အသားတွေ ယားနေတယ် ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ ဓာတ်မတည့်တာတစ်ခုခုနဲ့များ ထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့ အသားယားတာက ဓာတ်မတည့်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယားတတ်ပါတယ်။ ဘာတွေများဖြစ်မလဲ……
အသားတွေ ယားနေတယ် ဘာလို့များလဲ……
အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။
(၁) အသား ခြောက်နေလို့ – အသားခြောက်တာက သင့်ကို အသားယားတာတွေ ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။
ဘယ်လိုသက်သာအောင် လုပ်မလဲ….
ရေချိုးပြီးတိုင်း အသားကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။
(၂) ပိုးကောင် ကိုက်ခံရတာ – ခြင်ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယားတတ်ပါတယ်။ ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ ကြမ်းပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ ……..
ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ ဆေးတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ သနပ်ခါးရေကျဲလေးလိမ်းပေးလည်းရပါတယ်။
(၃) အရေပြားကင်ဆာ – တစ်ခါတလေမှာ အသားတွေယားတာက အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်တဲ့အခါ အသားအရေကပြောင်းလဲလာတာမျိုးရှိသလို အသားမှာ အစက်အပြောက်တွေထွက်လာတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအစက်အပြောက်တွေက ယားတာမျိုးရှိနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ…….
အသားအရေမှာ အစက်အပြောက်တွေလည်း ဖြစ်မယ်။ အသားကလည်း ယားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။
(၄) ကိုယ်ဝန်ရှိနေတာ – ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၂ ဦးလောက်က အသားယားတဲ့ ပြဿနာကို ခံစားကြရပါတယ်။ အရေပြားမှာ အဖုအပိမ့်ထွက်တာကစလို့ ဒီထက့်ပြင်းထန်တဲ့ အခြေအနေမျိုးတွေအထိဖြစ်နိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ….
ရေနွေးဝတ်လေးကပ်ပေးတာ၊ ရေခဲဝတ်လေးကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ သိပ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြပါ။
(၅) အရေပြား ဓာတ်မတည့်မှုဖြစ်တာ – ဓာတ်မတည့်တာတစ်ခုခုကို စားမိတာ၊ ထိမိတာတွေကြောင့်လည်း အသားတွေယားနိုင်ပါတယ်။ အချို့ဆိုရင် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထတာမျိုးရှိနိုင်ပါတယ်။ အဝတ်စတွေ၊ အလှကုန်တွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ…..
မကုတ်ပါနဲ့။ ရေအေးဝတ်ကပ်ပေးတာ၊ ရေနွေးဝတ်ကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ ပြင်းထန်လွန်းရင်တော့ ဆရာဝန်နဲ့ပြသပါ။
(၆) အရေပြားပြဿနာတွေ – အချို့သော အရေပြားပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေမှာလည်း အသားယားတာက တစ်ခုအပါအဝင်ပါ။
- ပွေး
- ဝဲ
- ညှင်း
- ရေကျောက်
- နှင်းခူ
- အင်ပျဉ်
- ရေယုန်
- သဲဝဲ
- ရေဝဲ စတာတွေကြောင့် အသားယားနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ……
အရေပြားပြဿနာက မြန်မြန်သက်သာအောင်လုပ်မှ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်တာကြောင့် ဆရာဝန်နဲ့ သေချာပြသတာက အကောင်းဆုံးဖြစ်မှာပါ။
(၇) ကိုယ်တွင်းရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေ – တစ်ခါတလေမှာ ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်းအသားယားတတ်ပါတယ်။
- သွေးရောဂါ
- ဆီးချို
- ကျောက်ကပ်ရောဂါ
- အသည်းရောဂါ
- HIV
- သိုင်းရွိုက်ပြဿနာ
- အသည်းရောင် အသားဝါရောဂါ
- သည်းခြေပြွန်ပိတ်တာ
- သံဓာတ်ချို့တဲ့တာတွေ ခံစားနေရတာကြောင့်လည်း အသားယားနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ……
အသားတွေယားနေတယ်။ ပြင်ပလက္ခဏာတစ်စုံတရာ မတွေ့ရဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကြည့်တာက အကောင်းဆုံးဖြစ်မှာပါ။
(၈) အသက် ၆၅ နှစ်အထက်ဖြစ်နေတာ – အသားခြောက်တာက သက်ကြီးရွယ်အိုတော်တော်များများမှာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရေပြားကပိုပါးလာပြီး ရေသောက်နည်းတာကြောင့် အသားခြောက်နိုင်လို့ပါ။
ဘယ်လိုသက်သာအောင်လုပ်မလဲ…….
အသားခြောက်တာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရေများများသောက်ပါ။ အသားခြောက်လွန်းတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။
(၉) သောက်သုံးနေရတဲ့ ဆေးဝါးတွေ – သွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ အပါအဝင်အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ ကင်ဆာကုထုံးရဲ့ နောက်ဆက်တွဲအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ……..
သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အသားယားတာဆိုရင်တော့ အကောင်းဆုံးက ဆေးညွှန်းပေးတဲ့ ဆရာဝန်နဲ့တိုင်ပင်တာပါ။
(၁၀) အာရုံကြော ပြဿနာ – အာရုံကြောက ကေင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာလည်း အသားတွေ ယားနိုင်ပါတယ်။ ရောဂါကြောင့် ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့်အာရုံကြောထိခိုက်ပျက်စီးတာတွေဖြစ်နေတဲ့အခါမျိုးမှာလည်း အသားယားတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံကြောကြောင့် အသားယားတဲ့အခါ အသားမှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ…..
အာရုံကြောတွေနာနေမယ်။ ခြေလက်တွေထုံမယ်၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နေမယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသဖို့ပါ။
[embed-health-tool-bmi]