backup og meta

ကိုယ့်အလှအပတရားကို အကောင်းမြင်စိတ်နဲ့ ကြည့်ပါ


Ye Myo Myat မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်အလှအပတရားကို အကောင်းမြင်စိတ်နဲ့ ကြည့်ပါ

    လူဆိုတာ သိပ်ခက်တယ်ဗျ။ ဘယ်နတ်ဘုရား၊ ဘယ်သဘာဝကမှ ဖန်ဆင်းသတ်မှတ်ထားခြင်း မရှိတဲ့ စံနှုန်းတွေကို လူတွေကိုယ်တိုင် ဖန်တီးယူပြီး သတ်မှတ်ကြတယ်။ ဒီသတ်မှတ်ချက်တွေက လူ့ပတ်ဝန်းကျင်ထဲ လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ Trend လို့ခေါ်တဲ့ ခေတ်ရေစီးကြောင်းတွေ ဖြစ်လာကြတယ်။

    လူတိုင်းဟာ မွေးလာကတည်းက ကိုယ်ပိုင်အလှတရားကိုယ်စီနဲ့ မွေးလာကြတာပါ။ တစ်နေရာတည်းမှာ ကွက်လှတဲ့သူရှိသလို၊ အစိတ်အပိုင်း အားလုံးခြုံကြည့်ပြီး လှတဲ့သူတွေလည်း ရှိတယ်။ အတွင်းစိတ်ထားလှတဲ့သူတွေလည်း ရှိသလို အပြင်ပိုင်း ရုပ်ဆင်းသဏ္ဍာန်လှတဲ့သူတွေ ရှိကြတယ်။ ဒါပေမယ့် ပြစ်မျိုးမှဲ့မထင် အချိန်တိုင်း၊ နေရာတိုင်း လှနေတဲ့သူဆိုတာတော့ မရှိပါဘူး။

    ကိုယ့်ရဲ့ အလှအပကို ကိုယ်တိုင်မြင်ပါ။

    ကိုယ့်ရဲ့ အတွင်း၊ အပြင်အစိတ်အပိုင်းအားလုံးမှာ ဘယ်နေရာကတော့ လှပလဲ၊ ကြည့်ကောင်းလဲ၊ ပြေပြစ်လဲ စတာတွေက သူများပြောစရာမလိုဘဲ ကိုယ့်ဘာသာ သိနားလည်အောင် အရင်ဆန်းစစ်ကြည့်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့အလှကို ကိုယ်တိုင်သိမှ ဒီအလှအပကို တန်ဖိုးထားတတ်မယ်၊ ပေါ်လွင်အောင် သရုပ်ပြတတ်မယ်၊ အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာမယ်၊ ယုံကြည်မှုတွေ တိုးလာမှာပါ။

    ပတ်ဝန်းကျင်ရဲ့ အမြင်ဟာ အရေးမကြီးပါဘူး။

    ပတ်ဝန်းကျင်ဆိုတာ ရှိမကောင်း၊ မရှိမကောင်းဆိုတဲ့အရာတွေထဲ တစ်ခုအပါအဝင်ပါ။ အလှအပနဲ့ ပတ်သက်လာရင် ကိုယ်က လှတယ်ထင်ထားတာတောင် တခြားသူတွေက အမြင်အမျိုးမျိုး၊ စိတ်အမျိုးမျိုးနဲ့ မလှဘူး၊ ကြည့်မကောင်းဘူး၊ ရုပ်ဆိုးတယ် စသဖြင့် ဝေဖန်ကဲ့ရဲ့တတ်ကြပါတယ်။ ဒီတော့ ပြန်တွေးကြည့်ရမှာက ကိုယ့်ဘဝဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ အသက်ရှင်နေရတာပါ။ တခြားသူတွေဟာ ကိုယ့်ဘဝထဲမှာ မြူမှုန်တစ်မှုန်စာလောက်တောင် အရေးမပါပါဘူး။ ဒီအတွက် ကိုယ့်ဘဝနဲ့ ပတ်သက်လာတဲ့ တခြားသူတွေရဲ့ ပြစ်တင်ဝေဖန်မှုအကုန်လုံးကို လိုက်ခံယူပြီး ရှက်ရွံ့နေစရာမလိုပါဘူး။

    ဖက်ရှင်ထက် စတိုင်လ်ကို အမြဲလိုက်ပါ။

    ဖက်ရှင်ဆိုတာ အလှအပ၊ အချိန်ကာလ သို့မဟုတ် ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး ပြောင်းလဲနေတတ်တဲ့ အရာပါ။ စတိုင်လ်ဆိုတာက ဘယ်လိုအချိန်ကာလမျိုးမှာမဆို တစ်သမတ်တည်း ရပ်တည်ပါတယ်။ စတိုင်လ်ရဲ့ အားသာချက်က လူ့တစ်ယောက်ရဲ့ လှခြင်း၊ မလှခြင်းကို အဓိက ခံယူမထားဘဲ သူ့ရဲ့ ရုပ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေမယ့်၊ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးမယ်၊ သူ့ရဲ့ ကိုယ်ပိုင်ခံယူချက်ကို ပြောင်းလဲသွားခြင်း မဖြစ်စေတဲ့အရာကို စတိုင်လ်လို့ ခေါ်တာပါ။

    ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ပြည့်နေပါစေ။

    စိတ်ခံစားချက်ဆိုတာ ရောဂါပိုးလိုပဲ တခြားသူတွေကို အလွယ်တကူ ပျံ့နှံ့သွားစေနိုင်တဲ့အရာတစ်ခုပါ။ လူတစ်ယောက်က ပျော်ရွှင်နေရင် သူ့အနီးအနားမှာ ရှိနေတဲ့ ခင်ရ၊ ချစ်ရတဲ့သူတွေပါ ဒီအပျော်တွေ ကူးစက်ပြီး အကုန်လုံး စိတ်ချမ်းသာရတယ်။ လူတစ်ယောက်က အမုန်းတရားတွေ ပြည့်နှက်ပြီး ပူလောင်နေတဲ့အခါ ကိုယ့်ဘေးနားမှာရှိတဲ့သူအားလုံး ကိုယ့်ကို ကြည့်ပြီး လိုက်ပါပူလောင်ကြတယ်။ စိတ်ညစ်ကြရတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် အမြဲတမ်း အကောင်းမြင်စိတ်ထားရှိသူတွေနဲ့သာ ပေါင်းသင်းဆက်ဆံပါ။ အဆိပ်ပင်လို ဖြစ်နေတဲ့သူတွေကို ဘဝထဲ ဆွဲမသွင်းပါနဲ့။

    မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပါ။

    တစ်ခါတလေ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေ စားလိုက်တာ၊ တစ်လတစ်ခါလောက် ကိုယ်နဲ့ ကြည့်ကောင်းမယ့် အဝတ်အစားတွေ ဝယ်ဝတ်တာ၊ ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် အရာတွေကို ရှာဖွေဖော်ထုတ်သင်ယူတာ အစရှိသဖြင့် ကိုယ့်အတွက် တန်ဖိုးရှိမယ့်အရာတွေ၊ ပျော်ရွှင်စေမယ့်အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ။

    တခြားသူတွေနဲ့ မိမိကိုယ်ကို မနှိုင်းယှဉ်ပါနဲ့။

    ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးနှိုင်းယှဉ်တယ်ဆိုတာ အရမ်းကို သိမ်ငယ်စရာကောင်းတဲ့ အပြုအမူပါ။ လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်အလှအပတရားတွေ ကိုယ်စီရှိကြပါတယ်။ ဒီတော့ ဘာလို့ တခြားသူတွေမှာရှိပြီး ကိုယ့်မှာမရှိတဲ့ အရာတွေကို လိုက်ပြီးနှိုင်းယှဉ်နေမှာလဲ။ အဲဒီအစား ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်၊ ရုပ်ရည်၊ စိတ်ထား၊ ကိုယ်ကျင့်တရား အလှအပတွေကို တန်ဖိုးထား လက်ခံတာက ပိုမကောင်းဘူးလားဆိုတာ သေချာတွေးကြည့်ရင် သိနိုင်မှာပါ။

    အခုလိုမျိုး ကပ်ရောဂါတွေနဲ့ ပူလောင်နေရတဲ့အချိန်မှာ အမြဲတမ်း အကောင်းမြင်စိတ်ကို လက်ကိုင်ထားပြီး ပိုကောင်းမွန်လာနိုင်တဲ့ အနာဂတ်တွေအတွက်ကို မျှော်လင့်ပါ။ ကိုယ်တိုင်လည်း ကြိုးစားပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို တခြားသူတွေဆီပါ ပျံ့နှံ့သွားပြီး လူ့ပတ်ဝန်းကျင်အားလုံး စိတ်ချမ်းသာနိုင်အောင် ကူညီပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement