ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖြေရှင်းနည်းလေးတွေကို ဖတ်ကြည့်လိုက်တော့နော်။
တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက် စားရင် ဝိတ်တက်မယ် ဆိုတာလည်းသိတယ် ဗိုက်က ဆာနေတော့ မစားဘဲ နေရင်လည်း အိပ်လို့က မရ၊ ဒီနေ့ စားလိုက်ရင် နောက်ရက် ဒီအချိန် ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေ စားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက် ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။
ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။
ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီ နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။
( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။
ပရိုတင်းက ကစီဓာတ် ထက်စာရင် အဆီစုခြင်း ကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံ စေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓာတ် ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေ ကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။
( ၂ ) အိပ်ချိန်မှန်ပါစေ။
ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းတွေ အများအပြား ထွက်လာတာကြောင့် ဗိုက်ဆာနေတော့မှာပါ။ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ချိန် အပိုင်းအခြား ည ၁ဝ နာရီ ကနေ မနက် ၃ နာရီ အတွင်း ရှိတာကြောင့် ညဘက် အစောဆုံး ၁၀ နာရီလောက် အိပ်ပါ။
( ၃ ) ရေနွေးနွေးလေးသောက်ပါ။
တစ်ခါတစ်လေ ကျရင် ရေဆာတာနဲ့ ဗိုက်ဆာတာနဲ့ကို မှားတတ်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးလေးမှာ ကဖင်းဓာတ် အများကြီး မပါတဲ့ လက်ဖက်စိမ်းရည်တို့၊ ရေနွေးနဲ့ သံပရာသီးစိမ် ထားတာတို့ကို သောက်ပေးပါ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားမှာ ဖြစ်သလို ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
နောက်ပြီး ခုပြောပြမယ့် အချက်တွေကိုလည်း လိုက်လုပ်ကြည့်လို့ရပါတယ်။
- ညစာ စားပြီးပြီးချင်း သွားတိုက်ပါ။ ဒါမှ နောက်တစ်ခါ ထပ်သွားတိုက်ရမှာ ပျင်းပြီး မစားတော့မှာ ဖြစ်ပါတယ်။
- ကိုယ့်ရဲ့ ညစာထဲမှာ ပရိုတင်း၊ အသီးအရွက်တွေ နဲ့ ကောက်ပဲသီးနှံတွေ ပါဖို့ လိုပါတယ် ။ ဒါမှ အဆာခံမှာ ဖြစ်ပါတယ်။
- အငတ် မခံပါနဲ့။ နည်းနည်းလေး စားပေးလို့ ရပါတယ်။ အချိုကဲတဲ့ သရေစာတွေ အစား စပျစ်သီးတို့ အသီးအရွက်သုပ်တို့ စားပေးလို့ ရပါတယ်။
- ညရောက်တိုင်း စားချင်နေတဲ့ စိတ်ကို ဖြေဖျောက်ဖို့ အတွက် စာဖတ်ပါ။ သီချင်း နားထောင်ပါ။
- အကျင့် တစ်ခုကို ဖျောက်ဖို့ အတွက် အဲဒီ အကျင့်ကို မလုပ်ဘဲနဲ့ ၂၈ ရက်လောက် နေမှ ရတာမို့ စိတ်ရှည်ဖို့တော့ လိုပါတယ်။
[embed-health-tool-bmr]