backup og meta

နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........

    ပူပြင်းတဲ့ နွေရာသီ ကာလကို ရောက်လာပြီဆိုရင် ပူပြင်းတဲ့ နေရောင်က တမျိုး၊ ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးမှုက တသွယ်၊ ပြင်းထန်ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တစ်ဖုံ အမျိုးမျိုးအထွေထွေ ဒုက္ခတွေများလှတဲ့ ကာလပါ။

    ဒီလို ဥတုရာသီကာလမျိုးရောက်ပြီဆိုရင် ရင်ကို အေးစေမယ့်၊ ရေဓာတ်လည်း ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ၊ အသီးအနှံတွေစားဖို့ မှီဝဲဖို့ ခေါင်းထဲ တန်းစီ စိတ်ကူးမိကြမယ်ထင်ပါတယ်။

    ပူပူလောင်လောင် နေ့ခင်းနေ့လည် အချိန်မျိုးမှာ အရည်ရွှမ်းရွှမ်း၊ အရသာရှိရှိနဲ့ သစ်သီး ချိုချိုမွှေးမွှေးလေးတွေကို အားရပါးရ ကိုက်စားလိုက်ရရင် ဆိုပြီးတွေးကြည့်စမ်းပါ။ တကယ် အရသာရှိမှာနော်။

    နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ………..

    နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့  ဘာတွေစားရမလဲ။ ဒီလို နွေပူပူမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ရေဓာတ်လည်း ဖြည့်ဆည်းပေးနိုင်၊ အရသာလည်းရှိပြီး လွယ်လွယ်ကူကူလည်း လက်လှမ်းမှီမှီရှာဖွေ ဝယ်ယူလိုရတဲ့ သစ်သီးလေးတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ သင်္ဘောသီး

    နွေရာသီအတွက်ရော ဘယ်အချိန်အတွက်မဆို ကျန်းမာရေးအတွက် အကောင်းဆုံး အသီးအနှံတွေထဲမှာ သင်္ဘောသီးက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ သင်္ဘောသီးဟာ ဗီတာမင် A ၊ C ၊ Folate နဲ့ Phytochemicals တွေပါဝင်ပါတယ်။ အစာခြေလမ်းကြောင်းကို အထောက်အကူပြုသလို၊ ရေဓာတ်လည်းကြွယ်ဝစွာပါဝင်ပြီး နွေရာသီမှာ ပုံမှန်မှီဝဲပေးသင့်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။

    ၂။ ဖရဲသီး

    နွေရာသီနဲ့ ဖရဲသီးဆိုတာ ခွဲခြားလို့မရတဲ့ လိုက်ဖက်ညီမှုတစ်မျိုးပါ။ နွေရာသီရောက်ပြီဆိုတာနဲ့ ဖရဲသီးတွေ၊ ဖရဲသီးဖျော်ရည်တွေကို ပုံစံမျိုးစုံနဲ့ မှီဝဲကြတာက ပုံမှန်ပါပဲ။ နွေရာသီဆိုတာ ဖရဲသီးမပါပဲနဲ့ မပြည့်စုံနိုင်ဘူးလို့ တောင်တင်စားကြပါသေးတယ်။ ဖရဲသီးဟာ ဗီတာမင် A ၊ B6 နဲ့ C ကြွယ်ဝစွာပါဝင်ပြီး Potassium လည်းပါရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်နဲ့ မျက်စိကို အထောက်အကူပေးပြီး အရည်ရွှမ်းတာ၊ အရသာရှိတာနဲ့ အေးမြမှုတွေကတော့ ဖရဲသီးကနေတဆင့်ရနိုင်တဲ့ အပိုလက်ဆောင်တွေ ဖြစ်ပါတယ်။

    ၃။ သရက်သီး

    မြန်မာပြည်မှာ သရက်သီးဟာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ မျိုးစိတ်၊ အမျိုးအစား၊ အရသာလည်း အဖုံဖုံပါပဲ။ စားကြတဲ့ပုံစံကလည်း စုံပါတယ်။ အစိမ်းစားတယ်၊ အမှည့်ကို ဖျော်ရည်လုပ်သောက်တယ်၊ တို့စရာအဖြစ် တို့မြှုပ်စားကြတယ်၊ တချို့များ ငံပြာရည်လေး ငြုပ်သီးလေးနဲ့ သုပ်စားကြတာမျိုးလည်း ရှိပါတယ်။ သရက်သီးဟာ ကယ်လိုရီကြွယ်ဝစွာပါဝင်ပြီးတော့ ဖိုက်ဘာ၊ သက်စောင့်ဓာတ်တွေနဲ့ အာဟာရဓာတ် ၂၀ ကျော်လည်းပါရှိတဲ့ သစ်သီးဝလံတစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့ ထူးခြားချက်ကတော့ မိုဘိုင်းလ်ဖုန်းတွေအပါအဝင် Digital Screen တွေကနေထွက်ရှိတဲ့ Blue Rays ကြောင့် မျက်စိထိခိုက်မှုကို လျှော့ချပေးနိုင်တာပါပဲ။

    ၄။ လိမ္မော်သီး

    နွေရာသီ မှာ မဖြစ်မနေစားသင့်တဲ့ သစ်သီးနောက်ထပ် တစ်မျိုးကတော့ လိမ္မော်သီးပါပဲ။ ရေဓာတ် ၈၈% ပါဝင်တဲ့ လိမ္မော်သီးဟာ နွေရာသီမှာ ရေဓာတ်ဆုံးရှုံးမှုကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အသီးတစ်မျိုးပါ။ နောက်ပြီး လိမ္မော်သီးဟာ ကိုယ်တွင်းက ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေတဲ့ အကျိုးပြုပါသေးတယ်။ လိမ္မော်သီးကို ဒီအတိုင်းမစားပဲ ဖျော်သောက်မယ်ဆိုရင်လည်း သူ့မှာပါဝင်တဲ့ Antioxidants တွေနဲ့ ဖိုက်ဘာဓာတ်က လူကို ကောင်းကောင်း အကျိုး ပြုနိုင်ပါသေးတယ်။

    ၅။ ကျွဲကောသီး

    ကျွဲကောသီးဟာ လိမ္မော်သီးလိုပဲ Citrus Fruit တစ်မျိုးဖြစ်ပါတယ်။ ကျွဲကောသီးမှာလည်း ရေဓာတ်က ၈၈% အထိပါဝင်နေပါတယ်။ ကျွဲကောသီးဟာ လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုတော့ လူသိနည်းကြပါတယ်။ ဒီသစ်သီးဟာ နွေရာသီအတွက် သင့်လျော်တဲ့ သစ်သီးတစ်မျိုးဖြစ်သလို သူ့မှာပါဝင်တဲ့ ဗီတာမင် A ၊ C ၊ ဖိုက်ဘာ၊ Antioxidant၊ Folate နဲ့ Potassium ဓာတ်တွေကလည်း သွေးတိုးတာ၊ ဆီးချိုဝေဒနာခံစားရတာတွေကို တားဆီးပေးနိုင်ပါတယ်။

    ၆။ ဇီးသီး

    ဇီးသီးက အမျိုးအစား အမျိုးမျိုးရှိတတ်ပါတယ်။ တရုတ်ဇီးသီး၊ အညာဇီးသီး စသဖြင့်ပေါ့။ ဒါပေမယ့် ဘယ်ဇီးသီးပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုတာ၊ ဖိုက်ဘာဓာတ်ကြွယ်ဝတာနဲ့ ရေဓာတ်ပါဝင်မှုများတာကတော့ အတူတူပါပဲ။ ဇီးသီးဟာ သွေးမတိုးအောင် ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီးတော့ ရင်သားကင်ဆာနဲ့ Type-2 ဆီးချိုဝေဒနာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက်လည်း သင့်လျော်ပါတယ်။

    ၇။ စတော်ဘယ်ရီသီး

    စတော်ဘယ်ရီသီးကတော့ လူကြီးလူငယ်မရွေး နှစ်သက်ကြတဲ့ အသီးတစ်မျိုးပါ။ ချိချဉ်အရသာနဲ့ အနီရောင်အသီးလေးတွေဟာ တစ်ခါတစ်ရံမှာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတစ်ခုအနေနဲ့လည်း တင်စားခံရတတ်ပါသေးတယ်။ ဒီအသီးနီနီလေးတွေဟာ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းကျိုးပေးပါတယ်။ နွေရာသီလို ပူပြင်းတဲ့ကာလတွေမှာ အပူဓာတ်လျှော့ချဖို့ စားသုံးပေးသင့်သလို အသားအရေလှပဖို့၊ ကိုယ်ခံအားကောင်းဖို့၊ ရေဓာတ်မဆုံးရှုံးဖို့ စတော်ဘယ်ရီသီးလေး မှန်မှန်မှီဝဲတာက နည်းလမ်းကောင်းပါပဲ။

    ၈။ နာနတ်

    နာနတ်သီးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်က တကယ်တော့ နာနတ်သီးဆိုတာ သစ်သီးမဟုတ်ပါဘူး။ နာနတ်ပင်ရဲ့ ဗဟိုပင်စည်ပိုင်းသာဖြစ်ပါတယ်။ အီကွေတာရပ်ဝန်း အပူပိုင်းဒေသရဲ့ နာမည်ကျော် အစားအစာတစ်မျိုးပီပီ ရေဓာတ်ကြွယ်ဝပါတယ်။ နွေရာသီမှာ အရည်ရွှမ်းရွှမ်း အရသာချိုချိုနဲ့မို့ အာဆီယံဒေသတစ်ခွင်မှာ လူကြိုက်အလွန်များပါတယ်။ တိုင်းပြည်၊ နေရာ၊ ဒေသနဲ့ ယဉ်ကျေးအမျိုးမျိုး မတူကွဲပြားကြတာမို့ စားသောက်ပုံလည်း မတူညီကြပါဘူး။ နာနတ်သီးဟာ အရည်ရွှမ်းရုံတင်မကပါဘူး။ သွေးတိုးရောဂါကို ကာကွယ်ပေးသလို ကယ်လိုရီခြေဖျက်မှုနဲ့ အစာခြေဖျက်မှုတွေကိုလည်း အားပေးပါတယ်။

    ၉။ စပျစ်သီး

    စပျစ်သီးကတော့ လူသိများသိလို လူကြိုက်လည်းများတဲ့ သစ်သီးတစ်မျိုးပါ။ အရသာလည်း အမျိုးစုံလှသလို အရောင်အသွေးလည်း တူညီမှုမရှိကြပါဘူး။ ရေဓာတ်ပါဝင်မှုမြင့်မားသလို သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ခြေဖျက်ပေးနိုင်ပါတယ်။ Potassium ဓာတ်ကြွယ်ဝစွာပါဝင်တာမို့ Antioxidant လည်း အများအပြားပါဝင်ပါတယ်။

    နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေသလို ဦးနှောက်နဲ့ ဒူးတွေကိုလည်း အားကောင်းစေပါလိမ့်မယ်။ နွေရာသီအတွက်ဆိုရင်တော့ စပျစ်သီးဖျော်ရည်လေးတွေက ရင်ကို အေးစေမှာပါ။

    ၁၀။ သခွားသီး

    မြန်မာတွေက သခွားသီးကို များသောအားဖြင့် အတို့အမြှုပ်အနေနဲ့ စားကြတာများပါတယ်။ ခုနောက်ပိုင်းမှာတော့ Detox Water တွေမှာ သခွားသီးကို ထည့်သွင်းတာမျိုးတော့ ခေတ်စားလာနေပါတယ်။

    သခွားသီးဟာ ရေဓာတ်ပါဝင်မှု အလွန်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီးတော့ ၉၅% အထိပါဝင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ရေဓာတ်မဆုံးရှုံးဖို့ဆိုရင် သခွားသီးက အကောင်းဆုံးတွေထဲက အကောင်းဆုံး သစ်သီးတစ်မျိုးပါပဲ။ ဗီတာမင် K ၊ Potassium နဲ့ Magnesium တို့လည်းပါဝင်နေပါသေးတယ်။

    အပေါ်မှာ ဖော်ပြထားတဲ့ သစ်သီးဝလံတွေဟာ နွေရာသီမှာ စားသုံးပေးဖို့ အသင့်လျော်ဆုံး သစ်သီးတွေဖြစ်ကြသလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    ဒီသစ်သီးဝလံတွေအပြင် အုန်းရည်၊ ကြံရည်တို့လို သစ်သီးတွေကနေတဆင့် ရနိုင်တဲ့ အရည်တွေကလည်း နွေရာသီမှာ မှီဝဲဖို့သင့်လျော်တဲ့ အစားအစာတွေဆိုတာ မမေ့ကြပါနဲ့နော်။

    နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement