အချိန်ဆွဲတဲ့အကျင့် ကို ဘယ်လိုဖျောက်မလဲ မပြောခင် ဒီဆောင်းပါးလေးကို အချိန်မဆွဲဘဲ အခုတစ်ခါတည်း ဖတ်လိုက်ရအောင်နော်။ ၂-၃မိနစ်လောက်ပဲ ကြာမှာပါ။
လုပ်စရာရှိတာကို ထမလုပ်ဘဲ ဟိုနေ့မှ လုပ်မယ်၊ ဒီဟာဖြစ်မှ လုပ်မယ်ဆိုတဲ့ အကျင့်က လူတိုင်းမှာ ရှိပါတယ်။ ကိုယ်တကယ်မအားလို့ အချိန်ရွှေ့လိုက်တာ၊ ရံဖန်ရံခါမှာ ပျင်းလို့ အချိန်ဆွဲတာက ပြဿနာ မဟုတ်ပေမယ့် အကျင့်တစ်ခုလို ဖြစ်လာပြီဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။
ဘာလို့ အချိန်ဆွဲ ကြတာလဲ
အချိန်ဆွဲတာကို သိပ္ပံဆန်ဆန်၊ ပညာရပ်ဆန်ဆန် စကားနဲ့ ပြောရရင် ‘ နောက်ဆက်တွဲတွေ ဖြစ်လာမှာ သိရဲ့သားရဲ့ အချိန်ဆွဲတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းတာပါ’တဲ့။ ထားပါလေ။ လိုရင်းပြောရရင်တော့ မလုပ်ချင်လို့ မလုပ်တာပါ။
အချိန်ဆွဲတာက ပျင်းလို့ လို့ ပြောကြပေမယ့် တစ်ခါတလေမှာ ဒါက ကိုယ့်ရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
အချိန်ဆွဲတဲ့ လူတိုင်းတော့ မဟုတ်ပေမယ့် လူတချို့မှာ ဒီပြဿနာတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ခဏခဏ အချိန်ဆွဲတတ်တဲ့သူတွေမှာပေါ့။
အချိန်ဆွဲတာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဘယ်လိုများ ဆက်စပ်နေသလဲ
အပြုအမူပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြောရရင်
- တချို့က အရာရာကို ခြောက်ပစ်ကင်းသဲလဲစင် လိုချင်ကြပါတယ်။ Perfectionistတွေပေါ့။ ဒီတော့ သူတို့ လုပ်တဲ့အလုပ်က အကောင်းဆုံးမဖြစ်မှာ စိုးရိမ်ပြီး ဟိုရွှေ့ ဒီရွှေ့ အချိန်ရွှေ့တာပါ။
- တချို့ကျတော့ Dreamerတွေပါ။ စိတ်ပါမှ လုပ်မယ်။ စိတ်မပါရင် ဘာမှမလုပ်ဘူးဆိုတဲ့သူတွေပါ။
- Crisis-makerဆိုတဲ့သူတွေကတော့ deadlineနားကပ်မှ အလုပ်လုပ်ရတာကို သဘောကျသူတွေပါ။ သူတို့က အဲ့လို တွန်းအားတစ်ခုခုရှိမှ လုပ်နိုင်တယ်လို့ ထင်ကြလို့ပါ။
- နောက် အလုပ်အလွန်အကျွံလုပ်သူတွေလည်း ရှိပါတယ်။ ဒီတော့ အလုပ်တွေများပြီး အချိန်မရှိတော့ အချိန်ဆွဲရတာမျိုးပါ။
စိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ဆိုရင်တော့
- စိုးရိမ်ပူပန်မှုများတာ – စိုးရိမ်စိတ်များနေရင် ဘာကိုမှ အာရုံမစိုက်နိုင်တော့ နောက်မှလုပ်မယ်ဆိုပြီး အချိန်ဆွဲမိသား ဖြစ်သွားပါတယ်။
- စိတ်ကျဝေဒနာ – ဒါလည်း အတူတူပါပဲ။ စိတ်ဓာတ်ကျနေမှတော့ ဘယ်အလုပ်ကိုမှ လုပ်ချင်ကိုင်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး။
- ADHD – အာရုံစူးစိုက်မှု နည်းပြီး အတက်ကြွလွန်တဲ့ ဒီရောဂါမှာတော့ သူစိတ်မဝင်စားတဲ့အလုပ်၊ အာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေကိုဆို အချိန်ဆွဲနေမိမှာပါ။
- OCD – ဒါကတော့ အပေါ်ကပြောတဲ့ perfectionistနဲ့ ဆက်စပ်နေပါတယ်။ ဘယ်အရာမဆို အကောင်းဆုံး၊ အမှားမပါအောင် လုပ်ချင်တဲ့ စွဲလမ်းစိတ်ကြောင့် ဟိုလိုလုပ်မလို ဒီလိုလုပ်မလိုနဲ့ အချိန်ဆွဲမိသွားတာပါ။
တစ်ခါတလေကျတော့လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဟာကိုယ် အကြောင်းရင်းမျိုးစုံပြပြီး မလုပ်တာလည်း ရှိပါတယ်။ ဥပမာ
- ဘာလုပ်ရမလဲ မသိဘူး။
- ဘယ်လိုလုပ်ရမလဲ မသိဘူး။
- စိတ်မပါဘူး။
- အနားနီးမှ ကပ်လုပ်မယ်။
- နေမကောင်းလို့။ (နားလိုက်ရလောက်အောင် နေမကောင်းတာမျိုး မဟုတ်တဲ့ အခြေအနေမှာတောင်)
- အချိန်မကျသေးလို့။
- မေ့သွားလို့ စသဖြင့် အကြောင်းမျိုးစုံပြတတ်ပါတယ်။
တစ်ခါတလေဆို ဒီအလုပ်ကို မလုပ်ဘဲ အချိန်ဆွဲချင်လို့ တခြားအလုပ်တွေနဲ့ မရှုပ်ရှုပ်အောင် လုပ်နေတာလည်း ရှိပါတယ်။ ဥပမာ စာကျက်ပါဆိုမှ အခန်းထရှင်းတာ၊ အဝတ်လျှော်ချင်တာ။ ပုံမှန်အချိန်မှာ မလုပ်တဲ့ အလုပ်တွေနဲ့ ရှုပ်ပြလိုက်တာမျိုးပေါ့။
နောက်ဆုံးကျတော့ အချိန်ဆွဲတာက ပျင်းလို့ မလုပ်တာလည်း ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။
အချိန်ဆွဲ တာက ကျန်းမာရေးပြဿနာလား
အချိန်ဆွဲတာက နေရာတိုင်းမှာ တွေ့ရနိုင်ပါတယ်။ အိမ်မှာ အမေအလုပ်ခိုင်းတာကစလို့ ရုံးမှာ၊ ကျောင်းမှာ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါမှ ဖြစ်တယ်၊ ဘယ်လောက်ပဲ အချိန်ဆွဲဆွဲ ကိုယ့်ရဲ့ နောက်ဆုံး deadlineကို မီတယ်ဆိုရင် ယေဘုယျအားဖြင့်တော့ ပြဿနာမရှိဘူးလို့ ပြောလို့ ရပါတယ်။
ဒါပေမဲ့ ဒါက ရေရှည်မှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိထားရပါမယ်။ ဥပမာ အလုပ်မှာ အလုပ်တွေ မပြီးတဲ့အခါ၊ ကျောင်းပညာရေးကို ထိခိုက်လာတဲ့အခါ ပြဿနာဖြစ်လာပါပြီ။
ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း ကိုယ်ဆေးသောက်ဖို့၊ ဆေးစစ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ခဏခဏ ဆွဲလာတဲ့အခါ ဒါက မကောင်းပါဘူး။ ဒါ့ပြင်
- အချိန်မမီမီအောင် ကြိုးစားရလို့ စိုးရိမ်စိတ်တွေ ပိုများလာမယ်။
- စိတ်ဖိစီးတာတွေ ပိုဖြစ်လာမယ်။
- စိတ်တိုစိတ်ဆတ်လာမယ်။
- အိပ်ရေးတွေ ပျက်လာမယ်။
- အစာစားချိန်တွေ မမှန်တော့ဘူး စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။
အချိန်ဆွဲတဲ့အကျင့် ကို ဘယ်လိုဖျောက်မလဲ
အကျင့်တစ်ခုအနေနဲ့ဆိုရင်တော့ ဒါက ပြင်လို့ ရပါတယ်။ နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ဖြည်းဖြည်းချင်း ပြောင်းယူလို့ ရပါတယ်။
တကယ်လို့ အပြုအမူပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အချိန်ဆွဲနေတာ၊ ဒါက နာတာရှည်ရောဂါတစ်ခုလို ဖြစ်နေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ ပြသဖို့ လိုပါတယ်။
အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲဆိုတော့
- အလုပ်တွေကို နည်းနည်းစီ ခွဲထားပါ။
တစ်ရက်တည်းနဲ့ အလုပ်တွေကို အများကြီး လုပ်ရမယ်ဆို ဘယ်သူမှ မလုပ်ချင်ပါဘူး။ ဒါဆိုလူတိုင်း အချိန်ဆွဲမိမှာပါပဲ။ ဒါကြောင့် အလုပ်တွေကို ခွဲချလိုက်ပါ။ တစ်ကြိမ်မှာ နည်းနည်းစီ လုပ်ပါ။
ဒီနေ့ သတ်မှတ်ထားတဲ့ အလုပ်တွေ ပြီးရင် ဘာလုပ်မယ်၊ ဘာပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဆုချပါ။ ဒါက အလုပ်လုပ်ဖို့ စိတ်တက်ကြွစေနိုင်ပါတယ်။
- အနှောင့်အယှက်တွေကို ဖယ်ထားပါ။
အနားမှာ ဖုန်းတွေ၊ TVတွေ ရှိနေရင် တော်တော်နဲ့ အလုပ်မလုပ်ဖြစ်ပါဘူး။ ဖေ့ဘွတ်လေး ခဏသုံးမယ်၊ ရုပ်ရှင်လေးတစ်ပိုင်းလောက် ကြည့်ပြီးမှ လုပ်မယ်နဲ့ အချိန်ဆွဲနေမိတတ်ပါတယ်။ မမြင်ရင် သိပ်မသုံးမိတာကြောင့် အလုပ်လုပ်မယ်ဆို ဖုန်းတွေ၊ TVတွေနဲ့ ဝေးဝေးနေပါ။
အလုပ်က စလုပ်ဖို့သာ အချိန်ပေးပြီး မနည်းကိုယ့်ကိုယ်ကို တိုက်တွန်းနေရတာ၊ တကယ်တမ်း စလုပ်ဖြစ်ပြီဆိုရင် အရှိန်ရသွားပါတယ်။ အဲ့ဒီ ’စလုပ်’ဖြစ်ဖို့ဆိုတာက အခက်ဆုံးပါ။ အဲ့တော့ ကိုယ့်ကိုယ်ကို ‘တစ်မိနစ်’လောက်ပဲ လုပ်မယ်ဆိုပြီး စသတ်မှတ်ပါ။ ပြီးရင် ခဏနားပြီး နောက်ထပ် ‘တစ်မိနစ်’ ထပ်လုပ်ပါ။ ဒီလိုနဲ့ အရှိန်တင်ပါ။
- လုပ်စရာရှိတဲ့ အလုပ်နဲ့ ရင်းနှီးအောင် နေပါ။
စာကျက်ဖို့ ရှိတယ်၊ ကျက်ရမှာ ပျင်းလို့ အချိန်ဆွဲနေတယ်ဆိုရင် အရင်ဆုံး စာကြည့်စားပွဲမှာ နေရာနည်းနည်း ရှင်းလိုက်ပါ။ ခဏနေရင် ကျက်မယ့် စာအုပ်လေးတွေ ထုတ်ထားလိုက်ပါ။ ပြီးရင် ကျက်မယ့် စာမျက်နှာကို လှန်ထားလိုက်ပါ။
အလုပ်လုပ်တဲ့ သူတွေဆိုရင်လည်း laptopလေးကို သွားဖွင့်လိုက်၊ ကိုယ်လုပ်ရမယ့် ဖိုင်ကို သွားဖွင့်လိုက်နဲ့ ဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်လို့ ရပါတယ်။
ဒါက နည်းနည်းတော့ ရယ်စရာကောင်းပေမယ့် တစ်ခါတလေတော့ အလုပ်ဖြစ်ပါတယ်။ ဘယ်နေ့မှာ ‘ငါ ဒီစာ အရကျက်ပြီး နင့်ကို လာဆိုပြမယ်’၊ “ဒီလ ကုန်ရင် ဘယ်နှပေါင်ကျနေရမယ်’ စသဖြင့် ကြွားပြောထားတာကလည်း ကိုယ့်ကို တွန်းအားဖြစ်စေပါတယ်။
ဒီတိုင်းဆို မလုပ်ဖြစ်လောက်ပေမယ့် သူများကို ကြွားထားတော့ မလုပ်ဖြစ်ရင် ရှက်စရာကြီးဆိုပြီး အလုပ်လုပ်ဖြစ်သွားပါတယ်။
လူတွေအားလုံးက မနက်မိုးလင်းရင် ‘နောက်၅မိနစ်မှထမယ်’ ဆိုတာကနေ ညဘက် ‘ဒီရုပ်ရှင်တစ်ပိုင်းပြီးရင် အိပ်မယ်’ ဆိုတာအထိ အချိန်ဆွဲတတ်ပါတယ်။ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ အချိန်ဆွဲပေမယ့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို မထိခိုက်ရင် ဘာမှမဖြစ်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ထိခိုက်လာရင်တော့ အချိန်ဆွဲတဲ့အကျင့် ကို ပြုပြင်ဖို့ လိုနေပါပြီ။
[embed-health-tool-bmi]