backup og meta

လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်ထိ သိထားလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်ထိ သိထားလဲ

    လိင်စိတ်ခံယူမှု (sexual orientation) နဲ့ မိမိကိုယ်ကို လိင်သတ်မှတ်မှု (gender identity) ကို လူတော်တော်များများ အမှတ်မှားတတ်ကြပါတယ်။

    ပတ်ဝန်းကျင်၊ လူမျိုး၊ ဘာသာရေး၊ မိဘေဆွမျိုး အစရှိသူတို့ရဲ့ ပုံသေယူဆထားတတ်ကြတာက လိင်စိတ်ခံယူမှုဆိုတာ ယောက်ျားလေးမှန်ရင် မိန်းကလေးကိုသာ နှစ်သက်ရမယ်။ မိန်းကလေးဆိုတာ ယောက်ျားလေးကိုပဲ သဘောကျရမယ်။ ပုံမှန် မဟုတ်တဲ့ လိင်စိတ်ခံယူမှုဆိုတာ စိတ်ရောဂါ ခံစားနေရတာ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကျိန်စာသင့်တာ၊ အရင်ဘဝက လုပ်ခဲ့တဲ့ ကံအကြောင်းအရာကြောင့် အစရှိသဖြင့် ခေါင်းစဉ်တပ်ကြပါတယ်။

    အသက်အရွယ်မရွေး အမှတ်မှားတတ်ကြတဲ့ လိင်စိတ်ခံယူမှု (sexual orientation) နဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ ဝေမျှပေးချင်ပါတယ်။

    လိင်စိတ်ခံယူမှုဆိုတာ ဘာလဲ။

    ကိုယ်က တခြားလူတစ်ဦးတစ်ယောက်အပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မေတ္တာပိုင်းဆိုင်ရာ လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုပါပဲ။ ဘာသာရေး၊ ပတ်ဝန်းကျင်က သတ်မှတ်ထားသလို မဟုတ်ဘဲ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုဟာ ကျား၊ မ၊ သို့မဟုတ် ကျား၊ မ ၂မျိုးလုံးကို စိတ်ဝင်စားတာ ဖြစ်နိုင်ပါတယ်။

    ၁။ လိင်ကွဲကို စိတ်ဝင်စားတာကို heterosexual (straight) လို့ သတ်မှတ်ပါတယ်။

    ၂။ လိင်တူချင်း စိတ်ဝင်စားတာကို homosexual (ယောက်ျားချင်း စိတ်ဝင်စားရင် gay ၊ မိန်းမချင်း သဘောကျရင် lesbian) လို့ သတ်မှတ်ပါတယ်။

    ၃။ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးအပေါ် တူညီတဲ့ စိတ်ဝင်စားမှု ရှိခြင်းကို bisexual လို့ သတ်မှတ်ပါတယ်။

    လိင်စိတ်ခံယူမှုဆိုတာ စိတ်ရောဂါလား။

    လုံးဝမဟုတ်ပါဘူး။ ဘာသာရေး အယူအဆ၊ တင်းကြပ်လွန်းတဲ့ မိသားစု ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ သူတို့ရဲ့ လိင်စိတ်ခံယူမှုကို တခြားသူတွေ သိသွားတဲ့အခါ ကဲ့ရဲ့မှာ၊ အထင်သေးနှိမ့်ချမှာ ကြောက်ရွံ့ကြတဲ့အတွက် ကိုယ့်စိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားရင်းကနေ ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲထိတ်လန့်စွာနဲ့ နေသွားရတာမျိုးတွေ အများကြီးရှိပါတယ်။

    လိင်စိတ်ခံယူမှုကို ဘယ်အချိန်မှာ စပြီး ကြုံတွေ့လာရတာလဲ။

    တကယ်တော့ လူသားတိုင်းရဲ့ လိင်စိတ်ခံယူမှုဆိုတာ မွေးဖွားလာကတည်းက သူ့ရင်ထဲမှာ ကိန်းအောင်းနေပြီးသားပါ။ လူပျို၊ အပျို ဖြစ်လာတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာ၊ လိင်စိတ်တွေ စတင်ဖြစ်ပေါ်လာပြီး လိင်စိတ်ခံယူမှု (တစ်နည်းအားဖြင့် ကိုယ်က ယောက်ျားလေးကို သဘောကျတာလား၊ မိန်းကလေးကို သဘောကျတာလား) စတင်ခံစားသိရှိလာပါပြီ။

    များသောအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေ၊ မေးခွန်းတွေ၊ မိမိကိုယ်ကို သံသယတွေ အများကြီးဖြစ်လာပါတယ်။ လူတွေ သတ်မှတ်ထားတာက ဒီလို၊ ကိုယ်ကတော့ သူတို့နဲ့ ဆန့်ကျင်နေတဲ့ လိင်စိတ်ခံယူမှုတွေ ဖြစ်ပေါ်လာတယ်။ ဒီအခါမှာ မလုပ်သင့်တဲ့ အမှားတွေ ပိုပြီး လုပ်မိနိုင်ပါတယ်။ ဒီအခါမှာ မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးကို လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    တချို့လူတွေမှာ မိမိရဲ့ လိင်စိတ်ခံယူမှုကို လုံးဝနားမလည်၊ လက်မခံနိုင်ပဲ အချိန်တော်တော်ကြာသည်အထိ မွန်းကြပ်စွာနဲ့ မှားယွင်းတဲ့ ဘဝကို နေထိုင်သွားတာ တွေ့ရပါတယ်။

    လိင်စိတ်ခံယူမှုကို ပြောင်းလဲပစ်လို့ ရသလား။

    ဒီမေးခွန်းအတွက်ကိုတော့ ပြောင်းလဲပစ်လို့ မရဘူးလို့ပဲ ဖြေပေးချင်ပါတယ်။ ကိုယ်က ဘယ်သူ့ကို သဘောကျတယ်၊ မကျဘူးဆိုတာလည်း ရွေးချယ်လို့ ရတဲ့အရာမဟုတ်ပါဘူး။

    လူအများစုကတော့ မွေးကတည်းက လိင်စိတ်ခံယူမှု တစ်သမတ်တည်း ရှိနေပြီးသားပါ။ တချို့တွေကတော့ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း နားလည်ပြီး ကိုယ့်ဘဝကို လက်ခံထားကြတယ်။ တချို့တွေကလည်း ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ ရှက်ရွံ့မှုတွေနဲ့ ဘဝကို အဓိပ္ပာယ်မဲ့စွာ နေထိုင်သွားတတ်ကြတယ်။

    တချို့လူတွေမှာ လိင်ကွဲကို သဘောကျရာကနေ နောက်ပိုင်းမှာ လိင်တူကိုပဲ လုံးဝစွဲလမ်းပြီး လိင်စိတ်ခံယူမှု ပြောင်းလဲသွားတယ်လို့ ထင်ကြတယ်။ တကယ်ကတော့ ကိုယ့်ကိုယ်ကို နားမလည်တာ၊ ကိုယ့်ရဲ့ လိင်စိတ်ဟာ ဘယ်သူတွေအပေါ်မှာ တိမ်းညွတ်လဲဆိုတာ သေသေချာချာ မသိတာကြောင့် ဖြစ်နိုင်သလို လိင်တူ၊ လိင်ကွဲ ၂မျိုးလုံး ကြိုက်နှစ်သက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

    မိဘတွေအနေနဲ့ ဘာတွေ ကူညီပေးနိုင်လဲ။

    သားသမီးရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ မိဘ၊ ဆွေမျိုး ပတ်ဝန်းကျင်အပေါ်မှာ သက်ရောက်မှု အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်သဘော၊ ထင်မြင်ယူဆချက်နဲ့ သားသမီးတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်တာ၊ ပြင်ဆင်ဖို့ ကြိုးစားတာ မလုပ်ပဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ကိုယ့်သားသမီးရဲ့ အခြေအနေကို သေချာလေ့လာ အကဲခတ်ကြည့်ပါ။

    ကိုယ့်သားသမီးသည် လိင်တူကိုဖြစ်စေ၊ လိင်ကွဲကိုဖြစ်စေ သဘောကျတယ်လို့ ဆန်းစစ်ပြီးတဲ့အခါမှာ အပြစ်တင်ဆူပူနေမယ့်အစား လက်ခံဖေးမပေးပါ။ ကလေးတွေအတွက်တော့ ဒီလိုအချိန်မှာ စိတ်အလွန်ရှုပ်နေမှာ ဖြစ်တဲ့အတွက် သူတို့ယုံကြည်ရတဲ့ မိသားစုဝင်တွေက အနောက်မှာ မားမားမတ်မတ် ရပ်တည်ပေးတာကိုပဲ လိုချင်ကြမှာပါ။

    ကိုယ့်သားသမီးကို ကိုယ်လိုချင်တဲ့ ပုံစံခွက်အတွင်း ရောက်အောင် အတင်းအဓမ္မ ပုံသွင်းတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဘဝခရီးလမ်းကို ကိုယ်တိုင်လျှောက်နိုင်ဖို့ ကူညီပေးပါ။ အကြံပေးပါ။ နည်းလမ်းပြပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement