အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား …. မသိသေးဘူးဆိုရင် အတူတူ လေ့လာလိုက်ရအောင်နော်။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။
ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။
ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ
ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။
ဘာတွေရှောင်ရမှာလဲ
ကာဗိုဟိုက်ဒရိတ်များတာတွေကို ရှောင်ရပါမယ်။
- ပေါင်မုန့်၊ ကွတ်ကီး၊ ခရက်ကာ၊ ဒိုးနတ်
- အချိုများတဲ့အစားအစာတွေ (ရေခဲမုန့်၊ သကြားလုံး၊ အချိုရည်၊ အားဖြည့်အချိုရည်)
- ခေါက်ဆွဲ
- ထမင်း၊ အုတ်ဂျုံ၊ကွေကာအုပ်
- ကစီဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ ( အာလူး၊ ကန်စွန်းဥ၊ပြောင်းဖူး၊ရွှေဖရုံသီး)
- ပဲအမျိုးမျိုး
- အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ နာနတ်သီး
အဓိကကတော့ –
- ကျန်းမာရေးနဲ့မညီတဲ့အဆီတွေကိုရှောင်ရပါမယ်။
- ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ အသင့်စားတွေရှောင်ပါ။
- အရောင်ဆိုးဆေး၊ တာရှည်ခံပစ္စည်း၊ဆေးသကြား စတာတွေပါတဲ့ အစားအစာတွေလည်းရှောင်ပါ။
လိုက်နာဖို့ခက်တာက
ဒီစားသောက်နည်းက အသားကြိုက်သူတွေအတွက် နတ်သုဒ္ဓါလိုဖြစ်နေပေမယ့် တကယ်တမ်းကျ ရှုပ်ထွေးပါတယ်။ ဘာလို့ဆို ketosis နဲ့ကွက်တိကျဖို့ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လောက်မှန်ကန်တဲ့ပမာဏရောက်အောင် စားရမလဲဆိုတာသေချာမတွက်ချက်နိုင်လို့ပါပဲ။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက်ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ်လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။
စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကိုပြောင်းလဲအသုံးပြုရတာဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်။ အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကိုပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှပြန်စားရင်ပြန်စားသင့်ပါတယ်။
