backup og meta

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

    အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား …… အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ပြီး ပရိုတင်းနဲ့ အဆီဓါတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။

    အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

    အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား …. မသိသေးဘူးဆိုရင် အတူတူ လေ့လာလိုက်ရအောင်နော်။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။

    ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။

    ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ

    ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။

    ပိန်ချင်တဲ့သူတွေအတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓါကိုယ်က ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကိုအသုံးပြုနိုင်ဖို့ ကယ်လိုရီပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ အဆီများ၊ ပရိုတင်းများတဲ့ အစားအစာတွေက ဗိုက်ပိုပြည့်စေပြီး သိပ်မစားနိုင်တာဖြစ်လောက်တယ်လို့ ယူဆရပါတယ်။

    ကာဗိုနည်းတဲ့ ကီတိုစားသောက်နည်း

    ကီတိုနည်းက အဆီကိုလောင်ကျွမ်းစေတဲ့အပြင် ဗိုက်သိပ်မဆာအောင်လည်း ကူညီပေးနိုင်တယ်၊ ပရိုတင်းများများစားရတဲ့အတွက် ကြွက်သားတည်ဆောက်မှုကို အားပေးတယ်။

    ဆီးချိုမရှိတဲ့ ကျန်းမာသူတွေအတွက် တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်နည်းအောင်လျှော့စားပြီး ၃/၄ ရက်နေမှ ကီတိုနည်းကို စစားသင့်ပါတယ်။ပေါင်မုန့်၃ ချပ်၊ အသီးနည်းနည်းထည့်ထားတဲ့ အဆီလျှော့ဒိန်ချဉ်တစ်ခွက်၊ ဒါမှမဟုတ် ငှက်ပျောသီးနှစ်လုံးဖြစ်ပါတယ်။

    အခု diet plan ဆိုပြီးခေတ်စားနေတဲ့၊ planရောင်းနေတဲ့၊ အစားအသောက်မှာယူလို့ရနေတဲ့ စားသောက်ပုံတွေနဲ့တောင် အတော်နီးစပ်နေပါတယ်။ အသီးအရွက်နဲ့အသားကို များများစားစေပြီး နွားနို့သောက်စေတာမျိုး၊ ကြက်ဥချည်းပဲစားပြီး ဝိတ်ချတဲ့ planမျိုး ဆို ထမင်းနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့အရာတွေရယ်၊ အချိုရယ်ကိုဖြတ်စေတာပဲဖြစ်ပါတယ်။

    ဘာတွေစားလို့ရလဲ

    • ကြက်ဥ
    • ကြက်သား၊ ဝက်သား၊အမဲသား၊ ငါး
    • အဆီပြည့် နွားနို့၊ ဒိန်ချဉ်၊ထောပတ်
    • ချိစ်
    • အစေ့အဆန်တွေ
    • ကျန်းမာရေးနဲ့ညီတဲ့ အဆီ (သံလွင်ဆီ၊ထောပတ်သီးအဆီ၊ နှမ်းဆီ)
    • ထောပတ်သီး
    • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ခရမ်းချဉ်သီး၊ မှို၊ ငရုတ်ပွ

    ဘာတွေရှောင်ရမှာလဲ

    ကာဗိုဟိုက်ဒရိတ်များတာတွေကို ရှောင်ရပါမယ်။

    • ပေါင်မုန့်၊ ကွတ်ကီး၊ ခရက်ကာ၊ ဒိုးနတ်
    • အချိုများတဲ့အစားအစာတွေ (ရေခဲမုန့်၊ သကြားလုံး၊ အချိုရည်၊ အားဖြည့်အချိုရည်)
    • ခေါက်ဆွဲ
    • ထမင်း၊ အုတ်ဂျုံ၊ကွေကာအုပ်
    • ကစီဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ ( အာလူး၊ ကန်စွန်းဥ၊ပြောင်းဖူး၊ရွှေဖရုံသီး)
    • ပဲအမျိုးမျိုး
    • အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ နာနတ်သီး

    အဓိကကတော့ –

    • ကျန်းမာရေးနဲ့မညီတဲ့အဆီတွေကိုရှောင်ရပါမယ်။
    • ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ အသင့်စားတွေရှောင်ပါ။
    • အရောင်ဆိုးဆေး၊ တာရှည်ခံပစ္စည်း၊ဆေးသကြား စတာတွေပါတဲ့ အစားအစာတွေလည်းရှောင်ပါ။

    လိုက်နာဖို့ခက်တာက

    ဒီစားသောက်နည်းက အသားကြိုက်သူတွေအတွက် နတ်သုဒ္ဓါလိုဖြစ်နေပေမယ့် တကယ်တမ်းကျ ရှုပ်ထွေးပါတယ်။ ဘာလို့ဆို ketosis နဲ့ကွက်တိကျဖို့ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လောက်မှန်ကန်တဲ့ပမာဏရောက်အောင် စားရမလဲဆိုတာသေချာမတွက်ချက်နိုင်လို့ပါပဲ။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက်ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ်လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။

    စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကိုပြောင်းလဲအသုံးပြုရတာဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်။ အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကိုပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှပြန်စားရင်ပြန်စားသင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုး

    အများအားဖြင့် သိပ်တော့ပြင်းထန်တာမရှိပါဘူး။ ဝမ်းချုပ်နိုင်တယ်၊သွေးတွင်းသကြားနည်းနည်းကျမယ်၊ အစာမကြေဖြစ်မယ်။ ဒါပေမယ့် အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတချို့ကတော့ကျောက်ကပ်ကျောက်တည်နိုင်တယ် ဒါမှမဟုတ် ခန္ဓါကိုယ်ထဲမှာ အက်စစ်တွေများနေမယ် ဆိုတာတွေပါဝင်တယ်။

    ကိုယ့်မှာရောဂါအခံတစ်ခုခုရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်သင့်တယ်ဆိုတာတော့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement