတော့ သူတို့က အလယ်အလတ် လမ်းစဉ်ကို လိုက်တတ်ကြပြီး အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲလွယ်တဲ့ သူတို့ရဲ့ ပင်ကိုယ် အရည်အသွေးကြောင့်ပါ။ စစ်တမ်းတွေအရ ambiverts က အရောင်းကိုယ်စားလှယ် အနေနဲ့ အောင်မြင်နိုင်ခြေက introverts တွေထက် ၂၄ ရာခိုင်နှုန်း၊ extroverts တွေထက် ၃၄ ရာခိုင်နှုန်း ပိုများနေပါတယ်။

    ဒီလိုပြောရတာက ambiverts တွေက extroverts ထက် မလျော့တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသလို တစ်ခုခုကို အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ စိတ်အားထက်သန်မှု ရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ introverts တွေရဲ့ အားသာချက်လို့ ပြောရမယ့် သေချာစွာ နားထောင်တတ်မှုကိုလည်း ပိုင်ဆိုင်ထားတယ်။

    extrovertsတွေရဲ့ အားနည်းချက်လို့ ဆိုရမယ့် ယုံကြည်မှုလွန်ကဲတဲ့ အပြုအမူတွေ ကင်းသလို introverts  တွေရဲ့ အားနည်းချက်လို့ ဆိုရမယ့် အလွန်အမင်း စိတ်လှုပ်ရှားမှုလည်း ကင်းကြသူတွေပေါ့။ အရာရာကို ခေါင်းအေးအေးနဲ့ စဉ်းစားပြီး တစ်ဖက်လူရဲ့ စကားတွေကို သေချာစွာ နားထောင်ပေးလို့ ကိစ္စတိုင်းကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တာက ambiverts တွေရဲ့ အားသာချက်ပါ။

    ကဲ…သင်ကရော ambiverts တစ်ယောက်လား…………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement