backup og meta

အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး


Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး

    အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးတဲ့သူတိုင်း မခံစားချင်ဆုံးနဲ့ အနာကျင်ရဆုံး ဝေဒနာကို ပြောပါဆိုရင် သူတို့အရမ်းချစ်ရတဲ့ တိရစ္ဆာန်လေးတွေ သေဆုံးတဲ့အချိန်တွေပါပဲ။ တချို့လူတွေဆိုရင် ကိုယ့်ဆွေမျိုးသားချင်း ဆုံးတာထက် ခွေး၊ ကြောင်လေးတွေ ဆုံးသွားတာ ပိုကြေကွဲဝမ်းနည်းရတယ်လို့တောင် ပြောလာကြပါတယ်။

    တကယ်တော့ ခွေးလေး၊ ကြောင်လေးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ မိသားစုဝင်ဖြစ်ရုံသာမက မိသားစုဝင် တစ်ဦးချင်းစီတိုင်းအတွက် အနီးကပ်မိတ်ဆွေ၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်၊ ပူလောင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို ဝေမျှပေးလို့ရတဲ့ သူတွေပါပဲ။ ကိုယ့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုက ကိုယ့်ဘဝထဲကနေ အပြီးအပိုင် ထွက်သွားပြီဆိုတဲ့ အသိဟာ မိသားစုဝင်တိုင်းကို ရင်ကွဲနာကျစေလောက်တဲ့အထိ သက်ရောက်မှု ပြင်းထန်နိုင်ပါတယ်။

    ဘယ်လိုအသက်အရွယ်တွေက အိမ်မွေးတိရစ္ဆာန် သေဆုံးခြင်းကို ပိုပြီး ခံစားရနေနိုင်လဲ။

    ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူကြီးပြင်းလာရတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်း အရွယ်တွေက ပိုပြီးတောင် စိတ်ထိခိုက် ခံစားရနိုင်ပါတယ်။ အသက်ကြီးသွားလို့ ပုံမှန်အချိန်မှာ ဝမ်းမနည်းတတ်တဲ့သူတွေတောင်မှ ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ သေဆုံးသွားရင် ဝမ်းနည်းတဲ့ခံစားချက်က ပြန်ဝင်လာတာပါပဲ။

    အဓိက ခွေး၊ ကြောင်တွေဟာ လူတွေကို နွေးထွေးမှု တစ်စုံတစ်ရာ ပေးစွမ်းနိုင်တယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို လုံးဝနီးပါး နားမလည်ရင်တောင် နှလုံးသားရှိတဲ့ သွေးနွေးသတ္တဝါ ဖြစ်တဲ့အလျောက် ကိုယ်တိုင်ဝင်ခံစားပေးသလို အားပေးဖို့ကိုလည်း ကြိုးစားတတ်ကြပါတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်နဲ့ ကလေးတွေရဲ့ အခင်ရဆုံး၊ အချစ်ရဆုံး မိတ်ဆွေတွေဟာ ခွေး၊ ကြောင်လေးတွေ ဖြစ်လာရတာပါပဲ။

    နောက်ဆက်တွဲ ကျန်ရစ်ခဲတဲ့ မိသားစုဝင်တွေမှာ ဘယ်လိုစိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်လဲ။

    ၁။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဘဝထဲ မရှိတော့ဘူး၊ သေဆုံးသွားပြီဆိုတဲ့ ကိစ္စက ကျန်ရစ်ခဲ့တဲ့သူတွေအတွက် ပြန်တွေးလိုက်တိုင်း အလွန်ဝမ်းနည်းစရာကောင်းတဲ့ စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့ပြီး နှစ်အတော်ကြာ ခံစားရနိုင်ပါတယ်။

    ၂။ နှလုံးကျန်းမာရေး မကောင်းသူ၊ အာရုံကြောအားနည်းသူတွေအတွက် ဒီဖြစ်ရပ်ဟာ အမောဖောက်ခြင်း၊ သတိလစ် မေ့မြောခြင်း၊ သွေးတိုးခြင်းတွေအပြင် အိပ်ရာထဲ လဲသွားတဲ့အထိပါ အခြေအနေ ဆိုးနိုင်ပါတယ်။

    ၃။ ကျန်းမာရေးပြဿနာကြောင့် ခွေး၊ ကြောင် မွေးထားသူတွေအတွက် သူတို့ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ ဆုံးပါးသွားတဲ့အခါ အရင်ကရှိနေတဲ့ ရောဂါအခံ ပြန်ထလာခြင်း၊ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း၊ စိတ်နဲ့ ခန္ဓာကျန်းမာရေး ဖောက်ပြားတာမျိုး ဖြစ်နိုင်ပါတယ်။

    တကယ်တော့ ခွေး၊ ကြောင်လေးများ သေဆုံးသွားတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ဆုံးပါးသွားသလိုပါပဲ။ သွားလေသူက သွားပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေအတွက် တသသ ပြန်တွေးပြီး ငိုကြွေးရ၊ ဝမ်းနည်းရ၊ ကျန်ခဲ့တဲ့ အမှတ်တရလေးတွေကိုပဲ လွမ်းဆွတ်တမ်းတရင်း နေခဲ့ရမှာပါ။

    ဘယ်လိုပဲဖြစ်နေပါစေ၊ ကျန်ရစ်ခဲ့တဲ့သူတွေအတွက် အသက်ရှင်နေတဲ့ နေ့ရက်တိုင်းကို အကောင်းဆုံး ရှင်သန်သွားဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ စိတ်ဒဏ်ရာဆိုတာ နာကျင်မှုမရှိတော့တဲ့တိုင်အောင် ရင်ထဲမှာ အမာရွတ်အဖြစ်နဲ့ ကျန်ခဲ့ပြီး အကြောင်းတိုက်ဆိုင်လာရင်လည်း ပြန်တွေးပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းရသအစုံကို ပြန်ခံစားရမှာပါပဲ။ ဒါပေမယ့် ဒါကိုတွေးကြောက်နေပြီး အိမ်မွေးတိရစ္ဆာန် မမွေးရဲတော့တာမျိုးတော့ မလုပ်ပါနဲ့။

    သူတို့လေးတွေဟာ လူသားတွေဘဝအတွက် တန်ဖိုးမဖြတ်ထားနိုင်တဲ့ အဖော်ကောင်းပါ။ သက်ရှိသတ္တဝါတိုင်းဟာ မွေးတစ်နေ့၊ သေတစ်နေ့ပါပဲ။ ဒီအတွက် ကြိုပြီးတွေးကြောက်နေတာထက်စာရင် အသက်ရှင်နေတဲ့အချိန်တိုင်းမှာ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့သူတွေကို အကောင်းဆုံးဆက်ဆံပြီး နွေးထွေးမှုမေတ္တာပေးခြင်းဖြင့် နေ့ရက်တိုင်းကို အကောင်းဆုံးသာ ဖြတ်ကျော်လိုက်ကြပါစို့နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement