backup og meta

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့

    သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဘာတွေ လုပ်ပေးရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ဆီးကျောက်တည် တာက လူဆယ်ယောက်မှာ တစ်ယောက်တော့ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့။ အဓိကက ဆီးကျောက်တည်ပြီဆို နာတာက သိပ်ပြင်းထန်လွန်းလို့ မြန်မြန်သက်သာချင်ကြပါတယ်။ ဆေးပညာပိုင်းက ကြည့်မယ်ဆိုရင်လည်း ဆီးကျောက်က သေချာ မကုဘူး ဆိုရင် ဆီးပိုးဝင်တာ၊ ကျောက်ကပ်မှာ ရေဝင်တာတွေ ဖြစ်လာတတ်လို့ သတိထားရမယ့် ဝေဒနာမျိုးပါပဲ။

    ဒါပေမယ့် ကံကောင်းတာက ဆီးကျောက်က သေးတယ်။ တစ်ဖက်တည်းမှာပဲ ဖြစ်တယ်။ လူနာက ထွေထွေထူးထူး ခံစားရတာလည်း မရှိဘူးဆိုရင်တော့ ခွဲဖို့ စိတ်ဖို့ မလိုတတ်ပါဘူး။ ဆီးကျောက်ကြေအောင် ဆေးတွေပေး၊ ရေများများသောက်၊ ပုံမှန်ရက်ချိန်း ခေါ်ပြီး စောင့်ကြည့်ရုံနဲ့တင် ကိစ္စက ပြီးပါတယ်။

    ဒီလိုလူနာတွေအတွက် တစ်ဖက်ကလည်း ဆေးကုရင်း တစ်ဖက်ကလည်း ဆီးကျောက်အမြန်သက်သာအောင် အိမ်မှာတင်လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပုံမှန်လုပ်နေကြ လုပ်ရိုး လုပ်စဉ်တွေ ဖြစ်လို့ တစ်ဖက်က ဆေးကုသတာကိုလည်း မထိခိုက်စေပါဘူး။ ဒါကြောင့် ဆီးကျောက်အမြန်ကြေဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြချင်ပါတယ်။

    သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့

    သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့ ဆိုရင်

    • ရေများများသောက်ပါ။

    ဆရာဝန်တွေကလည်း ဆီးကျောက်ဖြစ်ခါစဆို ရေများများသောက်ဖို့ ပြောပါတယ်။ ဆီးကျောက်ဖြစ်ဖို့ဆို အမှုန်အမွှားတွေက အနည်ထိုင်မှ ကျောက်ဖြစ်လာမှာပါ။ ရေများများသောက် ဆီးများများသွားရင် ကျောက်တည်ဖို့ အခွင့်အလမ်းနည်းသွားမှာပါ။ ရေများများသောက် ရှူးများများပေါက်တာက ဆီးကျောက်အတွက် အကောင်းဆုံးအဖြေပါပဲ။ ဖြစ်ပြီးသားဆီးကျောက်ကိုလည်း မြန်မြန်ကြေစေသလို၊ ရှိပြီးသား ဆီးကျောက်ကိုလည်း ကြီးမလာအောင် တားဆီးပေးပါတယ်။ ဆီးကျောက်ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။

    • Citric acidများများ သောက်ပေးပါ။

    Citric acidက ချဉ်တဲ့ အသီးအနှံတွေ တော်တော်များများမှာ ပါပါတယ်။ ဥပမာ သံပုရာသီးတို့၊ သံပုရိုသီးတို့ပေါ့။ Citric acidက အဖြစ်များတဲ့ calcium oxalateကျာက် မဖြစ်အောင် နည်းလမ်းနှစ်မျိုးနဲ့ တားဆီးပေးပါတယ်။ ပထမတစ်ခုက ဆီးထဲမှာပါတဲ့ calciumကို ပေါင်းလိုက်တာကြောင့် ကျောက်တည်နိုင်ခြေ နည်းသွားပါတယ်။

    နောက်တစ်ခုက ဒီလို ပေါင်းလိုက်တဲ့အတွက် ရှိပြီးသားကျောက်က ပိုပြီး မကြီးလာနိုင်တော့ပါဘူး။ ဒီလို နှစ်နည်းနဲ့ တားဆီးပေးတာပါ။ ဒါကြောင့် citric acidပါတဲ့ ဂရိတ်ဖရုတို့၊ လိမ္မော်သီးတို့၊ သံပုရာသီးတို့ စားပေးနိုင်ပါတယ်။ ဒါမှမဟုတ် အရည်ပိုသောက်ဖြစ်အောင် သကြားလျှော့ပြီး ဖျော်ရည်ဖျော်သောက်တာဖြစ်ဖြစ်၊ ရေထဲကို သံပုရာသီး ညှစ်သောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

    • Oxalateများတဲ့ အစားအစာတွေ ရှောင်ပါ။

    အဖြစ်အများဆုံး calcium oxalate ကျောက်မှာ oxalateပါတဲ့အတွက် ဒီဓာတ်များတဲ့ အစားအစာတွေကို လျှော့စားရမှာပါ။ ဒီဓာတ်က ခန္ဓာကိုယ်က အနည်းငယ် ထုတ်သလို အသီးအရွက်တော်တော်များများမှာလည်း ပါနေပါတယ်။ ဒါကြောင့် လျှော့စားဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲမှာပါ။ နောက်ပြီး ဒီနည်းလမ်းက ဆီးထဲမှာ oxalateများနေတဲ့ သူတွေအတွက်ပဲ အကျိုးရှိမှာပါ။ ဒါကြောင့် ဒီလို စားဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

  • ဗီတာမင် စီတွေ အများကြီး မသောက်ပါနဲ့။
  • ချဉ်တဲ့ အသီးတွေ ဖြစ်တဲ့ သံပုရာသီးတို့ လိမ္မော်သီးတို့က ရတဲ့ ဗီတာမင်စီထက် ဖြည့်စွက်စာအနေနဲ့ သောက်နေကြတဲ့ သူတွေ သတိထားရမှာပါ။ ပမာဏအများကြီး သောက်နေတဲ့သူဆို ပိုဆိုးပါတယ်။ သာမန်ချဉ်တဲ့အသီးတွေ စားနေတဲ့သူကတော့ ပြဿနာ မရှိပါဘူး။ ဗီတာမင် စီက ဆီးထဲမှာ oxalateကို များစေပါတယ်။ ဗီတာမင်စီ တချို့တစ်ဝက်ကလည်း oxalateအဖြစ် ပြောင်းနိုင်ပါသေးတယ်။ ဒါကြောင့် ဗီတာမင်စီ သောက်နေတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်သောက်သင့် မသောက်သင့် ဆွေးနွေးပါ။

  • ကယ်ဆီယမ်တွေ လျှော့မစားပါနဲ့။
  • ကျောက်တည်တာက ကယ်ဆီယမ်ကျောက်ဆိုတော့ တော်တော်များများက ကယ်ဆီယမ်လျှော့စားရမယ်လို့ ထင်ပါတယ်။ ဒါဟာ တကယ်တော့ မဟုတ်ပါဘူး။ ကယ်ဆီယမ်ကို လုံလုံလောက်လောက် စားမှသာ oxalateနဲ့ ပေါင်းပြီး သွေးထဲကို မစုပ်ယူနိုင်အောင် တားဆီးပေးတာပါ။ နို့၊ ချိစ်နဲ့ ဒိနိချဉ်တွေက ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကယ်ဆီယမ်ကို လျှော့စားမှသာ သွေးထဲက ကယ်ဆီယမ်နည်းသွားတာကို ကာမိဖို့ အရိုးထဲက ကယ်ဆီယမ်ကို ဖြိုသုံးရင်း အရိုးပွတာ အရိုးကျိုးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကယ်ဆီယမ်ကို ပုံမှန်အတိုင်းပဲ စားပေးပါ။

    • ဆားလျှော့ပါ။

    မကြာမကြာ ဆီးကျောက်တည်တတ်တဲ့သူဆိုရင် ဆားလျှော့စားတာ အကောင်းဆုံးပါ။ ဆားက ဆီးထဲမှာ ကယ်ဆီယမ်တွေ ပါဝင်မှု များစေပါတယ်။ ဆားလို့ ပြောလိုက်ရင် အိမ်သုံးစားတင်မကဘဲ အသင့်စား အစားအစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေကိုပါ လျှော့စားဖို့ လိုပါတယ်။

  • မဂ္ဂနီဆီယမ် လုံလောက်ပါစေ။
  • တော်တော်များများက မဂ္ဂနီဆီယမ်ကို လုံလောက်အောင် မစားနိုင်ကြပါဘူး။ လေ့လာချက်တွေအရ မဂ္ဂနီဆီယမ်က calcium oxalateကျောက် ဖြစ်နိုင်ခြေကို လျှော့နည်းစေတယ်လို့  ဆိုပါတယ်။ ထောပတ်သီး၊ ပဲနဲ့ တို့ဖူးတွေဟာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ။ Oxalate များတဲ့ အစားအစာတွေကို စားတိုင်းမှာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကိုတွဲစားပေးရင် ပိုပြီး အကျိုးထူးပါသတဲ့။

    • အသားလျှော့စားပါ။

    အသားက ဆီးထဲမှာ ကယ်ဆီယမ်ကို များစေတဲ့အပြင် ဆီးကျောက်မတည်အောင် ကာကွယ်ပေးတဲ့ citrateကို နည်းစေပါတယ်။ အသားတွေမှာ ပါတဲ့ ပရိုတိန်းကို ဖြိုခွဲလိုက်တဲ့အခါ ထွက်လာတာက purinesပါ။ ဒီဒြပ်ပေါင်းက ယူရစ်အက်စစ်ကို ဖြစ်စေပါတယ်။ ယူရစ်အက်စစ်တွေ သွေးထဲမှာ များလာတဲ့အခါ ဆီးထဲမှာပါ ယူရစ်ကျောက်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဆီးကျောက်တည်နေတဲ့ အချိန်အတွင်းမှာ အသားတွေ (အထူးသဖြင့် ကလီစာ)ကို လျှော့စားပါ။

    ဒါတွေကတော့ တစ်ဖက်ကလည်း ဆေးကုသမှု ခံယူရင်း အိမ်မှာလည်း လိုက်နာလို့ရတဲ့ နည်းလမ်းတွေပါ။ တစ်ဖက်ကလည်း ဆီးကျောက်ကြေဆေးတွေ သောက်နေပြီး တစ်ဖက်ကလည်း ဆီးကျောက် ထပ်မကြီးလာအောင် နေနိုင်မယ်ဆိုရင် မြန်မြန်ပျောက်ကင်းသွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement