backup og meta

နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ

    နွေရာသီမှာ အေးမြခြင်းက အတော်လေးကို တန်ဖိုးရှိပါတယ်။ နွေရာသီမှာ ကိုယ်တွင်းက အပူချိန် မြင့်တက်မှုကြောင့်လည်း အရမ်းပူတယ်လို့ ခံစားရတာပါ။ ဒီလို အရမ်းပူတာကို သက်သာစေဖို့ဆိုရင် ကိုယ်တွင်းအပူချိန်ကို လျှော့ချနိုင်ဖို့က အတော်လေး အရေးကြီးပါတယ်။ ဒီလို လျှော့ချတယ်ဆိုတဲ့နေရာမှာ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာ၊ အရမ်းပူနေချိန်မှာ နားနားနေနေ နေတာတွေ ပါသလို အစားအသောက်ကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ ဒီတော့ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

    နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဒါတွေစားပါ

    နွေရာသီမှာ ပြင်ပက အပူချိန် မြင့်တက်မှုနဲ့ လေထုထဲမှာ စိုထိုင်းဆ များတာကြောင့် အပူချိန်ကို ပြင်းပြင်းထန်ထန် ခံစားရတာပါ။ ရောဂါအခြေအနေတွေနဲ့ သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ ပူတာကို ခံစားရနိုင်ပါတယ်။ ဒီတော့ အပူချိန် ပိုတဲ့ နွေရာသီမှာ ခန္ဓာကိုယ်လေး အေးမြစေဖို့ ဆိုရင် ဒါလေးတွေ စားပေးလို့ ရပါတယ်။

    • သောက်ရေ 

    ရေဓာတ် လုံလောက်မှုကို ကိုယ်ခံအား ကောင်းစေနိုင်သလို ခန္ဓာကိုယ်မှာလည်း အပူသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ ရေများများ သောက်ပါ။ တစ်နေ့ကို ရေ ၂ လီတာနဲ့ အထက် သောက်ဖြစ်အောင် ဂရုစိုက်ပါ။ ရေဆာမှ သောက်တာမျိုး မဟုတ်ဘဲ သတိတရ သောက်ပေးပါ။

  • အုန်းစိမ်းရည်
  • အုန်းစိမ်းရည်က နွေရာသီနဲ့ အတော်လေး လိုက်ဖက်တဲ့ သောက်စရာ တစ်မျိုးပါ။ နွေပူနေချိန်မှာ ချိုချိုအေးအေးလေးနဲ့ အပူသက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဖြည့်ပေးပြီး အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ အပူသက်သာချင်တယ်ဆိုရင် အုန်းစိမ်းရည် ချိုချိုအေးအေးလေး သောက်ပေးလို့ ရပါတယ်။

    • ဒိန်ချဉ်

    ဒိန်ချဉ်က ပရိုဘိုင်အိုတစ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် ပုံမှန် သောက်ပေးမယ်ဆိုရင် နွေပူနေချိန်မှာ အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

    • ရှားစောင်းလက်ပပ်

    အေး​မြတဲ့ သဘာဝရှိတဲ့ ရှားစောင်းလက်ပပ်ကလည်း နွေရာသီမှာ ခန္ဓာကိုယ် အေးမြစေဖို့ ကူညီပေးပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို သခွားသီး၊ ပူဒီနံ၊ သံပုရာသီးတို့နဲ့ ရောကြိတ်ပြီး သောက်ပေးလို့ ရပါတယ်။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရင်ကို အဆင်ပြေပါတယ်။

    • ပူဒီနံ

    အိန္ဒိယ အစားအစာတွေမှာ တွေ့ရတတ်တဲ့ ပူဒီနံက ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ တို့စားလို့ ရသလို သံပုရာသီးနဲ့ ရောကြိတ်ပြီး သောက်လို့လည်း ရပါတယ်။

    • ဖရဲသီး

    ဒါကတော့ ထွေထွေထူးထူး ပြောစရာ မလိုအောင်ကို သိထားပြီး ဖြစ်မှာပါ။ ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီးက နွေနေ့လယ်ခင်းတွေမှာ ခံတွင်း အတွေ့ဆုံး စားစရာ ဖြစ်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဖျော်သောက်လို့ ရသလို ဒီအတိုင်း စားလို့လည်း ရပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၂% အထိပါဝင်နေတဲ့ ဖရဲသီးလေးက နွေပူပူမှာ ကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ လုပ်ဆောင်ပေးမှာပါ။

    • သခွားသီး

    ဖရဲသီးလိုပဲ သခွားသီးကလည်း ရေဓာတ်ပါဝင်မှု များပါတယ်။ ဝမ်းမှန်စေနိုင်သလို နွေပူချိန်မှာလည်း ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ သခွားသီးကို တို့စားလို့ ရသလို သုပ်စားတာမျိုးလည်း ရပါတယ်။ ရေဓာတ် ၉၅% အထိ ပါဝင်နေတဲ့ သခွားသီးက ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝစေပြီး အပူချိန်ကို လျှော့ချပေးနိုင်မှာပါ။

    • သံပုရာရည်

    သံပုရာရည်က ဗီတာမင် C ကြွယ်ဝပြီး ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ပမာဏ တိုးစေဖို့ ထောက်ကူပေးပါတယ်။ နွေပူနေချိန်မှာ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ သံပုရာရည်ကို သကြား နည်းနည်း၊ ဆားနည်းနည်းနဲ့ ဖျော်သောက်ပေးလို့ ရပါတယ်။

    • ကြက်သွန်နီ

    ကြက်သွန်နီက ခန္ဓာကိုယ်ကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ အပူလျှပ်တာကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို အေးမြစေဖို့လည်း ထောက်ကူပေးပါတယ်။ ကြက်သွန်နီကို သုပ်စားလို့ ရသလို ဟင်းအနှစ်အဖြစ်လည်း ချက်စားကြပါတယ်။

    • တရုတ်နံနံ

    ရေဓာတ် ကြွယ်ဝတဲ့ တရုတ်နံနံက နွေရာသီမှာ ကိုယ်တွင်းအပူချိန်ကို လျော့ကျစေဖို့ ထောက်ကူပေးပါတယ်။ တရုတ်နံနံမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ ဇင့်တို့ ပါဝင်နေသလို ရေဓာတ်လည်း ကြွယ်ဝတာကြောင့် အပူချိန်ကို လျှော့ချပေးဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။

    သတင်းစကား

    # ခန္ဓာကိုယ် အပူချိန် လွန်ကဲတာက ကျန်းမာရေးကို ထိခိုက်စေနိုင်မလား!
    ခန္ဓာကိုယ် အပူချိန် လွန်ကဲတာက အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ အာရုံစူးစိုက်ဖို့ ခက်တာ၊ အပူလျှပ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အပူကြောင့် အိပ်ရေးပျက်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ အပူကြောင့် ကြွက်တက်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။
     
    # မြန်မြန်အေးချင်တယ်ဆိုရင်!
    ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်လေးလျှော့ချပေးနိုင်မယ့် နည်းလမ်းကတော့ ရေသောက်တာပါပဲ။ ဒါမှမဟုတ်လည်း ရေချိုးတာ၊ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ သက်သောင့်သက်သာ နားတာမျိုး လုပ်ပေးပါ။
     
    # အပူချိန်ကြောင့် ထိခိုက်နိုင်ခြေ အများဆုံးက ဘယ်သူတွေများလဲ!
    နွေပူနေချိန်မှာ အပူဒဏ်ကို လူတိုင်း ခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ် အထက် ဖြစ်မယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်။ ကိုယ်ဝန်ဆောင် ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင်တော့ နွေအပူရှိန်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement