backup og meta

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ

    “အသက်ကို ဥာဏ်စောင့်” ဆိုတဲ့စကားအတိုင်း အခုလိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေရဖို့ ကိုယ့်ဥာဏ်စွမ်းရှိသမျှ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုပြီးပြောနေကြပေမယ့်လဲ ရောဂါဖြစ်မှ မခံမရပ်နိုင် နာကျင်လာမှပဲ ဆေးရုံဆေးခန်းပြေးကြတဲ့ သူတွေမနည်းမနောရှိနေဆဲပါ။

    သွားနဲ့ ခံတွင်းရောဂါတွေနဲ့ပတ်သက်လာရင်လည်း ထိုနည်းတူပါပဲ။ မဖြစ်ခင် ဂရုစိုက်ဖို့ သိနေပေမယ့်လည်း အလေးမထား ပေါ့ဆ မိကြတာကြောင့် သွားကိုက်ဝေဒနာခံစားရမှ ဒါမှမဟုတ် မစားနိုင်မသောက်နိုင် ခံတွင်းက နာကျင်လာတော့မှ သွားဆေးခန်းကို ရောက်လာတတ်ကြပါတယ်။ မရှူနိုင်မကယ်နိုင် အချိန်ကျမှ သွားနှုတ်ပြစ်လိုက်ရလို့ တန်ဖိုးရှိတဲ့သွားတွေ ဆုံးရှုံးကြရတယ်။ နောက်ဆုံးအဆင့်ကျတော့မှ ခံတွင်းကင်ဆာ ဆိုတာ သိလိုက်ရတယ် ဆိုတာမျိုးတွေ ကြုံတွေ့ရတာ မနည်းပါဘူး။

    သွားကျန်းမာရေးစောင့်ရှောက်ပေးဖို့ သွားဆရာဝန်နဲ့ ပြည်သူ တို့ရဲ့ မျှချေ အချိုးဟာ ၁:၇၅၀၀ ဖြစ်ရမယ်လို့ WHO အဖွဲ့အစည်းက သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ ၁:၁၆၀၀၀ အချိုးသာရှိပြီး ပြည်သူတွေအတွက် သွားဆရာဝန် အရေအတွက်က မလုံလောက်ပါဘူး။ ထို့အတွက် ယခုလက်ရှိမှာ (၂၀၁၇-၂၀၂၁) အမျိုးသားကျန်းမာရေးစီမံကိန်းဖြင့် ပိုမိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

    ကြီးကြီးမားမားဆုံးရှုံးမှု မဖြစ်ခင် မိမိကိုယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်

    သွားနဲ့ခံတွင်းကျန်းမာ​းရေး ဆိုင်ရာ ပြဿနာတွေ ရောဂါတွေ များစွာထဲကမှ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တတ်ကြ ကြုံတွေရတတ်ကြတဲ့ သွားနဲ့ခံတွင်းရောဂါ သုံးမျိုး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) သွားပိုးစားခြင်း (Dental caries)

    သွားပိုးစားခြင်း ဆိုတာကို တော်တော်များများက သိကြ ကြားဖူးကြပေမယ့် ဂရုမပြုမိပဲ လျစ်လျူတတ်ကြပါတယ်.

    ဘာကြောင့် သွားပိုးစားရတာလဲ…

    စားလိုက်တဲ့ အစားအသောက်ထဲက ပါဝင်တဲ့ သကြားဓာတ် နဲ့ သွားမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေတဲ့ သွားချေးလွှာ ထဲက ဘက်တီးရီးယားပိုးတွေ ပေါင်းစပ်ကာ ထွက်လာတဲ့ အက်ဆစ်တစ်မျိုးကြောင့် သွားမျက်နှာပြင်ကြွေလွှာများ ပျက်စီးရင်း သွားပိုးပေါက်တွေ ဖြစ်လာရတာပါ။

    သွားပိုးစားခြင်း အဆင့်ဆင့်…

    သွားတစ်ချောင်းမှာ

    – ကြွေသွားလွှာ (enamel)

    – ဆင်စွယ်နှစ်လွှာ (dentine)

    – မွှသွားလွှာ (dental pulp)

    ဆိုပြီး အလွှာ သုံးလွှာရှိပါတယ်

    ကြွေသွားလွှာမှာ စတင်သွားပိုးစားပါက သိသာတဲ့ နာတဲ့ ကျဥ်တဲ့ ခံစားချက်မျိုး ရဦးမှာ မဟုတ်ပါဘူး။ မိမိသွား ကို နေ့စဥ်ကြည့်ရှုစစ်ဆေးမှသာ သွားပေါ်မှာ အမဲရောင် အစက်လေးတွေကိုတွေ့ပြီး သွားပိုးစား​နေမှန်း သိရမှာပါ.

    အဲ့ဒီကြွေသွားလွှာကနေ တစ်ဆင့် ဆင်စွယ်နှစ်အလွှာအထိ ပိုးပေါက်က ကြီးလာရင်တော့ ကျဥ်တဲ့ ဝေဒနာ ကို စတင်ခံစားရမှာပါ။ အဲ့ဒီအဆင့်မှာ ပိုးစားမှန်းသိပြီး ကုသမှုခံယူလိုက်ရင်တော့ သွားပိုးပေါက်ကို ဖာလိုက်ရုံနဲ့ သွားကျဥ်နေတာတွေ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

    ကျဥ်နေတာကို ဂရုမစိုက်ပဲ ပစ်ထားရင်တော့နောက်ပိုင်းမှာ မွှသွားလွှာ အထိ ပိုးစားလာပြီး သွားအခေါင်းပေါက်ကြီးဖြစ်လာကာ သွားအမြစ်ထိပ်ပြည်တည်ပြီး မခံမရပ်နိုင်အောင် နာကျင် ကိုက်ခဲ လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာဆိုရင် သွားအမြစ်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်သလို နောက်ဆုံး နှုတ်ပစ်ရတဲ့ အခြေအနေထိလဲ ဖြစ်တတ်ပါတယ်။

    သွားပိုးစားခြင်းဟာ ကလေး လူကြီးမရွေးဖြစ်တတ်တာကြောင့် မိမိကိုယ်တိုင် သွားကျန်းမာရေးကို ဂရုစိုက်သင့်တဲ့အပြင် မိမိ မိသားစုမှာရှိတဲ့ ကလေးတွေရဲ့သွားကိုလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေမှာ ၆ နှစ်အရွယ်က စလို့ လူကြီးသွားတွေ စပေါက်ပါတယ်။ ၆ နှစ်ကနေ ၁၃ နှစ်အထိ ကလေးသွားနဲ့ လူကြီးသွားရောပေါက်နေမှာဖြစ်လို့ အစားပြန်မရမယ့် လူကြီးသွားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုးမစားရအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်.

    (၂) သွားဖုံးရောဂါ (periodontal diseases)

    သွားပိုးစားရောဂါ ပြီးရင် သွားဖုံးရောဂါ ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး သွားနဲ့ခံတွင်း ရောဂါပါ.

    အဖြစ်များတဲ့ သွားဖုံးရောဂါ တွေကတော့..

    -သွားဖုံးရောင်ခြင်း (gingivitis) နဲ့

    -ရေစီးကမ်းပြိုရောဂါ (periodontitis)

    တို့ဖြစ်ပါတယ်။

    သွားဖုံးရောင်ခြင်း ဆိုသည်မှာ သွားပုံမှန်မတိုက်ခြင်းကြောင့် သို့မဟုတ် သွားတိုက်နည်း မမှန်ကန်သောကြောင့် သွားနဲ့ သွားအရင်းသွားဖုံးကြားမှာ သွားချေး၊သွားကျောက်များ ဖြစ်လာပြီး အနီးနားက သွားဖုံးသားရောင်ရမ်းခြင်းဖြစ်ပါတယ်။ သွားဖုံးရောင်နေတဲ့အချိန်မှာ သွားအခြေ သွားဖုံးသားတွေဟာ အလွယ်တကူ သွေးထွက်လွယ်နေပြီး ခံတွင်းအနံ့လည်း ဆိုးဝါးနေတတ်ပါတယ်။

    ရေစီးကမ်းပြိုရောဂါ ဆိုသည်မှာ သွားကျောက်များ ခံတွင်းထဲ မှာ နှစ်နဲ့ချီရှိနေပြီး သွားအခြေကသွားဖုံးသား သွားဖုံးရိုးများနိမ့်လာကာ သွားများ တစ်ဖြည်းဖြည်း ယိုင်နဲ့လာခြင်းဖြစ်ပါတယ်။ သွားတွေ အရမ်းကို ယိုင်နဲ့လာတဲ့အထိ ကုသမှုခံယူခြင်းမရှိပဲ ထားထားပါက နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးလိုက်ရမှာပါ.

    သွားဖုံးရောဂါများ မဖြစ်စေဖို့ အတွက် သွားနဲ့ခံတွင်း သန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ၆ လတစ်ကြိမ် သွားဆေးခန်းမှာ သွားကျောက်များကို ဖယ်ရှား သန့်ရှင်းသင့်ပါတယ်။

    (၃) ခံတွင်းကင်ဆာ (oral cancer)

    ကင်ဆာ လို့ပြော လိုက်တာနဲ့ လူတိုင်းကြောက်ကြပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဆေးလိပ်သောက်ရင် ခံတွင်းကင်ဆာဖြစ်တတ်တယ် ကွမ်းစားရင် ခံတွင်းကင်ဆာ ဖြစ်တတ်တယ် လို့ ပြောလိုက်ရင် တော်တော်များများက မကြောက်ကြပါဘူး။ ဆေးလိပ်လဲ သောက်မြဲသောက်နေပြီး ကွမ်းစားတဲ့လူတွေလည်း ပြောမရလောက်အောင် အများကြီးပါပဲ။ ယခုဆိုရင် ကမ္ဘာပေါ်မှာ ခံတွင်းကင်ဆာ အဖြစ်အများဆုံး နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်နေပါတယ်။

    ခံတွင်းကင်ဆာ ဘာကြောင့် ဖြစ်ရလဲ

    -ဆေးလိပ်သောက်ခြင်း

    -ကွမ်းစားခြင်း

    အရက်အလွန်အကျွံသောက်ခြင်း

    -ခံတွင်း၌အနာများ မကုသပဲ ကြာရှည်စွာထားရှိခြင်း

    -ကျန်းမာရေးအတွက် မသင့်တော်သော အစားအသောက်များ ရေရှည်စားသုံးခြင်း

    ကိုယ်ခံအား အားနည်းခြင်း

    -ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမှတစ်ဆင့် human papilloma virus ကူးဆက်ခြင်း

    တို့ကြောင့် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    ဒီလို လက္ခဏာတွေ ပြလာရင် သွားဆရာဝန်ထံ အမြန်ဆုံးပြသပါ

    – ခံတွင်းထဲမှာ အချိန်ကြာသည်အထိ မပျောက်သောအနာများ ရှိနေခြင်း

    – ခံတွင်းထဲမှာ ပုံမှန်မဟုတ်သော အဖြူကွက် အနီကွက်များ ​​ပေါ်လာခြင်း

    – ပုံမှန်မဟုတ်သော အဖုအကြိတ်များ ဖြစ်လာခြင်း

    – သွားနဲ့ခြင်း

    – ဘာကြောင့်မှန်း မသိ ခံတွင်းက နာကျင်ပြီး စားတဲ့အချိန် ခက်ခဲလာခြင်း

    ဒီလိုအချက်တွေထဲက တစ်ချက်ချက် ဖြစ်လာရင်တော့ ပေါ့ဆမနေပဲ အမြန်ဆုံး သွားဆရာဝန်ဆီ သွားပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ရေးသားသူ – ဒေါက်တာ ခိုင်ဇာခြည်ကျော်

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement