backup og meta

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

    ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Diet ဖြစ်အောင်စားကြမယ်လို့ လူအတော်များများက ပြောကြ လုပ်ကြတယ်။ ဒါပေမယ့် Diet ဆိုတာကို ကြည့်လိုက်ရင် အစာလျှော့စားတာနဲ့ အာဟာရမပြည့်ဝတဲ့ ဟိုစပ်စပ်ဒီစပ်စပ်အစားအစာလေးတွေချည်း ဖြစ်နေတတ်ပါတယ်။

    တကယ်တာ့ Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်သလို တိုစိတိုစိ နည်းနည်း နည်းနည်း စားခိုင်းတာလည်း မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်း (ဂျင်း) တွေအများကြီးပါပဲ။

    Diet စားပြီး ဝိတ်ချမယ်လို့ ကြွေးကြော်ပြီး ဘယ်လို ယုံတမ်းအမှားတွေနဲ့ ပိတ်မိနေလဲဆိုတာကို သိရအောင် ဖော်ပြပေးချင်ပါတယ်။ အောက်အချက်တွေကတော့ လူသိအများဆုံး ယုံတမ်းအမှားတွေပါပဲ။

    Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

    ၁။ ကယ်လိုရီဆိုတာနဲ့ မကောင်းဘူး

    ကယ်လိုရီဆိုတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာပါ။ အရေးပါတဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင် ကယ်လိုရီတွေ လောင်ကျွမ်းပစ်ဖို့လိုအပ်တာက တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။ အဓိက အကြောင်းတရားမဟုတ်ပါဘူး။ နောက်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းပစ်ဖို့လိုအပ်တာပါ။ ကယ်လိုရီပါတဲ့အရာတိုင်းကို ရှောင်ဖို့လိုနေတာမဟုတ်ပါဘူး။ ဒါကို ကွဲပြားစွာ နားလည်ထားဖို့ လိုအပ်ပါတယ်။

    ၂။ အဆီများရင် မစားနဲ့

    ကယ်လိုရီလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အဆီဓာတ်က လိုအပ်ပါတယ်။ လူအတော်များများက အဆီများတဲ့အစားအစာတွေကို မှီဝဲဖို့ ရှောင်ကြဉ်ကြပါတယ်။ တကယ်တမ်းက လိုအပ်တဲ့ပမာဏကို စနစ်တကျဖြည့်ဆည်းနိုင်ဖို့နဲ့ အဆီပိုတွေ မဖြစ်လာဖို့ မကောင်းတဲ့အဆီတွေကို မစားမိဖို့ကသာ အဓိကဖြစ်ပါတယ်။ ဥပမာပြောရရင် တချို့ငါးတွေဟာ အဆီများပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးပေါ့။

    ၃။ မနက်စာက အရေးအကြီးဆုံးမို့ များများစား

    မနက်စာက အရေးကြီးတာမှန်သလို နည်းမှန်လမ်းမှန်စားဖို့လည်း လိုအပ်ပါတယ်။ မနက်စာတွေဟာ များသောအားဖြင့် ဘောင်တစ်ခုတည်းကနေ မှီဝဲကြရတာများပါတယ်။ တကယ်တော့ မနက်စာကို နေ့ခင်းစာ၊ ညစာလိုသဘောထားပြီး အာဟာရမျှတပြီး အရသာရှိအောင် မှီဝဲစားသောက်ဖို့ အကြံပေးပါရစေ။ များများစားခြင်းမစားခြင်းထက် ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ်လဲဆိုတာက ပိုအရေးပါပါတယ်။

    ၄။ နည်းနည်းပဲစား၊ ခဏခဏစား

    အစားအသောက်ကို နည်းနည်းချင်းစီ ခဏခဏ ခွဲစားတာက ကိုယ်အလေးချိန်လျော့ကျစေပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်ထားတတ်ကြပါတယ်။ တကယ်လို့ သင်က ကျန်းမာသန်စွမ်းနေတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဒီနည်းလမ်းက ဘာမှမထူးခြားဘူးဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုစားသောက်ဖို့လိုအပ်သူတွေက ဆီးချိုရှိသူတွေ၊ နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူတွေ၊ အစာအိမ်ရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေပဲ ဖြစ်ပါတယ်တဲ့။

    ၅။ Non-nutritive sweeteners တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်

    ကယ်လိုရီလည်းနည်းချင်၊ ကာဘိုဟိုက်ဒရိတ်တ်လည်းနည်းချင်၊ သကြားလည်းကင်းချင်၊ အချိုကလည်းစားချင်သူတွေဟာ NNS လို့ခေါ်တဲ့ non-nutritive sweeteners တွေကို အစားထိုးသုံးကြပါတယ်။ လူလုပ်အချိုဓာတ်တစ်မျိုးဖြစ်တဲ့ NNS ဟာ ကျန်းမာရေးနဲ့မညီညွတ်တာအသိသာကြီးပါ။ ကိုယ့်ကိုယ်ကို လိမ်ညာနေတဲ့ ယုံတမ်းတစ်ခုလို့ပဲ ဆိုရမှာပါ။

    ၆။ အာလူးက ဝစေတယ်၊ မကျန်းမာဘူး

    အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေဆုံး အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အာလူးစားရင် ဝိတ်တက်မယ်ဆိုတဲ့ အယူအဆဟာ အတော်လေးကို လူတွေ ထင်မှတ်မှားနေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ တကယ်တော့ အာလူးဟာ ဗိုက်ပြည့်စေတဲ့ခံစားချက်ရစေသလို အာဟာရဓာတ်လည်းကြွယ်ဝတာမို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အလွန်အသုံးဝင်တဲ့ အစားအစာတစ်မျိုးပါ။

    ၇။ Low fat and diet foods တွေက ကျန်းမာစေတယ်

    အဆီဓာတ်နည်းပါတဲ့ အစားစာတွေ၊ diet foods တွေဟာ ကိုယ်အလေးချိန် လျှော့ချနေသူတွေရဲ့ ဓာတ်စာလို့ ဆိုကြပါတယ်။ ဒါပေမယ့် အစားအစာရဲ့ရှေ့မှာ “diet” ၊ “light” ၊ “low fat” ၊  “fat-free” ဆိုတဲ့စာတွေပါနေရုံနဲ့ သင့်ကျန်းမာရေးကို အထောက်အကူပြုမှာမဟုတ်ပါဘူး။ ဒီလိုအစားအစာတွေကိုဖန်တီးဖို့ သကြားနဲ့ ဆားတွေကို အများကြီး သုံးရတယ်ဆိုတာကို သင်သိဖို့ လိုအပ်ပါတယ်။

    ၈။ ပိန်ရင်ကျန်းမာတယ်

    ပိန်တိုင်းကျန်းမာမယ်လို့ သင်တကယ်ထင်နေတာလား။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျတာ၊ ကင်ဆာစတာတွေက ပိန်တဲ့လူတွေမှာလည်း ရှိတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဝတာမကောင်းဘူးဆိုပေမယ့် ပိန်နေလျက်နဲ့ ကိုယ်တွင်းမှာရောဂါတွေရှိနေမယ်ဆိုရင်လည်း မထူးမခြားနားပါပဲ။

    ၉။ ကယ်လ်ဆီယမ်က အရိုးကို သန်မာစေတယ်

    လေ့လာချက်အသစ်တွေအရဆိုရင် ကယ်လ်ဆီယံ (Calcium) က အရိုးကို အကျိုးပြုပေမယ့် ပိုလျှံလာရင် တခြားအစိတ်အပိုင်းတွေကိုတော့ ထိခိုက်စေတယ်လို့ ဆိုလာကြပါတယ်။  အရိုးကောင်းအောင်ဆိုပြီး ကိုယ်တွင်းမှာ ကယ်လ်ဆီယံဓာတ်မြင့်မားလာအောင် ဖြည့်စွက်အာဟာရတွေ အလွန်အကျွံသောက်နေမိမယ်ဆိုရင် နှလုံးထိခိုက်လာနိုင်ပါတယ်။ သာမန်လူတွေအနေနဲ့ အရိုးကျန်းမာရေးအတွက် ကယ်ဆီယမ်မချို့တဲ့ချင်ရင်တော့ ပဲတွေ၊ ဒိန်ချဉ်တွေကနေ ကယ်ဆီယမ်ဓာတ်ရယူနိုင်ပါတယ်၊၊

    ၁၀။ Smoothies နဲ့ သစ်သီးဖျော်ရည်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်

    သစ်သီးတွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝတယ်ဆိုတိုင်း သစ်သီးဖျော်ရည်တွေကတော့ ဒီလိုရလဒ်မျိုးပေးနိုင်လိမ့်မယ်လို့ မယူဆပါနဲ့။ ဆန့်ကျင်ဘက်ပါ။ သစ်သီးတွေကို ကြိတ်ဖြတ်လိုက်ချိန်မှာ အာဟာရဓာတ်တွေ ဆုံးရှုံးသွားသလို သကြားလိုအရာတွေဖြည့်စွက်လိုက်ချိန်မှာ ကျန်းမာရေးနဲ့ပါ မညီညွတ်တော့ပါဘူး။

    ၁၁။ Probiotic က လူတိုင်းကို အကျိုးပြုတယ်

    Probiotics က လူသိများပြီး ရေပန်းစားတဲ့ ဖြည့်စွက်စာတစ်မျိုးပါ။ တကယ်တမ်းအားဖြင့် Probiotics လူတိုင်းအပေါ်မှာ တူညီတဲ့သက်ရောက်မှု မပေးနိုင်ဘူးဆိုတာကိုတော့ လူသိနည်းပါတယ်။ Probiotics တွေဟာ တချို့လူတွေရဲ့ အူလမ်းကြောင်း ဘက်တီးရီးယားတွေကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ လူတိုင်းကို ကျန်းမာစေတာမဟုတ်ပါဘူး။

    ၁၂။ ဝိတ်ချရတာ လွယ်တယ်

    တကယ်တော့ ဝိတ်ချရတာ ကမ္ဘာ့အခက်ခဲဆုံးအလုပ်ပါ။ တကယ်သာလွယ်ကူမယ်ဆိုရင် ကမ္ဘာပေါ်မှာ အဝလွန်နေတဲ့သူတွေ အများကြီးရှိနေမှာ မဟုတ်ပါဘူး၊၊ ဒါပေမယ့် တချို့တွေကတော့ ဒီအချက်ကို နားမလည်တာမို့ စိတ်ပါရင် ဝိတ်ချဖို့လုပ်လိုက် စိတ်အားလျော့လာချိန်မှာ နားလိုက်နဲ့ ကိုယ်အလေးချိန်လည်းမကျ လူလည်းပင်ပန်းပြီး လုံးချာလည်နေကြပါတယ်။

    ၁၃။ ကိုလက်စထရောများတဲ့ အစားအသောက်တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူး

    Cholesterol-rich foods တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်တာမဟုတ်ပါဘူး။ ဥပမာပေးရရင် ကြက်ဥတို့၊ ဒိန်ချဉ်တို့က ကိုလက်စထရောကြွယ်ဝတဲ့အစားအစာတွေပါ။ ဒါပေမယ့် သင့်တင့်လျောက်ပတ်စွာ စားတတ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်မဟုတ်လား။

    ၁၄။ Eating disorders က မိန်းမတွေမှာပဲဖြစ်တယ်

    Eating disorders က စိတ်ကျန်းမာရေးပြဿနာတစ်မျိုးပါ။ အလွန်အကျွံစားမိနေတာ၊ ဒါမှမဟုတ် အစာစားရင် ဝမှာစိုးပြီး အလွန်အကျွံမစားဘဲနေတာမျိုးပေါ့။ ဒီဝေဒနာက လှချင်တဲ့ အမျိုးသမီးထုမှာ ပိုဖြစ်တတ်ပေမယ့် အမျိုးသားတွေမှာလည်းဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အမျိုးသမီး ၇၀%၊ အမျိုးသား ၃၀% ပါ။

    ဒီလောက်ဆိုရင် အစားအသောက်မှီဝဲစားသောက်တာနဲ့ ပတ်သက်ပြီး သိနားလည်ထားတဲ့ အမြင်မှား အသိမှားတချို့ကို အမြင်ရှင်းသွားမယ်လို့ ယူဆပါတယ်။ Diet ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝစွာစားခြင်းကို ဆိုလိုတာပါ။ ဒီအဓိပ္ပာယ်ကို နားလည်မှ တကယ် Diet ကို မှန်မှန်ကန်ကန် ရွေးချယ်မှီဝဲတတ်မှာမို့ ခုလို ပြောပြပေးလိုက်တာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement