backup og meta

ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

    အမျိုးသမီးတချို့ဟာ အရေးကြီးဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်တွေ မတိုင်မီ မိမိတို့ရဲ့ ဓမ္မတာကိစ္စရပ်တွေကို စောပြီး ကြုံချင်ကြပါတယ်။ ဓမ္မတာဆိုတာ ကိုယ်ကစောနိုင်သမျှ စောစေချင်အောင် တရက်နှစ်ရက်အတွင်း ရောက်လာအောင် လုပ်ယူနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့ပုံမှန်အချိန်အတိုင်းအတာ အနီးဝန်းကျင်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ ဓမ္မတာစောလာစေချင်ရင် လုပ်ဆောင်နိုင်တဲ့ ကိစ္စတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီပထမဆုံးလာခြင်းကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လာပြီးသူများကို ရက်စောပြီး လာစေဖို့သာ ရည်ရွယ်ပါတယ်။ ကဲ ….. ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကို မျှဝေပေးလိုက်ပါတယ်။

    အဓိကအားဖြင့် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေဖြစ်ပြီး စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။

    ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

    ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကတော့

    အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ဝန်တားဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတချို့ဟာ ဓမ္မတာစောလာစေဖို့ ဟော်မုန်းတားဆေးတွေ သောက်သုံးခြင်းကို စောစီးစွာ ရပ်ပစ်ကြပါတယ်။ အဆိုပါဆေးဝါးများ သောက်သုံးခြင်းအားဖြင့်လည်း ဓမ္မတာကာလကို ကျော်လွှားခြင်းတွေ ရှိတတ်ပါတယ်။ ကောင်းတာကတော့ ဆေးဝါးတွေနဲ့ ပတ်သက်ရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူ ပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။

    ဖြေးဆေးနူးညံ့စွာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားများကို ပျော့ပျောင်းစေပြီးဓမ္မတာကာလကို အတန်ငယ် စောစေနိုင်ပါတယ်။ ဒါပေမယ့် တိကျသေချာခြင်း မရှိသေးဘဲ သုတေသနတွေ ထပ်မံပြုလုပ်ဖို့ လိုပါသေးတယ်။ အမျိုးသမီးတချို့ကတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် ဓမ္မတာမမှန်ခြင်းမျိုးတွေ ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းကို အသင့်အတင့်ပြုလုပ်ပေးခြင်းကသာ ဟော်မုန်းတွေကို မျှတစေပြီး ဓမ္မတာမှန်စေမှာ ဖြစ်ပါတယ်။

    • ဖြေလျှော့ခြင်း

    သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုတွေအရ စိတ်ဖိစီးမှုများခြင်းဟာ ဓမ္မတာမမှန်ခြင်းနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ စိတ်ဖိစီးမှု ဖြေလျှော့ခြင်း၊ သက်တောင့်သက်သာဖြစ်အောင်နေခြင်း စတာတွေဟာ အထောက်အကူ ပြုပါလိမ့်မယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပါလိမ့်မယ်။

    ယုံဖို့တော့ ခက်ပါလိမ့်မယ်။ လိင်ဆက်ဆံခြင်းနဲ့ လိင်မှုကိစ္စပြီးမြောက်ခြင်းဟာ ဓမ္မတာစောလာစေဖို့ အထောက်အကူ ပြုပါတယ်။ လိင်ဆက်ဆံချိန်မှာ ထွက်လာတဲ့ ဟော်မုန်းများနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ချိန်မှာ ဖြစ်လာတဲ့ သားအိမ်ကျုံ့ခြင်းဟာ သားအိမ်ခေါင်းကို ပိုကျယ်လာစေပြီး သားအိမ်နံရံအမြှေးများကို ကွာကျစေပါတယ်။

    လူတဦးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ သူ့ရဲ့ ဓမ္မတာစက်ဝန်းနဲ့ ပတ်သက်နေပါတယ်။ ကိုယ်အလေးချိန်နည်းလွန်းရင် ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာထိန်ခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ အကြောင်းအရင်းကတော့ ဓမ္မတာစက်ဝန်းနဲ့ ဆက်စပ်မှုရှိတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ဖို့လိုအပ်တဲ့ အဆီဓာတ် မရှိလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် များလွန်းရင်၊ ကိုယ်အလေးချိန် အတက်အကျမြန်လွန်းရင်လည်း ဓမ္မတာမမှန်ဘဲ ရှိတတ်ပါတယ်။

    စားသောက်မှုပုံစံနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ စားသောက်မှုပုံစံကြောင့် ကိုယ်အလေးချိန် ပြောင်းလဲမှု ရှိနိုင်သလို အဆီဓာတ်၊ ပရိုတိန်းနဲ့ အခြားအာဟာရဓာတ်များကြောင့် ဓမ္မတာပမာဏနဲ့ ကြာချိန်ကို သက်ရောက်မှု ရှိပါတယ်။ ကယ်လိုရီလျှော့လွန်းခြင်းနဲ့ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း နှစ်မျိုးစလုံးဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းများနဲ့ မျိုးဥကြွေခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။

    အခြားနည်းလမ်းများ

    အမျိုးသမီးအများစုဟာ ဓမ္မတာကို စောလာအောင် သဘာဝနည်းလမ်းတွေ ဆေးဝါးတွေ သုံးစွဲတတ်ကြပါတယ်။ နည်းလမ်းတချို့ဟာ သိပ္ပံနည်းကျ အထောက်အထား ခိုင်မာမှု မရှိပေမယ့် လက်တွေ့အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါနည်းလမ်းတွေမှာ ဆိုးကျိုးအနည်းငယ်ရှိတာလည်း တွေ့ရပါတယ်။

    အောက်ပါသဘာဝနည်းလမ်းအချို့ကတော့ ဓမ္မတာစောလာစေတယ်လို့ လူအများက ယုံကြည်ကြပါတယ်။

    နာနတ်သီး

    နာနတ်သီးမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတမျိုးကြွယ်ဝပါတယ်။ အဆိုပါအင်ဇိုင်းဟာ အီစထရိုဂျင်နဲ့ တခြားဟော်မုန်းတွေအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး ဓမ္မတာမမှန်ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျအထောက်အထားတွေ လိုအပ်ပါသေးတယ်။

    ဗီတာမင်စီ

    ဗီတာမင်စီ များများစားခြင်းဟာ ဓမ္မတာစောလာစေတယ်လို့ ယုံကြည်ကြပါတယ်။ ဗီတာမင်စီဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အဆိုပါဟော်မုန်းများဟာလည်း ဓမ္မတာစက်ဝိုင်းအတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစိမ်းရောင်ရှိသော သစ်သီးသစ်ရွက်များ (ဟင်းနုနွယ်၊ ကိုက်လန် စသည်တို့)၊ အချဉ်ဓာတ်ရှိသော အသီးများ (လိမ္မော်သီး၊ ဂရိတ်ဖရု)၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီစသော ဟင်းသီးဟင်းရွက်များ စတာတွေပဲ ဖြစ်ပါတယ်။

    ဆေးဖက်ဝင်အပင်များ

    Emmenagogues ဟာ ဓမ္မတာလာစေတဲ့ ဆေးဘက်ဝင်အပင်မျိုးဖြစ်ပါတယ်။ ချာမိုမိုင်းပန်းပွင့်၊ တရုတ်နံနံ၊ သစ်ကြမ်းပိုး၊ ရို့စ်မေရီ၊ ကလျာဏီ၊ အော်ရီဂါနို စတဲ့ ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း အသုံးပြုကြပါသေးတယ်။

    …….

    နည်းလမ်းအများစုကတော့ ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဘက်ဝင်အပင်နဲ့ ဓာတ်စာတွေကို သုံးစွဲမယ်ဆိုရင်တော့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ထောက်ခံမှုကို ရထားတဲ့ တရားဝင် ဆေးဝါးပစ္စည်းတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဓာတ်စာဆေးဝါးတွေဟာ တရားမဝင် ရောက်ရှိလာကြတာမို့ ပါဝင်ပစ္စည်းများ၊ ဓာတ်ပြုမှုများနဲ့ ပတ်သက်ပြီး သတိပြုဖို့ လိုအပ်ပါတယ်။

    ဟော်မုန်းတားဆေးတွေဟာ အများစုအတွက်တော့ အဆင်ပြေပါတယ်။ ဘေးထွက်ဆိုးကျိုးဟာ ရှားပါးပေမယ့် အမျိုးသမီးအချို့မှာ သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    အကောင်းဆုံးကတော့ ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းနားလည်သူများကို တိုင်ပင်ဖို့ပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement