backup og meta

သက်သတ်လွတ်စားရင်း မှားနေကြသည်များ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ လူတချို့ဟာ ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် အသားမပါဘဲ သက်သတ်လွတ် စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။

အရင်ဆုံး သက်သတ်လွတ် စားတဲ့ ပုံစံတွေကို ပြောပြချင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။

Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် တိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ သက်သတ်လွတ် စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အသီးအရွက်တွေကို အခြေခံထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့လည်း အားပေးပါတယ်။

သက်သတ်လွတ် စားပြီး ဝိတ်ချတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေ အနည်းပါးဆုံး ဝိတ်ချတဲ့ နည်းလမ်းဖြစ်တယ်လို့ လေ့လာချက်တချို့ကလည်း ဆိုထားပါတယ်။ သက်သတ်လွတ်စားသူတွေဟာ Lipoprotein Cholesterol Levels နည်းပါးမှုကြောင့် သွေးတိုးနိုင်ချေနဲ့ ဆီးချိုဖြစ်နိုင်ခြေကို ကာကွယ်ပြီးသားဖြစ်သလို ကင်ဆာနဲ့ နာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ခြေလည်း နည်းပါးပါတယ်။

သက်သတ်လွတ်စားရင်း မှားနေကြသည်များ

လူအတော်များများက သက်သတ်လွတ်စားရင် ဘာသာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီတယ် ပိုကျန်းမာတယ်လို့ မှတ်ယူတတ်ကြပါတယ်။ မှန်သင့်သလောက်မှန်ပေမယ့် လွဲချော်နေတာတွေလည်း ရှိနေပါသေးတယ်။ ကဲ …. သက်သက်လွတ်စားရင်း မှားနေကြသည်များ အကြောင်း လေ့လာလိုက်စို့နော်။

အဖြစ်အများဆုံး အမှားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • သက်သတ်လွတ်စားပေမယ့် ပရိုတင်းပြန်မဖြည့်ဆည်းတာ

သက်သတ်လွတ် စားတဲ့အခါ အသားမပါဝင်တာကြောင့် ပရိုတင်းဓာတ်ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့ အသီးအရွက်မျိုးတွေကို လိုအပ်သလောက် ပမာဏ ဖြည့်စွက်စားပေးဖို့ လိုအပ်ပါတယ်။ အသားတွေကို ရှောင်လိုက်ရုံနဲ့ ကျန်းမာသွားမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အာဟာရဓာတ်ကို ညီညွတ်မျှတစွာ ဖြည့်တင်းနိုင်မှ ကျန်းမာမှာဖြစ်ပါတယ်။

  • ပြုပြင်အစားအစာတွေ စားလွန်းတာ

သက်သတ်လွတ်တော့စားပါရဲ့။ အာလူးကြော်တွေချည်း စားနေမိတယ်၊ အသီးအရွက်ဘာဂါတွေချည်း စားနေမိတယ်ဆိုရင် သင်ကျန်းမာမှာမဟုတ်ပါဘူး။ သက်သတ်လွတ်လည်းစားရင်း ကိုယ့်ကျန်းမာရေးကို မထိခိုက်စေမယ့် အစာတွေလည်းဖြစ်ဖို့လိုအပ်ပါတယ်။

  • ဒိန်ခဲတွေ အလွန်အကျွံမှီဝဲတာ

Lacto-ovo သမားတွေ အများဆုံးကျူးလွန်တတ်တဲ့ အမှားမျိုးပါ။ သက်သတ်လွတ်တော့စားပါရဲ့ ဒိန်ခဲတွေ၊ ထောပတ်တွေကို အလွန်အကျွံစားသုံးနေမိတယ်ဆိုရင် အသားမပါတာမှန်ပေမယ့် သင်အဝလွန်လာပါလိမ့်မယ်။

  • ကာဘိုဟိုက်ဒရိတ်လွန်ကဲတာ

တချို့ကတော့ အသားကိုတော့ ရှောင်ပါရဲ့။ ကာဘိုဟိုက်ဒြိတ်များတဲ့ သက်သတ်လွတ်စာတွေကို လွန်လွန်ကဲကဲစားတတ်ကြပြန်ပါတယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ပါစတာ၊ ကိတ်မုန့်စတာတွေပေါ့။ ဒီလိုတွေစားနေမိရင်တော့ သင် ကျန်းမာဖို့ ခက်ပါလိမ့်မယ်။

  • ဟင်းသီးဟင်းရွက် လုံလုံလောက်လောက်မစားတာ

သက်သတ်လွတ်စားလို့ အသီးအရွက်တွေချည်းစားနေတယ်လို့ မထင်ပါနဲ့။ တချို့က သက်သတ်လွတ်သာစားတာ အသီးအနှံနဲ့ ဟင်းရွက်တွေကို လုံလောက်အောင် မစားပါဘူး။ အသင့်စားအစားအစာတွေကို အဓိကစားနေကြသူတွေရှိပါတယ်။ ဒီအချက်က မှားယွင်းတဲ့အပြုအမူတစ်ခုဖြစ်ပြီးတော့ သက်သတ်လွတ်စားမယ်ဆိုရင် အာဟာရဓာတ်တွေပြည့်ဝစေဖို့ ဟင်းသီဟင်းရွက်တွေကို အဓိကထား စားသောက်ပေးဖို့ လိုအပ်ပါတယ်။

သက်သတ်လွတ်စားတိုင်း ကျန်းမာမှာလား

အဲဒီလို တစ်ထစ်ချယုံကြည်ဖို့တော့ ခက်ခဲပါတယ်။ အသားတွေ၊ ငါးတွေဟာ လူတွေမှာလိုအပ်တဲ့ ပရိုတိန်း၊ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီအုပ်စုတွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်ခန္ဓာကို ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။

တကယ်လို့ ကိုယ်က အသားစားရမှာကို လုံးဝမနှစ်သက်ဘူး သက်သတ်လွတ်ပဲစားချင်တယ်ဆိုရင်တော့ ဒီလိုအပ်တဲ့ အာဟာရဓာတ်တွေကို အသီးအရွက်တွေကနေ ဖြည့်ဆည်းနိုင်ဖို့ စီမံဖို့လိုအပ်ပါလိမ့်မယ်။

အာဟာရဗေဒကျွမ်းကျင်သူတွေကတော့ အစားအသောက်ကို ဘယ်လိုပုံစံမျိုးနဲ့စားသည်ဖြစ်စေ အခြေခံအာဟာရဖြည့်စွက်မှုပိုင်းမှာ ချို့ယွင်းချက်မရှိအောင် စားသောက်မှုပုံစံကို ဂရုတစိုက်ရွေးချယ်စားသောက်ဖို့ အကြံပေးထားကြပါတယ်။

ဥပမာပြောရရင် အာလူးကြော်ဟာ သက်သတ်လွတ်စာဖြစ်ပေမယ့် ဝိတ်တက်နိုင်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ နောက်ပြီး ချိစ်အပြည့်နဲ့ အသီးအရွက်ဘာဂါကို အာလူးချောင်းကြော်နဲ့ နေ့တိုင်းတွဲဖက် စားသောက်နေတဲ့ သူတစ်ယောက်ဟာ ငါးဟင်းကိုသာ နေ့တိုင်းစားသောက်တဲ့သူထက် ကျန်းမာရေး ပိုကောင်းမွန်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် သစ်သီးဝလံ၊ သစ်ဥသစ်ဖုနဲ့ အသီးအရွက်ကထွက်ရှိတဲ့ အစားအစာတွေကိုချည်း စားသောက်တယ်ဆိုပေမယ့်လည်း စားသောက်တဲ့ အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိနေဖို့ လိုအပ်တယ်လို့ လမ်းညွှန်နေကြတာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://blogs.webmd.com/food-fitness/20201008/5-mistakes-when-going-meatless

ယခုပုံစံ

15/02/2024

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သက်သက်လွတ်သမားဖြစ်ရခြင်း၏ ကောင်းကျိုးများ။ တစ်ကိုယ်ရည်ကျန်းမာခြင်းနှင့် ကုသခြင်းကို အားပေးပါ

သင်က ဘယ်လို သက်သက်လွတ်သမားမျိုးလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement