ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါနေစေဖို့ ဗီတာမင် နဲ့ သတ္တုဓာတ် တွေပြည့်ဝနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့မှု ဖြစ်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။
အိုင်အိုဒင်း ချို့တဲ့နေပြီလား
အိုင်အိုဒင်း ချို့တဲ့နေပြီလား …… ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့လာတဲ့အခါ
-
လည်ပင်းကြီးမယ်
အိုင်အိုဒင်းချို့တဲ့လာတဲ့အခါ လည်ပင်းအရှေ့ဘက်မှာ ဖောင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကအတွေ့ရအများဆုံးသော အိုင်အိုဒင်းချို့တဲ့မှု လက္ခဏာတစ်ခုပါ။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အဆမတန်ကြီးလာတဲ့ အခြေအနေတစ်ရပ်ပါ။ သိုင်းရွိုက်ဂလင်း ဆိုတာ လည်ပင်းအရှေ့ဘက်မှာရှိနေတဲ့သေးငယ်ပြီး လိပ်ပြာပုံစံရှိနေတဲ့ ဂလင်းလေးတွေပါ။
Thyroid-stimulating hormone (TSH) ရဲ့စေ့ဆော်မှုကိုရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေ ဟန်ချက်ညီနေစေဖို့အတွက်က အိုင်အိုဒင်းကို လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အိုင်အိုဒင်း နည်းတဲ့အခါ ဒီလုပ်ဆောင်မှုတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘဲ ဆဲလ်တွေကို ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုဖြစ်ပေါ်စေပြီး လည်ပင်းကြီးတာတွေ ဖြစ်လာစေနိုင်ပါတယ်။
-
ကိုယ်အလေးချိန် တက်လာမယ်
ကိုယ်အလေးချိန် တက်လာတာကလည်း အိုင်အိုဒင်းချို့တဲ့မှု လက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်း အလုံအလောက်မရတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တိုးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက သိုင်းရွိုက်ဟော်မုန်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးလည်ပတ်နိုင်အောင် ထောက်ပံ့ပေးတာကြောင့်ပါ။
စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးသလို အပူအဖြစ်လည်း ပြောင်းလဲပေးပါတယ်။ ကယ်လ်လိုရီတွေကိုလည်း လောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဂလင်းတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်မှာ ဒီဖြစ်စဉ်တွေ နှောင့်နှေးသွားပြီး ကိုယ်အလေးချိန်တက်လာရတာပါ။
-
ပင်ပန်းနွမ်းနယ်မယ်။ အားမရှိသလို ခံစားရမယ်
- ဆံပင်ကျွတ်မယ်
- အသားအရေတွေ ခြောက်သွေ့နေမယ်
- ပုံမှန်ထက်ပိုအေးနေသလို ခံစားရမယ်
-
သင်ယူမှု နဲ့ မှတ်မိနိုင်စွမ်းအားနည်းလာမယ်
-
ရာသီသွေးဆင်းများတာ၊ ရာသီသွေးမမှန်တာတွေဖြစ်မယ်
လေဒီလေးတွေမှာ ခံစားရတဲ့ ရာသီသွေးဆင်းများတာ၊ ရာသီသွေးမမှန်တာတွေကလည်း အိုင်အိုဒင်းချို့တဲ့တာရဲ့ လက္ခဏာတစ်ခုပါ။ သိုင်းရွိုက်ဟော်မုန်းက ကိုယ်တွင်းက ဟော်မုန်းလုပ်ငန်းတွေမှာ ပါဝင်နေတာကြောင့် သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့အခါ ရာသီသွေးမမှန်တာ ဖြစ်တတ်ပါတယ်။
ဘယ်သူတွေက အိုင်အိုဒင်းပိုချို့တဲ့နိုင်လဲ
လူတိုင်းက အိုင်အိုဒင်း ချို့တဲ့နိုင်တယ်ဆိုပေမယ့် ဒီလူတွေကတော့ အိုင်အိုဒင်းချို့တဲ့နိုင်ခြေ ပိုများနေပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တွေ
- မြေဆီလွှာမှာ အိုင်အိုဒင်းပါဝင်မှုနည်းတဲ့ နိုင်ငံတွေမှာနေထုင်ကြတဲ့သူတွေ ( အရှေ့တောင်အာရှနိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေ၊ နယူးဇီလန်နိုင်ငံ၊ ဥရောပနိုင်ငံတွေ)
- အိုင်အိုဒင်းဆား မစားသုံးတဲ့သူတွေ
- သက်သတ်လွတ်စားသုံးသူတွေက အိုင်အိုဒင်း ချို့တဲ့နိုင်ခြေ ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။
အိုင်အိုဒင်း ကြွယ်ဝစေဖို့ ဘာတွေ စားရမလဲ
အိုင်အိုဒင်း ကြွယ်ဝစေဖို့ ဘာတွေ စားရမလဲဆိုတော့
- ရေညှိ
- နို့ထွက်ပစ္စည်း
- အိုင်အိုဒင်းဆား
- ပုစွန်
- တူနာငါး
- ဥအမျိုးမျိုး စတာတွေကို စားပေးလို့ ရပါတယ်။
[embed-health-tool-bmi]