backup og meta

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ သစ်တောတွေ ပြုန်းတီးလာမှုနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှုကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေ အလူးအလဲ ခံစားနေကြရပါတယ်။ အပူလှိုင်း ဖြတ်တာ၊ မိုးကြီး ရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတု ပြောင်းလဲမှုတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွားဆုံးက မိုးကြီးရေလျှံတာလို့ ဆိုရမလားပဲ။ အခုလတ်တလော မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ရေကြီးမှုတွေ ကြုံတွေ့နေရသလို အိမ်နီးချင်း လာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီး မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေကြီးမှုက အဆမတန် ကြီးတဲ့အခါ အသက်အန္တရာယ် ဆုံးရှုံးတာမျိုးတွေအထိ တွေ့ကြုံရနိုင်ပါတယ်။ ရေကြီးတာကပဲ အန္တရာယ် ရှိနေတာရောဂါတွေကို ဖြစ်စေနေတာ မဟုတ်ပါဘူး။ ရေကျသွားတဲ့အခါမှာလည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားတွေ ရင်ဆိုင်ရနိုင်သလို ရောဂါတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေး ကနေတဆင့် ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် အန္တရာယ်ကင်းစေဖို့ ဘာတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင်

  • အိမ်ရဲ့ခိုင်ခန့်မှု အခြေအနေကို အရင်စစ်ဆေးပါ

ရေကျသွားလို့ နေအိမ်တွေကို ပြန်ပြီဆိုရင် အရင်ဆုံးကတော့ နေအိမ်တစ်ခုလုံးမှာ ရှုပ်ပွနေသမျှကို ရှင်းလင်းဖို့ပါ။ ဒါမှပဲ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာကိုး။ ဒါပေမယ့် အိမ်ကို သန့်ရှင်းရေး မလုပ်ခင် အရင်ဆုံး လုပ်ရမယ့် အချက်တွေ ရှိပါသေးတယ်။ ဒါကတော့ နေအိမ်ရဲ့ ခိုင်ခန့်မှု အခြေအနေပါ။

နေအိမ်က ရေဝင်ထားတာ လေတိုက်ခံထားရတာတွေကြောင့် ခိုင်ခန့်မှု အားနည်းနေနိုင်ပါတယ်။ ကြမ်းပြင်မှာ အပေါက်တွေ ဖြစ်နေလား၊ ကြမ်းကျွံနေလား၊ မှန်ကွဲစတွေ ရှိနေလားဆိုတာကို စစ်ဆေးပါ။

  • လျှပ်စစ် စီးဝင်နေနိုင်တဲ့ အရာတွေကို သတိထားပါ

နေအိမ်တစ်အိမ်မှာ လျှပ်စစ်မီးကို အသုံးပြုရတဲ့ ပစ္စည်းတွေက တော်တော်လေးတော့ များပါတယ်။ ဒါကြောင့် အိမ်ရောက်တဲ့အခါ လျှပ်စစ်မီးနဲ့ အသုံးပြုရတဲ့ အရာတွေကို အမှုမဲ့အမှတ်မဲ့ ကိုင်တွယ်ထိတွေ့တာ၊ မီးခလုတ်တွေကို ဖွင့်ကြည့်တာ၊ ဓာတ်ကြိုးတွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ မတော်တဆ ဓာတ်လိုက်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ တတ်ကျွမ်းနားလည်သူတွေနဲ့ စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ပါ။

ရေကြီးတဲ့အခါရေနဲ့အတူမြွေတွေ၊ အခြားအဆိပ်ရှိတဲ့ အကောင်တွေကနေအိမ်ရဲ့နေရာတွေမှာ ခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေအိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါရော်ဘာလည်ရှည်ဖိနပ်စီးတာ၊ ရော်ဘာလက်အိတ်စွပ်တာလိုမျိုး အကာအကွယ်တွေကို ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။ အဆိပ်ရှိတဲ့အကောင်တွေကို သတိထားဖို့ မမေ့ပါနဲ့။ ဂတ်စ်မီးဖိုတွေကိုလည်း မဖွင့်ဖို့သတိရပါ။

  • ရေတွေကို ပြန်မသုံးပါနဲ့

ရေကြီးစဉ်က ရေဝင်ထားတာမျိုး ဖြစ်နေတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးပါနဲ့။ ကုန်စင်အောင် သွန်ပစ်ပြီး အသစ်လဲပေးပါ။ သောက်ရေနဲ့ ချက်ပြုတ်ဖို့ကတော့ ရေသန့်ကိုပဲ အသုံးပြုပါ။

ရေကြီးစဉ်က ပြောင်းရင်းရွှေ့ရင်းနဲ့ မတော်တဆ ထိခိုက်မိထားတာ ရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေကို မသန့်ရှင်းတဲ့ ရေတွေကနေတဆင့် ဘက်တီးရီးယားတွေ ဝင်ပြီး အနာရင်းတာတွေ မဖြစ်စေဖို့အတွက် အနာကို ပလာစတာ ကပ်တာ၊ ပတ်တီး စည်းတာမျိုးတွေ လုပ်ဆောင်ပေးပါ။

  • သန့်ရှင်းမှု မလုပ်ပြီးခင်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အဆင်ပြေမယ့် တစ်နေရာမှာ ထားပါ

သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေက ကိုယ်ခံအား နည်းသူတွေဖြစ်တာကြောင့် နေအိမ်သန့်ရှင်းလို့ မပြီးခင်မှာ မခေါ်ထားတာက အကောင်းဆုံးပါ။ ရေကြီးစဉ်က တင်ကျန်ခဲ့တဲ့ အမှိုက်နဲ့ နုန်းတွေထဲမှာ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ဘေးကင်းမယ့် တစ်နေရာမှာထားပြီး အိမ်ကို သန့်ရှင်းပြီးမှ ခေါ်ပါ။

သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ လက်ဆေးဖို့ မမေ့ပါနဲ့။ အစားအစာတွေကို မပြင်ဆင်ခင်၊ အစားအစာတွေကို မစားခင်မှာလည်း ခြေလက်တွေကို သန့်စင်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မပြတ်ဂရုစိုက်ပေးပါ။ ဒါမှ မလိုလားအပ်တဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

  • တစ်အိမ်လုံးကို ပိုးသတ်သန့်စင်ပါ

ရေကြီးတဲ့အခါ ရေထဲမှာ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ ရောဂါပိုးတွေ ပါနိုင်တာကြောင့် တစ်အိမ်လုံးကို သန့်စင်ပြီးသွားပြီဆိုရင် ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေကိုပါ မကျန် ပိုးသတ်သန့်စင်ဖို့ မမေ့ပါနဲ့။ အဝတ်အစားတွေကိုလည်း ဆပ်ပြာမှုန့်နဲ့ရေနွေး အသုံးပြုပြီး လျှော်ပေးပါ။

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် အခုပြောပြတဲ့ အချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ အကြံပြုပါရစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

After a floodhttps://www.getprepared.gc.ca/cnt/hzd/flds-ftr-en.aspx Accessed Date 2 August 2018

Quick Tips for Cleaning Up After a Floodhttps://extension2.missouri.edu/emw1023 Accessed Date 2 August 2018

Recovering after the flood – clean-up for householdershttp://healthywa.wa.gov.au/Articles/N_R/Recovering-after-the-flood-clean-up-information-for-householders Accessed Date 2 August 2018

The Hidden Health Hazards After Flooding https://articles.mercola.com/sites/articles/archive/2017/09/13/health-hazards-after-flooding.aspx Accessed Date 2 August 2018

ယခုပုံစံ

12/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement